သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA ဗိုလ်သင်တန်းကျောင်း သေဆုံး စာရင်း ထုတ်ပြန်


KIA လွတ်မြောက်ရေး တပ်သားများ။
KIA လွတ်မြောက်ရေး တပ်သားများ။

အစိုးရတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ဗိုလ်သင်တန်းကျောင်းက သင်တန်းသား ၂၃ယောက် ကျဆုံးခဲ့ရာမှာ သူတို့တွေဟာ တိုင်းရင်းသား မဟာမိတ် အဖွဲ့ဝင်တွေဖြစ်ကြပြီး ပလောင်ခေါ် တအာင်းအဖွဲ့က ၁၁ဦးနဲ့ ရခိုင်အဖွဲ့က ၈ဦးပါဝင်ခဲ့ပါတယ်။ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး အစိုးရစစ်တပ်ဖက်က KIAက သူတို့ စစ်ကြောင်းကို လာရောက် ပစ်ခတ်တာကြောင့် လက်နက်ကြီးနဲ့ တန်ပြန်သတိပေး ပစ်ခတ်ရတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ သတင်းကိုတော့ KIO ဖက်က လက်မခံပါဘူး။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၁၉ရက်နေ့ နေ့ခင်းပိုင်းက KIO ဌာနချုပ် အနီး ခရာတောင်ကုန်းမှာ တပ်စွဲထားတဲ့ အစိုးရတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ KIO ဗိုလ်သင်တန်းကျောင်းမှာ ကျရောက် ပေါက်ကွဲခဲ့ တာကြောင့် သင်တန်းသား ၂၃ဦးသေဆုံးပြီး လူ၂၀ ထိခိုက်ဒဏ်ရာရခဲ့ရာမှာ သေဆုံးသူသင်တန်းသား အများစု ဟာ ပလောင်နဲ့ ရခိုင်တပ်ဖွဲ့တွေက ဖြစ်ပါတယ်။

ဒီသေဆုံးတာနဲ့ ပတ်သက်ပြီး အစိုးရနဲ့ အပစ်အခတ် မရပ်စဲရသေးတဲ့ ပလောင်ခေါ် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်ဦး TNLAက ဒုပြန်ကြားရေး တာဝန်ခံ တာ့ပန်လှက အခုလို ပြောပါတယ်။

"နိုဝင်ဘာလ ၁၉ရက်နေ့ မွန်းလွဲ ၁၁နာရီမှာ အစိုးရတပ်ဘက်က ၁၀၅ မမနဲ့ ရည်ရွယ်ချက် ရှိရှိနဲ့ ပစ်ခတ်လိုက်တဲ့ အတွက် ကျနော်တို့ဘက်က ၁၁ဦး ကျဆုံးပါတယ်။"

ပလောင်တပ်ဖွဲ့က သေဆုံးခဲ့ရသူ သင်တန်းသားတွေဟာ အသက် ၁၈နှစ်ကနေ ၂၅နှစ်ကြား အရွယ်တွေ ဖြစ်ပါတယ်။ ဒုတိယ အကျအဆုံး အများဆုံးကတော့ AA ခေါ် ရက္ခိုင့် တပ်မတော်က ဖြစ်ပြီး ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ သူတို့ တပ်ဖွဲ့က ၈ဦး ကျဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြပါတယ်။ ကျန် ကျဆုံးသူတွေကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ၂ယောက်နဲ့ ချင်းအမျိုးသားတပ်ဦးက ၂ယောက်တို့ ဖြစ်ကြပါတယ်။

ABSDF မြောက်ပိုင်း တာဝန်ခံ ဦးလဆိုင်း က ကျဆုံးသူ တွေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

"နှစ်ယောက်ပါပါတယ်။ ကျနော်တို့ဆီက ဆေးဆရာ သက်ဇော်နဲ့ သင်တန်းဆရာ ဖြစ်တဲ့ ဟိန်းထက် နှစ်ဦးပါပါတယ်။"

အခုလို မဟာမိတ်တပ်ဖွဲ့က သင်တန်းသားအများစု ကျဆုံးရတာဟာ သူတို့တွေက သင်တန်းကို နောက်ကျပြီး ရောက်လာတဲ့အတွက် သီးသန့် သင်တန်း ပေးနေရ တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

"တချို့က စစ်ရေးပြမှာ လိုက်မမှီတဲ့ဟာတွေရှိတယ်။ အဲ့တာတွေကို သီးသန့်ပြန်သင်မယ်ဆိုတဲ့ အနေအထားအပေါ်မှာ ဖြစ်တာပါ။"

ဒဏ်ရာရသူ ၂၀ဦးအနက်က ၁၆ဦးလောက်ဟာ ပြင်းထန်ကြောင်းနဲ့ ကျဆုံးသွားသူတွေကိုတော့ မနေ့ မနက် သဂြုႋဟ် လိုက်ကြောင်း ပြောပါတယ်။

လိုင်ဇာ ဗိုလ်သင်တန်းကျောင်း ပစ်ခတ်တာနဲ့ ပတ်သက်ပြီး အစိုးရစစ်တပ်က သတင်းထုတ်ပြန်ရာမှာ ဒီလ ၁၆နဲ့ ၁၇ရက်နေ့တွေကKIA က တပ်မတော် စစ်ကြောင်းကို နှောက်ယှက် ပစ်ခတ်တာရှိခဲ့ကြောင်း၊ ၁၉ရက်နေ့ကလည်း ရိက္ခာပို့ လမ်းကြောင်းအတွက် လမ်းဖောက်လုပ်ရေးဆောင်ရွက်နေတဲ့ စစ်ကြောင်းကို ပစ်ခတ်တဲ့အတွက် လက်နက်ကြီးနဲ့ ပြန်လှန်ပစ်ခတ်ခဲ့ကြောင်း၊ KIA ဖက်ကို ဒီလိုပစ်ခတ် တာတွေအတွက် အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ ထိန်သိမ်းကြပ်မတ် တာမရှိဘဲ စစ်ရှိန်မြင့်မားစေတဲ့ လုပ်ရပ်တွေ တိုးမြှင့်လုပ်လာတဲ့အတွက် တပ်စခန်းကနေ လက်နက်ကြီးနဲ့ တန်ပြန်သတိပေး ပစ်ခတ်ခဲ့ရာမှာ KIA တပ်စခန်းတွင်း ကျရောက်ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာ ရတာတွေ ရှိခဲ့ကြောင်း ဖော်ပြပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကတော့ ဒီသတင်း ထုတ်ပြန်ချက်ကို လက်မခံပါဘူး။

"စစ်တပ်ရဲ့ဖြေရှင်းချက်တွေကတော့ အမြဲတမ်း အဲ့လိုပါပဲ။ သူတို့ရဲ့ တပ်စခန်းတွေနဲ့ ကျနော်တို့ရဲ့ KIA တပ်စခန်းတွေနဲ့ အနီးကပ်ဆုံး နေရာမှာ လာရောက်ပြီး စခန်းချထားပြီး အင်အားဖြည့်တင်းနေတာဟာ သူတို့ရည်ရွယ်ချက်က ဘာလဲဆိုတာ အားလုံးက အသိဖြစ်ပါလိမ့်မယ်။ အဲ့မှာ သူတို့လာပြီးတော့ စစ်ကြောင်းတွေ ရိက္ခာပို့တာတို့ လူနာပို့တာတို့ သူတို့ ခါတိုင်းပြောနေကျ သူတို့ကို ဖြတ်ပြီး ပစ်တယ် ခတ်တယ်။ တိုက်တယ် ခတ်တယ်ဆိုတာမျိုးက သူတို့ NCCT ကနေ ဆွေးနွေးပွဲ စတင်ပြီးနောက်ပိုင်း ဒီလိုဟာမျိုး ကျနော်တို့ဘက်က လုံးဝ စတင်ပြီးတော့ ပစ်တာ မရှိဘူးဗျ။ မဖြစ်အောင် ကျနော်တို့ဘက်က အောက်ခြေတပ်ဖွဲ့တွေက အားလုံး ထပ်ခါထပ်ခါ ညွှန်ကြားပြီးဖြစ်တယ်။ "

ကြာသပတေးနေ့က KIOရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီပစ်ခတ်တိုက်ခိုက်တာဟာ ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်တာဖြစ်ကြောင်းနဲ့ ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဖော်ပြပါတယ်။

ကချင်ပြည်နယ် နယ်စပ်ရေးရာ နဲ့ လုံခြုံရေး ဝန်ကြီး ဗိုလ်မှုးကြီးသန်းအောင်က ကြာသပတေးနေ့ ညနေပိုင်း က မြစ်ကြီးနားမြို့သတင်းစာရှင်းလင်းပွဲမှာတော့ ဒီပစ်ခတ် တာဟာ တမင်တကာ ရည်ရွယ်ပြီး လုပ်ဆောင်တာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ပဋိပက္ခ ညှိနှိုင်းရေးဆွေးနွေးပွဲမှာ ဆွေးနွေးမှာဖြစ်ကြောင်း နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အပျက်ခံမှာ မဟုတ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG