သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုပါကြီး ရုပ်အလောင်း ဂူသွင်း သဂြုႋဟ်


အလွတ်သတင်းထောက် ကိုပါကြီး ဈာပန။ (သတင်းဓာတ်ပုံ- Credit to ကိုဇော်ရမ်း)
အလွတ်သတင်းထောက် ကိုပါကြီး ဈာပန။ (သတင်းဓာတ်ပုံ- Credit to ကိုဇော်ရမ်း)

အလွတ် သတင်းထောက် ကိုပါကြီးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာလ ၇ရက်နေ့ မှာ မော်လမြိုင်မြို့ကနေ သယ်ဆောင်ခဲ့ပြီး ညနေပိုင်းမှာပဲ ရန်ကုန်မြို့က ရေဝေး သုဿ န်မှာ ဂူသွင်းသဂြုႋဟ်မှု လုပ်ခဲ့ရာမှာ လုံခြုံရေးတွေလည်းစောင့်ကြည့်မူတွေ ရှိပြိး အစိုးရ ဆန့်ကျင်ရေး ပိုစတာများ ကိုင်ဆောင်ထားတဲ့ ဈာပန ပို့ဆောင်သူတွေ ရာနဲ့ချီ ရှိခဲ့ပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်တပ်က ပစ်ခတ်မူကြောင့်သေဆုံးသွားခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီး(ခ) ကိုအောင်ကျော်နိုင်ရဲ့အလောင်းကို အတားအဆီးတွေကြားက ရန်ကုန်မြို့ အရောက် နာရေးကူညီမူ အသင်းကားတွေနဲ့ သယ်ဆောင် ခဲ့ပြီး ရေဝေးသုဿ န်မှာ အခမ်းအနားနဲ့ ဂူသွင်းသဂြုႋဟ်ခဲ့တာပါ။

ဈာပန အခမ်းအနား ကို ရေဝေးသုဿန်မှာပြုလုပ်ခဲ့ရာမှာ ရာနဲ့ ချီ ရှိတဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ တက်ရောက်ခဲ့ပြီး ကိုပါကြီးသေဆုံးမူနဲ့ ပတ်သက်လို့ အမူမှန်ပေါ်ပေါက်ရေး အတွက် စာတမ်းများ ကိုင်ဆောင်ထားကြပါတယ်။

ဇနီးဖြစ်သူ မသန္တာကတော့ အလောင်းတူးဖော်ဖို့ သယ်ဆောင်ဖို့ အခုနောက်ဆုံး ဈာပန အထိ အတားအဆီးတွေနဲ့ အခက်အခဲတွေကြားက လိုက်ပါ ကူညီသူတွေ ကို ကျေးဇူးတင်တဲ့ အကြောင်း အခုလိုပြောပါတယ်။

"မွန်အမျိုးသားပါတီ၊ မွန်ဒေသမှာရှိတဲ့ ဆရာတော်တွေ၊ သံဃာတော်တွေ နောက် ဝင်းစိန်ဆရာတော်ဆို တချိန်လုံး မေတ္တာပို့ပေးနေတာပေါ့နော်။ နောက် ၈၈မျိုးဆက်က မီးမီးတို့ မနီလာသိန်းတို့ ကိုအောင်လတ်၊ ဒေါ်နော်အုံးလှ သူကတော့ အထူးကျေးဇူးတင်ထိုက်သူထဲ ပါပါတယ်။ ကျမ မိခင်လိုဖြစ်နေတာကိုး။ ဘာဖြစ်လို့လဲဆိုရင် အခုကျမတို့ သွားတဲ့ လမ်းက တကယ်ကို မထင်မှတ်လောက်အောင် အန္တရာယ်များတာ၊ မထင်မှတ်လောက်အောင် ကြမ်းတမ်းတာ၊ အလောင်းသွားဖော်ဖို့ဆို မိုင်းတွေရှိလို့ လူူတယောက် သွားလမ်းလေးကို တယောက်စီလျှောက်ရတယ်။ လက်တွဲပြီးတော့ပေါ့နော်။ ဒီလိုခရီးကို ကျမနဲ့အတူတူလိုက်ပြီး အမှန်တရားပေါ်ဖို့ ဒီအလောင်း လိုက်ဖော်ပေးကြတဲ့ သူတွေကို ကျမတကယ် မလေးစားပဲ မနေနိုင်ပါဘူး။ နောက် မီဒီယာတွေ တယောက်သွားလမ်းကို ကင်မရာတွေ ထမ်းပြီး ရောက်အောင် လိုက်တယ်။ အဲ့တာလည်း ကျမ တကယ်ကျေးဇူးတင်တယ်။ နောက်ပြီးတော့ NLD ပါတီဝင်တွေပေါ့။ တောက်လျောက် မွန်ပြည်နယ်။ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း နောက် အထူးကျေးဇူးတင်တာက နာရေးကူညီမှုအသင်းက ကားလုံခြုံရေးအတွက် လုံးဝ မရပ်ပဲ တပြိုင်နက်တည်း ဘယ်သူမှ အောက်ကို မဆင်းရဘူး။ ရပ်တန့်ခြင်း မရှိရဘူး။ အဲ့လို ရအောင် သယ်ပေးတဲ့အတွက် တကယ် ကျမ က တော်တော် ကျေးဇူးတင် တယ်။ နောက် တလျောက်လုံး က ပြည်သူတွေ ပြည်သူတွေ ဒီလမ်းက လာမယ်ဆိုတာ သိနေကြတယ်။ လမ်းကနေ နှုတ်ဆက်ကြတယ်။ ရပ်ပြီးတော့ လက်ပြကြတယ်။ အားလုံးရဲ့ မေတ္တာနဲ့ ဒီရောက်အောင် ကျမ သယ်နိုင်တာပါ။"

အလောင်းကို နီးစပ်ရာမြို့နယ်မှာ၂၄နာရီ အတွင်း သဂြုႋဟ်ဖို့ အတွက် မော်လမြိုင်မြို့ စည်ပင်သာယာကနိုဝင်ဘာလ ၆ရက်နေ့က လာရောက်တားဆီးမူတွေလုပ်ခဲ့ပေမဲ့ မိသားစုနဲ့ ကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းတွေက လမ်းတလျောက် လုံခြုံရေးယူပြီး သယ်ဆောင်ပေးခဲ့တာပါ။ ရဲအာဏာပိုင်တွေကတော့ မော်လမြိုင် ကနေ စထွက်ကတည်းက အလောင်းပြန် သယ်ဆောင်မူမှာပါတဲ့ ကားတွေ ကို မှတ်တမ်း လုပ်ထားပြီး စစ်တပ်ကလည်း စောင့်ကြည့်မူတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ရေဝေးသုသန်မှာလည်း လုံခြုံရေးများစောင့်ကြပ်ကြည့်ရူတာတွေ ရှိပါတယ်။

ပဲခူးတိုင်း အတွင်းမှာတော့ သံဃာတချို့ တားဆီးမူတွေ လုပ်ခဲ့ပေမဲ့ အလောင်း သယ်ဆောင်မူကို တားဆီးမူတွေ မလုပ်နိုင်ခဲ့ဘူးလို့ မိသားစုကို ကူညီနေတဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ယက်က နော်အုန်းလှက ပြောပါတယ်။

"ပဲခူးတိုင်း အဝင်မှာကျတော့ ဘုန်းကြီးသုံးပါးကနေ ဘာမှလည်း မဟုတ်ဘူးပေါ့နော်။ နှောင့်ယှက်တဲ့ သဘောပါပဲ။ ကျမတို့ မော်လမြိုင်မှာ အလောင်း ထုတ်မယ် ဆိုတဲ့ အချိန်အထိ ရဲတွေက ကားနံပတ်အတိုင်းယူတာက လမ်းမှာတဲ့ လမ်းကြောင်းကို မြို့နယ် တမြို့နယ်ချင်းစီ ယူသွားမှာပါတဲ့။ ဒါကြောင့်မို့လို့ ကားနံပတ် ယူတာပါလို့ပြောတယ်။ မြို့နယ် အလိုက်လည်း ဒီလိုပဲ ယူသွားတယ်။

အလွတ်သတင်းထောက်က ကိုပါကြီးသေဆုံးမူနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ လူအခွင့်အရေးကော်မရှင် ကလည်း စုံစမ်းစစ်ဆေးမူတွေလုပ်နေပြိး ပစ်ခတ်မူမှာ ပါဝင်တဲ့စစ်တပ်က တာဝန်ှရှိသူတွေကိုလည်းမေးမြန်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ် ။ မူခင်းဆရာဝန်တွေရဲ့ရင်ခွဲ စမ်းသပ်ချက်အရ ကတော့ ကိုပါကြီးဟာ သေနတ် ဒဏ်ရာကြောင့်သေဆုံးတယ်လို့ အတည်ပြုခဲ့ပြီး သေဆုံးတဲ့ ကာလဟာ ၃ပတ်ခွဲနဲ့ ၄ပတ် နီးပါးကြား မှာသေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။ မိသားစုကတော့ နိုဝင်ဘာလ ၉ရက်နေ့မှာ ကိုပါကြီးအတွက် လလည် ဆွမ်းကျွေးပြုလုပ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG