သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးအောင်သောင်းကို အမည်မည်း စာရင်းသွင်း


ဦးအောင်သောင်း (တောင်သာ မဲဆန္ဒနယ်) သတင်းဓာတ်ပုံ-www.pyithuhluttaw.gov.mm
ဦးအောင်သောင်း (တောင်သာ မဲဆန္ဒနယ်) သတင်းဓာတ်ပုံ-www.pyithuhluttaw.gov.mm

မြန်မာနိုင်ငံက လက်ရှိအာဏာရ နိုင်ငံရေးပါတီအတွင်း သြဇာ ကတ္တိမကြီးမားသူ တယောက်ဖြစ်သလို လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ဦးအောင်သောင်းကို အမေရိကန် အစိုးရရဲ့ အရေးယူပိတ်ဆို့မှုချမှတ်ခံရသူ အမည်မည်းစာရင်း (Blacklist)မှာ ထည့်သွင်းလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက သောကြာနေ့မှာ ကြေညာ လိုက်ပါတယ်။

ဦးအောင်သောင်းဟာ မြန်မာနိုင်ငံမှာ မကြာသေးခင်ကစတင် လုပ်ဆောင်လာတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အားနည်း သွားအောင် အကြမ်းဖက် ဖိနှိပ်မှုတွေနဲ့ အဂတိ လိုက်စားမှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသလို သူဟာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ ကို နှိမ်နှင်းရာမှာ ပါဝင် ပတ်သက်ခဲ့သူ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် မှာ ဖေါ်ပြထားပါတယ်။

အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံမှု ပေးနေသလို အစဉ်တစိုက်လေ့လာ စောင့်ကြည့်လျှက်ရှိကြောင်းနဲ့ ဦးအောင်သောင်းဟာ ဒီဖြစ်စဉ်တွေကို ဆန့်ကျင်ဖို့ ကြိုးပမ်းနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

အရေးယူပိတ်ဆို့မှု အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဦးအောင်သောင်း ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ထိန်းချုပ် လိုက်ပြီး အမေရိကန်နိုင်ငံ သားတွေ အနေနဲ့ သူနဲ့အကျိုးတူ စီးပွားရေး လုပ်ခွင့်မရှိတော့ပါဘူး။

အခုချမှတ်တဲ့ အရေးယူပိတ်ဆို့မှဟာ ဦးအောင်သောင်း တဦးတည်းနဲ့သာ သက်ဆိုင်ပြီး၊ တခြားအစိုးရအဖွဲ့အစည်းတွေ၊ သူနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့တွေနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ အမေရိကန်အစိုးရရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အသက် ၇၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဦးအောင်သောင်းဟာ အရင်စစ်အစိုးရ လက်ထက်က စက်မှုဝန်ကြီး တာဝန်ယူခဲ့ပြီး အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှာ အယူအစွဲပြင်းထန်တဲ့ ခေါင်းဆောင်တဦးဖြစ်ပါတယ်။ အရင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ နီးစပ်သူတဦးအဖြစ် လူသိများပါတယ်။

XS
SM
MD
LG