သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးသိန်းစိန်နဲ့ ဒေါ်စုကို အိုဘားမား တွေ့ဆုံမည်


အမေရိကန်သမ္မတ အိုဘားမား။
အမေရိကန်သမ္မတ အိုဘားမား။

အမေရိကန် သမ္မတ ဘရတ်အိုဘားမား ဟာ ရှေ့သီတင်းပတ်ထဲ မြန်မာနိုင်ငံကို သွားဖို့ရှိနေပြီး အာဆီယံနဲ့ အရှေ့ အာရှ ထိပ်သီး ညီလာခံတွေကို တက်ရောက် မှာဖြစ်သလို သမ္မတ ဦးသိန်းစိန် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ လူမှု အဖွဲ့အစည်းက ခေါင်းဆောင်တွေကို လည်း တွေ့ဆုံဖို့ရှိပါတယ်။ မြန်မာနိုင်ငံ မှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာစေဖို့၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ကို သေသေချာချာ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း သမ္မတ အိုဘားမားက တိုက်တွန်းဖို့ ရှိတဲ့အကြောင်း သောကြာနေ့က သမ္မတ အိမ်ဖြူတော် မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံ ကိုတော့ ဒေါ်ခင်မျိုးသက်က ပြောပြပေးပါမယ်။

အမေရိကန်သမ္မတ ဘရတ်အိုဘားမားဟာ သူ့ရဲ့ ဒုတိယ သမ္မတ သက်တမ်း မကုန်ခင် နှစ်နှစ်အတွင်း အာရှဒေသနဲ့ မဟာဗျူဟာ ချိန်ခွင်လျှာ ညှိဖို့အတွက် အဓိက လုပ်ဆောင်နေတာဖြစ်ပြီး ဒါကို အကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့အနေနဲ့ ရှေ့သီတင်းပတ်ထဲမှာ တရုတ်၊ မြန်မာနဲ့ သြစတြေးလျ နိုင်ငံတွေကို သွားရောက်မှာဖြစ်ပါတယ်။ သမ္မတ အိုဘားမားဟာ ပထမဆုံး တရုတ်နိုင်ငံကို သွားရောက်ပြီး အာရှ ပစိဖိတ်ဒေသ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC ညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။

အဲ့ဒီ့ကမှ တဆင့် မြန်မာနိုင်ငံကို သွားရောက်တဲ့အခါမှာ နေပြည်တော်မှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးညီလာခံ နဲ့ အမေရိကန် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွေကို တက်ရောက်မယ့် သောကြာနေ့ သမ္မတ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားလုံခြုံရေး အကြံပေး Susan Rice က ပြောပါတယ်။

"သမ္မတ အိုဘားမားအနေနဲ့ ဒီညီလာခံတွေကို တက်ရောက်ရာမှာ ပင်လယ်ရေပြင် ပိုင်နက် ဆိုင်ရာ အငြင်းပွားမှုတွေ အစ္စလာမ်မစ် အစွမ်းရောက် နှိမ်နှင်းရေး လှုပ်ရှားမှုနဲ့ အီဘိုလာ ရောဂါကူးစက်မှု တိုက်ဖျက်ရေး လှုပ်ရှားမှု အပါအဝင် နိုင်ငံတကာ ဥပဒေတွေ နဲ့ စံနှုန်းတွေကို ဆက်လက်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ အကဲစမ်းမှုတွေကို ရင်ဆိုင် ရာမှာ ဒေသန္တရ ခေါင်းဆောင်မှု ကို ထောက်ခံအားပေးဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ခေါင်းဆောင်မှုကို အဓိကထား တင်ပြဆွေးနွေးသွားဖို့ရှိပါတယ်။"

မြန်မာနိုင်ငံမှာ ရှိနေစဉ် အတွင်း အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက် လာတဲ့ ဗီယက်နမ်ဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ဒါ့အပြင် အမေရိကန် သမ္မတ ဘရတ်အိုဘားမားဟာ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ သီးခြားတွေ့ဆုံ မှာ ဖြစ်သလို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း ရန်ကုန်မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ အခုလို တွေ့ဆုံချိန်တွေမှာ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနဲ့ ပတ်သက်ပြီး ပြောကြားဖို့ရှိတယ်လို့ ဆိုပါတယ်။

"ကျမတို့ရဲ့ အဓိက အမှာစကားကတော့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ကာလမှာ တိုးတက်မှုတွေ ရရှိနေတယ်ဆိုတာကို အမေရိကန် ပြည်ထောင်စုက အသိအမှတ်ပြုသလို တချိန်တည်းမှာပဲ ကြီးမားတဲ့ အကဲစမ်းမှုတွေ ကျန်ရှိနေသေးတဲ့အပြင် အသွင်ကူးပြောင်းရေး ကို ဖော်ဆောင်ရာမှာ ခြေလှမ်း မှားတွေ ယူခဲ့တာကို တွေ့ရတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ အလေးအနက် အသိပေးလိုတာကတော့ နှစ်နိုင်ငံ ထိတွေ့ဆက်ဆံရေးမှာ ပြုပြင်ပြောင်းလဲရေးကို လမ်းမှန်ပေါ်ရောက်စေဖု့ိ ကူညီဆောင်ရွက်သွားမှာဖြစ်သလို မြန်မာအစိုးရအနေနဲ့ ကျန်ရှိနေသေးတဲ့ အကဲစမ်းမှုတွေကို ရင်ဆိုင်ရာမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်လက်ထောက်ခံ အားပေးသွားဖို့ အဆင်သင့်ရှိတယ်ဆိုတဲ့ အချက်တွေပါပဲ။"

အခုလို အမေရိကန်အစိုးရက မြန်မာနိုင်ငံအတွက် ပံ့ပိုးမှုတွေ လုပ်နေချိန် မှာ မြန်မာအစိုးရ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်အောင် လုပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

"ဒါကြောင့် မြန်မာနိုင်ငံမှာ ကျမတို့အနေနဲ့ အလေးအနက် ပြောကြားလိုတာကတော့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ လူ့အဖွဲ့အစည်းအတွင်း စိတ်ရှည်သီးခံမှုရှိဖို့နဲ့ အုပ်စုအားလုံးတို့ ပါဝင်မှု ရစေဖို့အပြင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အဓိပ္ပါယ်လေးနက်စွာနဲ့ ဆက်လက်ထိန်းသိမ်း ဖော်ဆောင်နိုင်ရေးအတွက် ကူညီပေးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ သန္နိဋ္ဌာန် ခိုင်မာမှုရှိတယ်ဆိုတဲ့ အချက်ပါပဲ။"

သမ္မတ အိုဘားမားဟာ နိုဝင်ဘာလ ၁၄ရက်နေ့မှာ ရန်ကုန်မြို့ကို သွားရောက်မှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဖို့ စီစဉ်ထားသလို ယဉ်ကျေးမှုပွဲတော်တခုကို တက်ရောက်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာလူမှု လူ့အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး မလေးရှားနိုင်ငံမှာ တွေ့ဆုံခဲ့တဲ့ Town Hall တွေ့ဆုံပွဲလို အရှေ့တောင် အာရှ လူငယ်ခေါင်းဆောင်တွေနဲ့ နောက်ထပ် တွေ့ဆုံပွဲ တခုကိုလည်း လုပ်ဆောင်မှာဖြစ်ပါတယ်။ သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံက အပြန် သြစတြေးလျနိုင်ငံမှာ ကျင်းပမယ့် G20 နိုင်ငံ ၂၀ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကို သွားရောက်မှာဖြစ်ပါတယ်။

XS
SM
MD
LG