သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်း ခရစ်စမတ် ဆုမွန်ခြွေ


ပုပ်ရဟန်းမင်းကြီး Francis ဟာ ခရစ္စမတ်နေ့အဖြစ် Vatican City မှာရှိတဲ့ St Peter ရင်ပြင်မှာ စုဝေးရောက်ရှိ လာကြတဲ့ ပရိတ်သတ် ထောင်ပေါင်းများစွာ ကို ကောင်းချီးမေတ္တာ ပို့သခဲ့ပါတယ်။ ခရစ္စမတ်နေ့ တရားဟောကြားရာမှာလည်း ဒီနှစ်ဆန်းပိုင်းတုန်းက ဆီးရီးယားနဲ့ အီရတ်နိုင်ငံက နယ်မြေတော်တော်များများကို သိမ်းပိုက်ခဲ့တဲ့ IS အစ္စလာမ် အစွန်းရောက် အဖွဲ့က လူနည်းစုတွေအပေါ် ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်မှုတွေကိုလည်း ရှုတ်ချခဲ့တာပါ။

ကမ္ဘာတဝှမ်းက ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဟောကြားရာမှာလည်း ယူကရိန်း၊ နိုင်ဂျီးရီးယားနဲ့ ဗဟိုအာဖရိက သမ္မတ နိုင်ငံတွေလို တိုင်းပြည်တွေမှာ ငြိမ်းချမ်းရေး ရရှိဖို့၊ ပါကစ္စတန် နိုင်ငံမှာ ကျောင်းသားတွေ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့လည်း ပြောကြားသွားခဲ့ပါတယ်။ အီဘိုလာရောဂါ ဒဏ် ခံခဲ့ရသူတွေ၊ အထူးသဖြင့် Liberia, Sierra Leone နဲ့ Guinea နိုင်ငံတွေ က ပြည်သူတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသူတွေ အတွက်လည်း ကောင်းချီးပေးခဲ့တာပါ။

ယေရှုခရစ် ဖွားမြင်တော်မူခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ခရစ္စမတ်နေ့ဟာ ခရစ်ယာန် ဘာသာဝင်တွေ အတွက် ထူးခြားမြင့်မြတ်တဲ့ နေ့တနေ့ ဖြစ်ပါတယ်။ ယေရှုခရစ် ဖွားမြင်ရာ အရပ်အဖြစ် ခရစ်ယာန်တွေ ယုံကြည်ထားကြတဲ့ အနောက်ဖက် ကမ်းခြေဒေသ Bethlehem က ဘုရားကျောင်းမှာလည်း ခရစ္စမတ် အခန်းအနားအဖြစ် စုဝေးခဲ့ကြတာပါ။

မနေ့တုန်းက သန်းခေါင်ယံ ဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး ဟောကြားရာ မှာတော့ အကျင့်ပျက်ခြစားမှု ဒုစရိုက်တွေထက် ငြိမ်းချမ်းရေးက ပိုပြီး အားကောင်းတယ် ဆိုတဲ့ ဘုရားသခင်ရဲ့ ဟောကြားချက်ကို မမေ့ကြဖို့ ကမ္ဘာတဝှန်းက ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာဝင်တွေကို တိုက်တွန်း လိုက်ပါတယ်။ ဆုတောင်းပွဲ မတိုင်ခင်မှာတော့ ပုပ်ရဟန်းမင်းကြီး Francis ဟာ အီရတ်နိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းတခုထဲက ခရစ္စယာန် ဒုက္ခသည်တွေကို သာယာတဲ့ အနာဂတ်အတွက် မျှော်လင့်ချက် ထားကြဖို့ တယ်လီဖုန်းကတဆင့် ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG