သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုးက ၂၀၁၅ ရွေးကောက်ပွဲမှာ ပီအာရ် စနစ် ကျင့်သုံးဖို့ ဘာကြောင့် အသည်းအသန် လုပ်နေရသလဲ


လွှတ်တော် ဒုတိယနေ့ ဒု-သမ္မတလောင်း ၅ ယောက် ရွေးချယ်
လွှတ်တော် ဒုတိယနေ့ ဒု-သမ္မတလောင်း ၅ ယောက် ရွေးချယ်

အတော်လေးကို ပြင်းပြင်းထန်ထန် ရှိသလို ရှုပ်ရှုပ်ထွေးထွေး လည်း နိုင်လှတဲ့ ပြည်သူ့လွှတ်တော်ထဲက အချိုးကျ ကိုယ်စားပြုစနစ် ခေါ် ပီအာရ်စနစ် ဆွေးနွေးပွဲကြီး ပြီးဆုံးခဲ့ပါပြီ။ ရှုပ် လိုက်သမှ ဆုံးဖြတ်ချက် ချပြီးတာတောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီက သူတို့ ထောက်ခံတာဟာ ဦးအောင်ဇင်ရဲ့ အဆိုကို မဟုတ်ပဲ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းရဲ့ ရှင်းလင်းချက်ကိုပဲ ဖြစ်တယ် ဆိုပြီး ကြေညာချက်တစ်စောင်ထုတ် ရသည်အထိ ဖြစ်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကျရင် ဘယ်လို ရွေးကောက်ပွဲ စနစ်ကို ကျင့်သုံးရင် ကောင်းမလဲ ဆိုတာ လေ့လာဖို့ ကော်မရှင်ဖွဲ့မယ့်ကိစ္စ အင်န်အယ်လ်ဒီ က သဘောတူလိုက်တဲ့ သဘော ဖြစ်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ လွှတ်တော်ကာလ အမျိုးသား လွှတ်တော်ဘက်မှာရော ပြည်သူ့လွှတ်တော်ဘက်မှာပါ ပြည်ခိုင်ဖြိုးပါတီဟာ လာမယ့် ရွေးကောက်ပွဲတွေမှာ ပီအာရ် စနစ်ပြောင်းလဲ ကျင့်သုံးဖို့ ဆန္ဒရှိနေတယ် ဆိုတာကိုတော့ ဖုံးဖိမထားပါဘူး။ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့နဲ့ လွှတ်တော် သက်တန်း ၃ နှစ်ကျော် လေးနှစ်ထဲ ဝင်လာကာမှ ဘာကြောင့်ခုလို ပီအာရ် စနစ် ကျင့်သုံးဖို့ အသည်းအသန် ကြိုးပမ်းလာရသလဲ ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ပြည်ခိုင်ဖြိုးပါတီဘက်က ပီအာရ် စနစ် ကျင့်သုံးဖို့ ဘာကြောင့် ကြိုးစားလာရသလဲ ဆိုတာ သိနိုင်ဖို့ အရင် စစ်အာဏာရှင်တွေ စိတ်ကြိုက်ရေးဆွဲသွားခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာကို အရင် ရှင်းပြဖို့ လိုပါလိမ့်မယ်။ အဲဒီ ဖွဲ့စည်းပုံကို တိုတိုတုတ်တုတ်နဲ့ လွယ်လွယ် အဓိပ္ပါယ်ဖွင့်ရရင် စစ်ဘုရင် မင်းဆက် တည်ထောင်ဖို့ ရေးဆွဲပေးသွားတဲ့ ဖွဲ့စည်းပုံလို့ ပြောရင် မမှားပါဘူး။ တိုင်းပြည်ကို ရာထူးလက်ရှိ စစ်ဗိုလ်ချုပ် စစ်ဘုရင် တစ်ပါးနဲ့ အရပ်ဝတ်ပြောင်းပြီး သမ္မတ အသွင်ယူထားတဲ့ စစ်ဘုရင်တစ်ပါး ပူးတွဲ အုပ်ချုပ်နိုင်အောင် စနစ်တကျ ရေးဆွဲထားတာပါ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ တန်ခိုးသြဇာ အကြီးဆုံး စစ်ဘုရင်ဖြစ်ပါတယ်။ တပ်မတော်ကို အလုံးစုံ ထိန်းချုပ်ထားရုံမက ဥပဒေပြု လွှတ်တော် အမတ် ၂၅ ရာခိုင်နှုန်းကို စိတ်ကြိုက် ခန့်နိုင်ပါတယ်။ တိုင်းပြည်ကို အဓိက အုပ်ချုပ်မယ့် ပြည်ထဲရေး၊ နယ်စပ်ရေးရာ နဲ့ ပြည်ထဲရေး ဝန်ကြီးတွေ ခန့်အပ်ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာကို ကွပ်ကဲပါလိမ့်မယ်။ အရပ်ဝတ်လဲပြီး သမ္မတ အနေနဲ့ အုပ်ချုပ်မယ့် စစ်ဘုရင်ကတော့ အစိုးရဖွဲ့တာ၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ ခန့်အပ်တာ အပါအဝင် စီမံခန့်ခွဲရေးဆိုင်ရာ အာဏာတွေ ရယူပါလိမ့်မယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်တွေကို တိတိကျကျ ပြဌာန်းထားပေးသလို နောက်ထပ် စစ်ဘုရင်တစ်ပါး သမ္မတ လုပ်နိုင်ခွင့်ရအောင်လည်း ဖန်တီးပေးထားပါသေးတယ်။ အဲဒါကတော့ သမ္မတ ရွေးချယ်ရေး စနစ်ပါ။ ဖွဲ့စည်းပုံအရ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် အမတ်တွေ၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော် အမတ်တွေနဲ့ တပ်မတော်သား အုပ်စုဟာ ဒုသမ္မတ တစ်ယောက်စီ ရွေးခွင့်ရှိပါတယ်။ အဲဒီ ဒုသမ္မတ (၃) ယောက်ထဲကမှ သမ္မတ တစ်ယောက်ကို ပြန်ရွေးမှာပါ။ ရွေးတဲ့အခါ ရွေးကောက်ခံတွေနဲ့ တပ်မတော်သား အားလုံး စုပေါင်းပါဝင်တဲ့ သမ္မတ ရွေးချယ်ရေးအဖွဲ့က ရွေးရမယ်လို့ ဆိုထားပါတယ်။

တပ်မတော်က ပေါက်ဖွားလာပြီး စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ခိုင်ဖြိုးပါတီ နဲ့ တပ်မတော်ကို အုပ်စု တစ်စုတည်း၊ အကျိုးစီးပွား တစ်ခုထဲလို့ တွက်ရင် အဲဒီ အုပ်စုထဲက တစ်ယောက်ယောက် သမ္မတ အဖြစ် တင်နိုင်ရေး ပြည်ခိုင်ဖြိုးပါတီဟာ ရွေးကောက်ပွဲမှာ အမတ်နေရာ ၃၄ ရာခိုင်နှုန်း ရဖို့ပဲ လိုပါတယ်။ တပ်မတော်နဲ့ မပါတ်သက်တဲ့ အင်န်အယ်လ်ဒီ လို ပါတီမျိုးကတော့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၆၇ ရာခိုင်နှုန်းကျော်ရမှ သမ္မတ တစ်ယောက်တင် အစိုးရ ဖွဲ့နိုင်ပါလိမ့်မယ်။

ပြောရရင် နဂိုက စစ်အာဏာရှင်တွေဟာ ရွေးကောက်ပွဲကို မသမာတဲ့ နည်းတွေနဲ့ လုပ်လိုက်ရင် အမတ် ၃၄ ရာခိုင်နှုန်းလောက်တော့ လွယ်လွယ်ကူကူ ရနိုင်တယ်လို့ တွက်ထားကြဟန် တူပါတယ်။ ဒါပေမယ့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပလိုက်တဲ့အခါ အဲဒီလောက်တောင် အနိုင်ရဖို့ မသေခြာတော့ဘူး ဆိုတာ သဘောပေါက်လာကြပုံရပါတယ်။ ဒါပေမယ့်လည်း ဖွဲ့စည်းပုံနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ခိုင်မာကြီးမားတဲ့ အာဏာ ရှိထားပြီး ဖြစ်လေတော့ အင်န်အယ်လ်ဒီ တစ်ယောက်ယောက် သမ္မတ ဖြစ် အစိုးရဖွဲ့ခဲ့ရင်တောင် သိပ် စိုးရိမ်စရာ မလိုဘူးလို့ တပ်မတော်ဘက်က တွက်ခဲ့ပုံရပါတယ်။ ဒါကြောင့် အစပိုင်း သိပ်လှုပ်လှုပ်ရှားရှား ဖြစ်တာ မတွေ့ရပါဘူး။ ဒါပေမယ့် နောက်ပိုင်း တကယ့်တကယ် ရွေးကောက်ပွဲရှုံး၊ အာဏာလက်လွှတ်မှာကို ကြိုမြင်လာတဲ့ အရပ်ဝတ် စစ်ဗိုလ်ဟောင်း ပြည်ခိုင်ဖြိုးခေါင်းဆောင်တွေဟာ အဲဒီ အခြေအနေမျိုးကို လက်ခံလိုပုံ မရတော့ပါဘူး။ ဒီလိုနဲ့ ပီအာရ် စနစ် ကျင့်သုံးရေး အသည်းအသန် ကြိုးစားလာတော့တာ ဖြစ်ပါတယ်။

ပီအာရ် စနစ် ကျင့်သုံးမယ်လို့ ဆိုလိုက်တာနဲ့ တိုင်းရင်းသားတွေက ထ ကန့်ကွက် လက်မခံနိုင်တဲ့ သဘော ပြသခဲ့ပါတယ်။ ဒီ အခါ နောက်ထပ် တရစ် ထပ်လျှော့ပြီး ပီအာရ် စနစ်ကို တိုင်းရင်းသားတွေ နေထိုင်ရာ ပြည်နယ်တွေမှာ မကျင့်သုံးဘူး၊ တိုင်းတွေမှာပဲ ကျင့်သုံးမယ် ဆိုပြီး ပြောဆို အကောင်အထည် ဖော်လာတာ တွေ့ရပါတယ်။ အဲလို ကျင့်သုံးရင် ဘာဖြစ်လာနိုင်မလဲ ဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ။ ပြည်သူတွေ ရွေးကောက်တင်မြှောက်ရမယ့် မဲဆန္ဒနယ် စုစုပေါင်း ၄၉၈ နေရာအနက် တိုင်းဒေသကြီးတွေမှာ မဲဆန္ဒနယ်မြေ စုစုပေါင်း ၂၉၁ နေရာ ရှိနေတာ သွားတွေ့ရပါတယ်။ နဂို ရွေးကောက်ပွဲ စနစ် အတိုင်းဆို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နှစ်ခုစလုံးမှာ အင်န်အယ်လ်ဒီဟာ အမတ် အများစု အနိုင်ရမှာ သေခြာသလောက်ဖြစ်ပြီး ဒုသမ္မတ နှစ်ယောက် တင်နိုင်မှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မဲဆန္ဒနယ်မြေ ၆၀ ရာခိုင်နှုန်းလောက်နဲ့ ညီမျှတဲ့ တိုင်းဒေသကြီး မဲဆန္ဒနယ်မြေ ၂၉၀ ကျော်မှာ ပီအာရ် စနစ်နဲ့ ရွေးကောက်ပွဲလုပ်ရင် အင်န်အယ်လ်ဒီဟာ မဲအများစု အနိုင်ရတဲ့တိုင် ခွဲတမ်းစနစ်အရ အမတ်နေရာ အများစု ရဖို့ မလွယ်ကူတော့ပါဘူး။ တကယ်လို့ ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုး ပြဿ နာ ရှိခဲ့ရင်လည်း ပီအာရ် စနစ်ကြောင့် ထိန်းချုပ်ရတာခက်ခဲပြီး အင်န်အယ်လ်ဒီ အတွက် အခြေအနေ ပိုဆိုးစေမှာ ဖြစ်ပါတယ်။ အားလုံးခြုံငုံသုံးသပ်ရရင် လွှတ်တော်ထဲမှာ တပ်မတော်သား အမတ်တွေက ၂၅ ရာခိုင်နှုန်း ကြိုတင်ရယူထားတာ၊ ပီအာရ် စနစ်ကြောင့် မဲမနိုင်သူတွေကိုပါ အမတ်နေရာ ခွဲဝေပေးရမှာတွေကြောင့် ပြည်သူ့လွှတ်တော်မှာ ရော အမျိုးသားလွှတ်တော်မှာပါ အင်န်အယ်လ်ဒီ တစ်ယောက်ယောက် ဒုသမ္မတ ဖြစ်နိုင်ရေး မသေချာတော့တဲ့အပြင် သမ္မတ တင်နိုင်ရေး၊ အစိုးရဖွဲ့နိုင်ရေး အများကြီး ဝေးသွားစေမှာ ဖြစ်ပါတယ်။

တကယ်တော့ အင်ဒိုနီးရှား အာဏာရှင် ဆူဟာတိုလက်ထက် ဖွဲ့စည်းပုံကို နမူနာယူထားပြီး အဲဒီထက်ဆိုးအောင် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ထဲမှာ ပီအာရ် စနစ်သုံးတဲ့ ရွေးကောက်ပွဲကိုပါ ထပ်ပေါင်းထည့်လိုက်ရင် ကမ္ဘာပေါ်မှာ ဒီမိုကရေစီ အဆိတ်သုဉ်းဆုံး၊ ပြည်သူ့ဆန္ဒကို မထင်ဟပ်နိုင်ဆုံး တိုင်းပြည်ဖြစ်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဏာကို လက်တလုံးလေးလောက်တောင်မှ လက်မလွှတ်ချင်တဲ့ စစ်ဗိုလ်ဟောင်းတွေဟာ တိုင်းရင်းသားတွေ ဘယ်လောက်ပဲ ဆန့်ကျင် ဆန့်ကျင် ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံနဲ့ ပြည်သူတွေ ဘယ်လောက်ပဲ ကန့်ကွက်ကန့်ကွက် ပီအာရ် စနစ် ကျင့်သုံးရေး ဆက်အကောင်အထည် ဖော်ကြမှာ သေချာပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG