သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်း တောင်သူ ဈာပန ဒေသခံ ရာချီ တက်ရောက်


သေဆုံးသူ လက်ပန်းတောင်းတောင်သူ ဒေါ်ခင်ဝင်း အုတ်ဂူကို လာရောက် အလေးပြု။ Credit to သတင်းဓာတ်ပုံ (ကိုထက်)
သေဆုံးသူ လက်ပန်းတောင်းတောင်သူ ဒေါ်ခင်ဝင်း အုတ်ဂူကို လာရောက် အလေးပြု။ Credit to သတင်းဓာတ်ပုံ (ကိုထက်)

သေနတ်ထိမှန် သေဆုံးသွားခဲ့ရတဲ့ လက်ပန်းတောင်း တောင်သူဒေါ်ခင်ဝင်း ဈာပနကို ထောင်ချီတဲ့ ဒေသခံတွေက ချီတက် အလေးပြုပြီး ကျင်းပ ခဲ့ပါတယ်။ ကြေးနီ စီမံကိန်း ချက်ခြင်းရပ်ပေးရေး အပါအဝင် အချက် ၃ချက်ကို ဒေသခံတွေ က တောင်းဆိုခဲ့ပါတယ်။ တက်ကြွလှုပ်ရှားသူတွေက လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ရတဲ့ လက်ပန်တောင်းက မြေသိမ်းမူတွေနဲ့ ပတ်သက်လို့ တရုပ်အစိုးရမှာ တာဝန်ရှိကြောင်း ထုတ်ဖော်တဲ့အနေနဲ့ ရန်ကုန်မြို့ တရုတ် သံရုံးရှေ့ ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို မအေးမာ သတင်းပေးပို့ထားပါတယ် ။

လက်ပန်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ ရတဲ့ ဒေါ်ခင်ဝင်းရဲ့ ဈာပနကို လက်ပန်တောင်းတောင်မှာ ထောင်ချီတဲ့ဒေသခံတွေက ချီတက် အလေးပြုခဲ့ပြီး ဆန္ဒပြတောင်းဆိုခဲ့တာပါ။ ဒီထဲမှာ အချက် ၃ချက်ကို သာ ဒေသခံတွေ က တောင်းဆိုခဲ့ကြောင်း စန်းမြဝတီကျောင်းတိုက်က ဦးဇင်းဦးစန္ဒာသိရီက မိန့်ပါတယ်။

" သေနတ်ကျည်ဆံ ထိမှန်ခဲ့တဲ့ ကျဆုံးခဲ့တဲ့နေရာ၊ သေဆုံးခဲ့တဲ့ နေရာကို ချီတက်ပြီးတော့ ဝမ်းနည်းဖွယ် အထိမ်းအမှတ် နောက်ပြီးတော့ ဂုဏ်ပြု ချီတက်ပွဲလေး လုပ်လိုက်တယ် ဒကာမကြီး။ လက်ပန်းတောင် တောင်ဒေသ ခံတွေ က ဒေါ်ခင်ဝင်းကို အကြမ်းဖက် ပစ်သတ်လိုက်သော ကြေးနီ စီမံကိန်း ချက်ခြင်းရပ်ပေါ့နော်။ စုံစမ်းရေး အစီရင်ခံစာကို မလိုက်နာတဲ့ ကြေးနီစီမံကိန်း ဖျက်သိမ်းပစ်ပေါ့နော်။ အကြမ်းဖက် သိမ်းပိုက်ခံလိုက်ရသော လယ်ယာမြေများကို ချက်ခြင်းပြန်ပေးဆိုပြီးတော့ ဒီအချက်သုံးချက်ကို ၂၆ရွာနဲ့တကွ တနိုင်ငံလုံးရဲ့ တောင်သူလယ်သမားတွေ ရဲ့ကိုယ်စား တောင်းဆိုတဲ့အချက် ကတော့ ဒီသုံးချက်ပဲ ဒကာမကြီး။ အဖွဲ့အစည်း အတော်များများရော နောက်ပြီးတော့ ဒီလက်ပန်းတောင် ပတ်ဝန်းကျင်က ကျေးရွာတွေရော၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူ ပေါ့ အင်အားကတော့ ကွင်းလည်းပြည့်တယ် ဆိုတော့ နှစ်ထောင်ကျော်ကျော် သုံးထောင်လောက် ရှိမယ်လို့ ခန့်မှန်းရတယ်။ ဒကာမကြီး။ "

ခြံစည်းရိုးကာရံထားတဲ့ အတွင်းမှာ သူတို့ စိုက်ပျိုးထားတဲ့ သီးနှံတွေရှိနေသလို သူတို့ မြေကြီးကို ဘယ်တော့မှ ရောင်းမှာ မဟုတ်ဘူးလို့ သေဆုံးခဲ့ရတဲ့ ဒေါ်ခင်ဝင်းရဲ့ဆွေမျိုးတော်စပ်သူ မိုးကြိုးပြင်ရွာသူ မဝ ကပြောပါတယ်။

" ကျမတို့ လက်ပန်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စီမံကိန်းကို ဖျက်သိမ်းရင် အကြိုက်ဆုံးပဲ။ ကျမတို့ လယ်ယာမြေတွေကို ရောင်းမှာမဟုတ်ဘူး။ သတ်ပစ်လည်း ရောင်းမှာ မဟုတ်ဘူး။ လူကို သတ်လုလည်း ကျမတို့က ရောင်းမှာမဟုတ်ဘူး။ မရောင်းနိုင်ဘူး။ ကျမတို့က တောင်သူပဲ လုပ်စားမှာ။ သူတို့ကျွန်ကိုလည်း မခံနိုင်ဘူး။ အခုဆိုရင် သူတို့က ကျမတို့ကို ရိုက်တာ ပစ်တာ၊ ကျမတို့ အခင်းတွေကို မရောင်းနိုင်လို့ ကျမတို့ ကာကွယ်တာ၊ ကျမတို့ လက်ထဲမှာဘာမှ မပါဘူး။ သူတို့ လက်ထဲမှာက သေနတ် ပါတယ်။ ဘတ်ခွ ပါတယ်။ ဓားပါတယ်။ နံပတ်တုတ် ပါတယ်။ ကျမတို့ လူထုမှာ ဘာမှ မပါဘူး။ သေနတ်နဲ့ပစ်တာ၊ တရုတ်ဝန်ထမ်းက တူနဲ့ထုတာ။ ခြံစည်းရိုး ခတ်တယ် ဆိုလို့ရှိရင် သံပိုက်လုံးကြီးတွေနဲ့ ခတ်တယ်။ အချွန်တွေ ခတ်တယ်။ တူတွေနဲ့ ထူတယ်။ လူကိုလည်း ထုတယ်။ သူတို့ သံလုံးကိုလည်း ထုတယ်။ အကုန်ထုတာ။"

ပြီးခဲ့တဲ့ရက်က ကြေးနီစီမံကိန်း ခြံစည်းရိုးကာရံမူအတွင်းမှာ ဒေသခံလူထုနဲ့ ကုမ္ပဏီဝန်ထမ်းတွေ ကုမ္ပဏီကို အကာကွယ်ပေးခဲ့တဲ့ ရဲအာဏာပိုင်တွေ တင်းမာမူဖြစ်အပြီးမှာ လူတဦးသေဆုံးပြီး ဒါဇင်နဲ့ ချီတဲ့ ဒေသခံတွေ ထိခိုက်ဒဏ်ရာများ ရရှိခဲ့တာပါ။ မြန်မာအစိုးရပိုင် သတင်းတွေမှာတော့ ကြေးနီး စီမံကိန်းခြံစည်းရိုး ကာရံတာကိုအနှောက်ယှက်ပေးတာကြောင့် ပဋိပက္ခဖြစ်ပွားပြိးလူတဦးသေဆုံးကာ ဒေသခံတွေနဲ့ ရဲတွေ ဒဏ်ရာရခဲ့တယ် လို့ ရေးသားထားပါတယ်။ ဒီအတွက် အဓိကရုဏ်း နှိမ်နင်းရေး လက်နက်ဖြစ်တဲ့၁၂ ဗို့ပြောင်းချောသေနတ်ကို သုံးခဲ့ရတယ်လို့ဆိုပါတယ်။

ဒေသခံတွေကတော့ သူတိုရဲ့မြေတွေ သိမ်းဆည်းခံလိုက်ရတဲ့အတွက် ဆည်တဲရွာတရွာလုံးကတော့ နောက်ထပ် စိုက်ပျိုးစားသာက်စရာမြေတွေ မရှိတော့တဲ့အတွက် တောင်သူတွေရဲ့ စားဝတ်နေရေး အတွက် အခက်အခဲတွေ ကြုံရတော့မယ်လို့ ဆိုပါတယ် လက်ရှိမှာလည်း ရွာမီးရှို့မယ် ဆိုတဲ့ သတင်းတွေ ကြားနေရတာကြောင့် ရိပ်သိမ်းပြီးသားပဲနှမ်းတွေ ပြောင်းရွှေ့နေရသလို စိုက်လက်စ မရိတ်သိမ်းရသေးတဲ့ ပဲနှမ်းတွေကတော့ ဆုံးရှုံးနစ်နာခဲ့ရပြီလို့လည်း ဆိုပါတယ်။ ဒီထဲမှာ ခြံစည်းရိုး ကာရံထားတဲ့နေရာတွေမှာ လျှပ်စစ်ဓါတ်တွေ လွှတ်ထားတယ် ဆိုတဲ့သတင်းတွေကြောင့် ကျဲနွားတိရစ္ဆာန်တွေ ရွာသားတွေအတွက် စိုးရိမ်ပူပန်မူတွေလည်း ရှိနေပါတယ်။

မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူကို ခြံစည်းရိုးကိုလျပ်စစ်ဓါတ်အားတွေ လွှတ်ထားတာ ဟုတ်မဟုတ် ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ ဒီသတင်းမဟုတ်မှန်ကြောင်း ငြင်းဆိုပါတယ်။

မအေးအေးမာ (VOA) - ခြံစည်းရိုးကာထားတဲ့ သွပ်ဆူးကြိုးတွေ နေရာမှာ လျှပ်စစ်ဓာတ်အားတွေ လွှတ်တယ်ဆိုတာ ဟုတ်ပါသလား။

မြန်မာဝမ်ပေါင်- ဟာ မရှိဘူး။ မရှိဘူး။ အဲ့တာဟာ ကောလဟာလပဲ။ အဲ့တာမရှိဘူး။

ရန်ကုန်မြို့မှာတော့ ညနေပိုင်းမှာ အင်အား ၆၀ ခန့်ရှိတဲ့ တက်ကြွလှုပ်ရှားသူတွေ စုဝေးပြီး တရုတ်သံရုံးရှေ့မှာဆန္ဒပြနေကြပါတယ် နစ်နာကြေး မယူထားတဲ့မြေတွေ သိမ်းဆည်းခံရတာတွေ ဟာ ဒေသခံတဦး သေဆုံးရတဲ့အထိ အခြေအနေတွေ ဖြစ်ခဲ့ ရတယ် ဆိုပြီး ဆန္ဒပြသူတွေကဆိုပါတယ်။ တရုတ် ကုမ္ပဏီဖြစ်တဲ့ မြန်မာ ဝမ်ပေါင် ကုမ္ပဏီ ဝန်ထမ်းတွေရဲ့ဒေသခံတွေအပေါ် ကိုယ်ထိ လက်ရောက် ကျုးလွန်မူတွေ ရှိတာကြောင့်ဆိုပြီး တရုတ်အစိုးရမှာတာဝန်ရှိတယ်ဆိုကာ တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြကြတာဖြစ်ကြောင်းပြောပါတယ်။

XS
SM
MD
LG