သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ စိုးရိမ်ရဆဲ


ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့ နယ် မီးချောင်းကန်ရပ်ကွက်က ပြည်သူများ ဆန္ဒပြနေစဉ်။ (ဇူလိုင် ၂၅၊ ၂၀၁၃)
ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့ နယ် မီးချောင်းကန်ရပ်ကွက်က ပြည်သူများ ဆန္ဒပြနေစဉ်။ (ဇူလိုင် ၂၅၊ ၂၀၁၃)

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေဟာ စိုးရိမ်နေရဆဲ ဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ ပြောဆိုလိုက်ပါတယ်။

တရားဥဒေစိုးမိုးရေးဟာ အုပ်ချုပ်ရေးအာဏာအောက်မှာ ရှိနေဆဲဖြစ်တာကြောင့် လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ထိရောက်အောင် အရေးယူနိုင်ဖို့ အားနည်းနေဆဲပဲလို့လည်း ဆိုပါတယ်။ အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ဒီနှစ် လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ငြိမ်မခံကြဘဲ ထုတ်ဖော်ပြောဆိုကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်ရတဲ့ အခြေအနေတွေကို မြင်တွေ့နေရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက လက်ရှိ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အမြင်ကိုတော့ အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကို အခုလို ပြောပါတယ်။

“၂၀၁၄ ခုနှစ်ကတော့ တကယ့်ကို စိတ်ပျက်စရာ ကောင်းပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေဟာ နောက်ပြန်ဆုတ်နေတာပါ။ လွန်ခဲ့တဲ့ ၂ နှစ်က မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ စတင်လုပ်ဆောင်နိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ်ကစပြီး ဆက်လက် ဆောင်ရွက်တာမျိုး မရှိသလို နိုင်ငံရေးအခြေအနေမှာလည်း မျှော်လင့်ချက်တွေ ပျောက်နေပါတယ်။ မြန်မာအစိုးရ ဘယ်ကို ဦးတည်သွားနေတာလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာကတော့ ကောင်းတဲ့အချက်ဆိုပေမဲ့ ပြည်သူအများဆန္ဒနဲ့ ကိုက်ညီမယ့်ရလဒ် ထွက်ပေါ်လာဖို့ မျှော်လင့်လို့ မရပါဘူး။”

AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကလည်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တာမျိုး မရှိသေးဘူးလို့ နိုင်ငံတကာ ပညာပေးရေးဆိုင်ရာ ညွန်ကြားရေးမှူး ဒေါက်တာ T. Kumar က ပြောပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ရှိနေဆဲဖြစ်တယ်လို့ မြင်ပါတယ်။ သတင်းလွတ်လပ်ခွင့်မှာလည်း အခက်အခဲ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေလည်း ရှိနေဆဲပါ။ တိုင်းရင်းသားတွေ အပါအဝင် လူနည်းစု ဘာသာခြား ရိုဟင်ဂျာ မူဆလင်တွေလည်း အဖိနှိပ်ခံနေရဆဲ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အစီရင်ခံစာကို တိုင်းရင်းသား အမျိုးသမီးအဖွဲ့တွေက ထုတ်ပြန်ခဲ့ပေမဲ့ အကြမ်းဖက်မှု ကျူးလွန်သူတွေကို အရေးယူခြင်းမရှိတဲ့အပြင် အာဏာပိုင်တွေကို သွားရောက် တိုင်ကြားသူတွေကိုလည်း ပြန်ပြီး အရေးယူတဲ့ ဖြစ်ရပ်တွေ ရှိနေဆဲပဲလို့ အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦး က ပြောပါတယ်။

“ကချင်ပြည်နယ်တွင်းမှာ ၂၀၀၃ ခုနှစ်ကဖြစ်တာ။ အဲ့ဒီမှာ မဂျာဆိုင်းအိမ်ဆိုတဲ့ ကျောင်းသူလေးတယောက် သေဆုံးတဲ့ကိစ္စဖြစ်တယ်။ တပ်မတော်စစ်ကြောင်းကနေပြီးတော့ အပေါ်ကုန်းမှာ ကြီးစိုးထားတဲ့အဖွဲ့နဲ့ အောက်မှာရှိနေတဲ့အဖွဲ့ နားလည်မှုမှားပြီးတော့ အပြန်အလှန် ပစ်ခတ်ကြရင်းကနေ ဒီကျောင်းသူလေးအပါအဝင် ကျောင်းဆရာမတယောက် ထိခိုက်ဒဏ်ရာရတယ်။ တခြားကျောင်းသူတွေလည်း အနည်းငယ် ပွန်းပဲ့ဒဏ်ရာရတာတွေ ကျနော်တို့ တွေ့ရတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဆေးရုံပို့ဖို့အတွက်ကို ပြောတဲ့အခါမှာ အချိန်မီ ဆေးရုံမပို့နိုင်တဲ့အတွက် မဂျာဆိုင်းရီက သေဆုံးသွားရတာဖြစ်တယ်။ အဲတော့ အဲ့ဒီလို သေဆုံးသွားရတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ လူ့အခွင့်အရေးကော်မရှင်ကို ဖခင်ဖြစ်သူ ဘရန်ရှောင်ကနေ တိုင်ကြားတဲ့အခါမှာ မမှန်မကန် သတင်းပေးတိုင်ကြားတယ်ဆိုပြီးတော့ စစ်တပ်ကနေပြီး ထပ်မံ တရားစွဲဆိုတာ ခံရတယ်။ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ အုပ်ချုပ်ရေး အာဏာပိုင်တွေ ဘက်ကရော၊ စစ်တပ်က ချိုးဖောက်တဲ့သူတွေရော ဒါတွေကို တရားရေးမဏ္ဍိုင်ကနေပြီးတော့ တည့်မတ်အောင် လုပ်ဆောင်မပေးနိုင်တဲ့ ဥစ္စာတွေက ဒီမဂျာဆိုင်းရီ အမှုတင်မကပါဘူး။ ဒီ ပြည်နဝဒေးတံတားအောက်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုမှာဆိုရင် အဲ့ဒီလိုပဲဖြစ်တယ်။”

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ၂၀၁၄ ခုနှစ် ကုလသမဂ္ဂညီလာခံ မိန့်ခွန်းမှာတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ တိုးတက်နေပြီး၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကိုလည်း ဥပဒေနဲ့အညီ ဖွဲ့စည်းထားပြီးသား ဖြစ်တာကြောင့် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေမှာ မြန်မာနိုင်ငံကို ဆက်ပြီး ထည့်သွင်းဆွေးနွေးဖို့ မသင့်တော့ဘူးလို့ ပြောသွားပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး ကာကွယ်ရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က အလေးထား ဆောင်ရွက်တာတွေမှာ အားနည်းချက်တွေ ရှိနေဆဲပဲလို့ လူထုအခြေပြု အဖွဲ့အစည်း ဦးဆောင်နေသူတဦးဖြစ်တဲ့ မဇင်မာအောင်က ပြောပါတယ်။

“အစိုးရဘက်ကတော့ ကော်မတီတွေတော့ ဖွဲ့နေတာပဲ။ လူ့အခွင့်အရေးတွေကို နိုင်ငံသားတိုင်းအပြင် လူသားတိုင်းခံစားရဖို့ဆိုတာက ကော်မတီတွေ ဖွဲ့ရုံနဲ့တော့ မပြီးဘူး။ ဘယ်လောက်အထိ ကျမတို့ လူ့အသိုင်းအဝိုင်းထဲမှာ နောက်ပြီးတော့ ကျမတို့ နိုင်ငံရေးဆိုင်ရာ Institution တွေပေါ့နော် အစိုးရ အစရှိတဲ့ အဖွဲ့အစည်းတွေကရော ဘယ်လောက်အထိ ယုံယုံကြည်ကြည် နှစ်နှစ်ကာကာနဲ့ လူ့အခွင့်အရေးတွေကို မြှင့်တင်နေလဲဆိုတာက ပိုပြီးတော့ အရေးကြီးတယ်လို့ ထင်တယ်။ မြင်သာထင်သာတဲ့ လတ်တလော ဗမာပြည်မှာဆိုရင် property rights ပိုင်ဆိုင်မှုအခွင့်အရေးတွေနဲ့ ပတ်သက်လို့ဆိုရင် လယ်မြေသိမ်းခံရတဲ့ ပြဿနာတွေက ကျယ်ကျယ်ပြန့်ပြန့် ရှိနေတုန်းပဲ။ ဒါတွေကိုလည်း စနစ်တကျ ထိထိရောက်ရောက် ဖြေရှင်းနိုင်တာမျိုးတွေ မတွေ့ရသေးဘူးပေါ့။”

ဒီနှစ် လူ့အခွင့်အရေးနေ့ ဆောင်ပုဒ်ကို လူ့အခွင့်အရေး - ၃၆၅ လို့ သတ်မှတ်ထားပါတယ်။ တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရက်လုံးဟာ လူ့အခွင့်အရေးနေ့တွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံတဝှမ်းမှာတော့ လူ့အခွင့်အရေး လှုပ်ရှားနေသူတွေက နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲတွေကို ဦးဆောင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG