သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီစစ်သွေးကြွလက်ချက်နဲ့ ကင်ညာမှာ ၃၆ ဦးသေဆုံး


ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဒီကနေ့ အစောပိုင်းက လူ ၃၆ ယောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီး နာရီပိုင်းအတွင်းမှာပဲ ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်တို့နေရာမှာ လူသစ်ခန့်အပ်ကြောင်း ကင်ညာသမ္မတ Uhuru Kenyatta က ကြေညာပါတယ်။

ပြည်ထဲရေးဝန်ကြီး Joseph Ole Lenku နေရာကို လူသစ်ခန့်အပ်ပြီး ရဲချုပ် David Kimaiyo ဆီက နှုတ်ထွက်စာ လက်ခံရရှိပြီးပြီလို့ သမ္မတ Kenyatta က ကြေညာသွားတာပါ။ အစ္စလာမ်မစ် အစွန်းရောက်တွေက တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတာကို မတားဆီးနိုင်လို့ဆိုပြီး သူတို့ နှစ်ဦးလုံး ဝေဖန်ခံနေရတာပါ။

လူ ၃၆ ယောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်တယ်လို့ ဆိုမာလီယားစစ်သွေးကြွအဖွဲ့ al-Shabab က ပြောသွားပါတယ်။ Mandera မြို့နားက ကျောက်ကျင်းတခုအနီးမှာ တိုက်ခိုက်မှုဖြစ်ပွားတာပါ။

အလုပ်သမားတွေ သူတို့ရဲ့တဲတွေထဲမှာ အိပ်ပျော်နေတဲ့အချိန် သေနတ်သမားက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ အခု တိုက်ခိုက်မှုဖြစ်တဲ့ ဒေသမှာပဲ အရင်လတုန်းက al-Shabab သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် လူ ၂၈ ယောက် သေဆုံးခဲ့ရပါတယ်။

ဆိုမာလီယားနိုင်ငံမှာ တိုက်ခိုက်ဖို့ ကင်ညာကနေ တပ်ဖွဲ့တွေ စေလွှတ်နေတဲ့အပေါ် ဒဏ်ခတ်တဲ့အနေနဲ့ အခုလို တိုက်ခိုက်တာဖြစ်တယ်လို့ al-Shabab က ပြောပါတယ်။ ဒီ al-Shabab အဖွဲ့ကို ဆိုမာလီယား မြို့ကြီးတွေကနေ မောင်းထုတ်နိုင်အောင် ကြိုးပမ်းတဲ့အနေနဲ့ အာဖရိက နိုင်ငံပေါင်းစုံပါဝင်တဲ့ တပ်ဖွဲ့တွေရဲ့ တစိတ်တဒေသအဖြစ် ကင်ညာတပ်ဖွဲ့တွေဟာ ၂၀၁၁ ခုနှစ်ကတည်းက ဆိုမာလီယားနိုင်ငံမှာ ရောက်ရှိနေတာပါ။

ကင်ညာနိုင်ငံတပ်ဖွဲ့တွေ ဆိုမာလီယားနိုင်ငံထဲကနေ ပြန်မရုပ်သိမ်းဘူးဆိုရင် နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့ စစ်သွေးကြွတွေက ကင်ညာအစိုးရကို သတိပေးထားပြီး တိုက်ခိုက်မှုတွေကို မကြာခဏ ဆိုသလို ပြုလုပ်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG