သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အရေးယူမှု ထိရောက်ဖို့ လိုအပ်


ဦးအောင်သောင်း (တောင်သာ မဲဆန္ဒနယ်) သတင်းဓာတ်ပုံ-www.pyithuhluttaw.gov.mm
ဦးအောင်သောင်း (တောင်သာ မဲဆန္ဒနယ်) သတင်းဓာတ်ပုံ-www.pyithuhluttaw.gov.mm

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက လူပုဂ္ဂိုလ် တဦးချင်းစီအတွက် စီးပွားရေးအရ ဒဏ်ခတ်တဲ့ အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အာဏာရ နိုင်ငံရေးပါတီက သြဇာကြီးမားတဲ့ တောင်သာ လွှတ်တော်အမတ် ဦးအောင်သောင်းကို အမည်မည်း စာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။ အခုလို အရေးယူတာဟာ ထိရောက်မှု မရှိဘူးလို့ မြန်မာ့အရေး သုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။ အပြည့်အစုံ ကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက အရင်ကတည်းက မြန်မာ စစ်အစိုးရ အဖွဲ့ တခုလုံးကို အရေးယူ ဒဏ်ခတ်မှုတွေ ချထားရာကနေ သောကြာနေ့မှာတော့ SDN (Specially Designated Nationals List) လို့ခေါ်တဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်းကို စီးပွားရေး အရ အရေးယူ ဒဏ်ခတ်တဲ့သဘောနဲ့ လွှတ်တော် အမတ် ဦးအောင်သောင်းကို အမည်မည်း စာရင်း သွင်းကြောင်း ကြေညာ လိုက်တာပါ။ အခုလို အရေးယူတဲ့အတွက် အမေရိကန်နိုင်ငံ ထဲက ဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာနဲ့အတူ အမေရိကန် နိုင်ငံသားတွေအနေနဲ့ သူနဲ့ အကျိုးတူ စီးပွားရေး လုပ်ခွင့် မရှိတော့ပါဘူး။

ဒါပေမဲ့ ဦးအောင်သောင်းလို အရင်ကတည်းက အမေရိကန်နဲ့ အဆက်အဆံ မရှိသူကို အရေးယူ တာဟာ ထိရောက်မှု မရှိဘူးလို့ အမေရိကန် ပြည်ထောင်စု မှာ နိုင်ငံတကာ ကုန်သွယ်မှုတွေကို လေ့လာနေတဲ့ ဦးအောင်မိုးဝင်းက ပြောပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောရင်တော့ မရှိပါဘူး။ ဗမာအစိုးရမှာ အမေရိကန်က စွတ်စွဲနေတဲ့ Hardliner လို့ ခေါ်တဲ့ အမာခံ ဆိုတာ ဦးအောင်သောင်း တစ်ယောက်တည်းမှ မဟုတ်တာ၊ အများကြီးပဲလေ။ ဗမာအစိုးရက ပေါ်လစီကို ချတဲ့အခါမှာ တစုံတယောက်က ချတာမှမဟုတ်တာ။ ဥပမာ ကြံံ့ဖွံ့ဆိုလည်း ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ဆိုလည်း ဦးဋ္ဌေးဦးတို့ ဘာတို့ ရှိတာပဲ အများကြီးပေါ့။ နောက်တခါ စီးပွားရေး အရ ပြောရလောက်အောင်ကလည်း သူလုပ်ထားတဲ့ စီးပွားရေးက ဘာမှ မရှိဘူး။ ဒီဘက်မှာ ဘာမှ မရှိဘူး။ သူကလည်း သိပ် စိတ်မဝင်စားပါဘူး။ အမေရိကန်တွေနဲ့ ပတ်သက် ဆက်ဆံမှုတွေက သိပ်စိတ်မဝင်စားဘူး။ စိတ်ဝင်စားတဲ့သူတွေက တပိုင်းလေ။

အမေရိကန် အစိုးရရဲ့ ပေါ်လစီက ဘယ်လိုဖြစ်နေလည်းဆိုတော့ သူတို့ကို စိတ်မဝင်စားတဲ့သူတွေကိုကျတော့ ပြစ်ဒဏ်ပေးသလိုဖြစ်နေတော့ သူတို့ကို တကယ် စိတ်ဝင်စားတဲ့ သူတွေနဲ့ကျတော့ သွားစီးပွားရေး လုပ်ဖို့ လုပ်နေတာကိုး၊ ဥပမာ စစ်ဗိုလ်ချုပ်ခေါင်းဆောင်တွေ ဆိုရင် အမေရိကန် အစိုးရနဲ့ စစ်ရေး အတူလေ့ကျင့် တာတွေ၊ ထရိမ်နင်တွေ ပေးတာတွေ၊ အထင်အရှား လုပ်နေတာပဲလေ။ အဲ့တော့ ချုံ့ပြောရမယ်ဆိုရင် ဒီကိစ္စကြီးက မထိရောက်ပါဘူး။"

အခုလို မထိရောက်ပေမဲ့ အမေရိကန် သမ္မတ ဘရက်အိုဘားမား မြန်မာနိုင်ငံကို မသွားရောက်ခင်မှာပဲ အခုလို စစ်အစိုးရလက်ထက်ကတည်းက အခုအချိန်အထိ သြဇာကြီးမားဆဲဖြစ်တဲ့ လွှတ်တော်အမတ်တစ်ဦးကို ဘာကြောင့် အရေးယူရတာပါလဲ။ ရန်ကုန်အခြေစိုက် မြန်မာ့အရေးလေ့လာသူတစ်ဦးကတော့ ဒါဟာ အမေရိကန်-မြန်မာ ဆက်ဆံရေး ရှင်းရှင်းလင်းလင်း မရှိသေးတာကို ပြသနေ သလို သောကြာနေ့မှာ မြန်မာအစိုးရ ကမကထ လုပ်ပြီး ဆွေးနွေးတဲ့ ၁၄ပွင့်ဆိုင် ဆွေးနွေးပွဲကို အမေရိကန် အစိုးရက အယုံအကြည် မရှိတဲ့သဘောလို့ ဆိုပါတယ်။

ဒါ့အပြင် ဒါဟာ မြန်မာအစိုးရလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အခုထိ အပြည့်အဝ လက်မခံသေးတဲ့ သဘောဆောင်တယ်လို့လည်း ယူဆပါတယ်။

ဒါပေမဲ့ ဦးအောင်မိုးဝင်းကတော့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲရေး အတွက် မေ့မထားဘူးဆိုတဲ့သဘော သုံးသပ်ပါတယ်။

" အမေရိကန်အစိုးရက ကျနော်တို့ မြန်မာပြည်ကို ဆက်ဆံတာ ဘယ်လိုဖြစ်နေလဲ ဆိုတော့ ဗမာအစိုးရနဲ့ အာရှဒေသမှာ တရုတ်နဲ့ အားပြိုင်ဖို့အတွက် ဗမာအစိုးရနဲ့ အဆင်ပြေချင်တယ်။ ဒါ သူတို့ကိုယ်တိုင် သံတမန်တွေ ထုတ်ပြောနေတာပဲ အကုန်လုံး က ဗမာအစိုးရကို အနှစ် ၂၀လုံးလုံး ပစ်ထားလိုက်တဲ့အတွက် တရုတ်ရဲ့ လွှမ်းမိုးမှုတွေ ဒါ လူတိုင်း သိနေတာပဲ။ တရုတ်လွှမ်းမိုးမှုတွေဖြစ်တဲ့အတွက် ဗမာအစိုးရကို ဆက်ဆံရမယ်ဆိုတာ တရားဝင်ပြောထားပြီးသားလေ။ တဘက်မှာ တရားဝင် ပြောထားသလို သူတို့က ဘာလုပ်သလဲဆိုတော့ သူတို့ ဗမာပြည်ရဲ့ ဒီမိုကရေစီ အရေးကိုလည်း မမေ့ပါဘူးဆိုတာ ပြချင်တဲ့အတွက် ဥပမာ ဗမာပြည်မှာဆိုရင် လူမျိုးရေးပဋိပက္ခတွေ ဖန်တီးနေတာ ဦးအောင်သောင်း တို့ဆိုတာ အသံထွက်တယ်။ အဲ့တာတွေကို ဒီကိစ္စတွေကို တဘက်မှာလည်း ငါတို့ မေ့မထားပါဘူးဆိုတာကို ပြဖို့အတွက် သူတို့ ဦးအောင်သောင်းကို အရေးယူတာတွေ ဘာတွေ လုပ်ပြတာလို့ ထင်ပါတယ်။"

စက်မှုဝန်ကြီး ဦးအောင်သောင်းဟာ လက်ရှိအာဏာရ ပြည်ခိုင်ဖြိုး ပါတီဝင် တစ်ဦးဖြစ်သလို စစ်အစိုးရလက်ထက်ကစပြီး အခုအချိန်အထိ သြဇာကြီးမားဆဲ ဖြစ်ပြီး သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုတော့ ဘယ်သူကမှ တိတိကျကျ မပြောနိုင်ကြပါဘူး။

XS
SM
MD
LG