သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့သြစတေးလျ နိုင်ငံခြားသားနှစ်ဦးကို မူဆယ်မှာ စစ်ဆေး


ရှမ်းပြည်နယ်။
ရှမ်းပြည်နယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်က ကားတစင်းကို စစ်ဆေးရာမှာ မူးယစ်ဆေးဝါးနဲ့ ကျည်ဆန်အချို့ ဖမ်းဆီးခံရာမှာ အဲဒီမှာပါလာတဲ့ အမေရိကန်နဲ့ သြစတေးလျနှစ်ဦး ကိုပါ အာဏာပိုင်တွေက မေးမြန်းစစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးကို ဒီကနေ့မှာတော့ ပြန်လွှတ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်လို့ လူဝင်မှုကြီးကြပ်ရေး အရာရှိတဦးက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ဖက်ကာ-နမ့်ခမ်း ကားလမ်း ၁၂ မိုင်မှာ ပလောင် ၁ ဦး အမေရိကန် ၁ဦးနဲ့ သြစတေးလျ ၁ဦးတို့ကို မူဆယ်ရဲစခန်းမှာ ဖမ်းဆီးပြီး မေးမြန်းစစ်ဆေးနေတယ်လို့ လူမှုကွန်ယက်တွေကနေတဆင့် သတင်းတွေ ပြန့်နှံ့ထွက်ပေါ်လာတာပါ။

မူဆယ် မြိ့မ ရဲစခန်းကို ဗွီအိုအေ ရန်ကုန်ရုံးက မမေခက ဆက်သွယ်မေးမြန်း ရာမှာတော့ ပလောင်တဦးကိုပဲ မူယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်း လက်ဝယ်တွေ့ရှိမှု နဲ့ ဖမ်းထား တာဖြစ်ပြီး၊ အမေရိကန် တဦးနဲ့ သြစတေးလျ တဦး တို့ ကိုတော့ ပြန်လွှတ်ပေး မှာဖြစ်တယ် အခုတော့ လူဝင်မှုကြီးကြပ်ရေးက စီစစ်မှုတွေ လုပ်နေတယ်လို့ ရဲတာဝန်ရှိသူတဦးက ပြောပါတယ်။

" ပလောင်တယောက်ကိုတော့ မူးယစ် ဆေးပြား ၄၀ပေါ့နော်။ ကားပေါ်မှာ တွေ့လို့ အဲ့တာ အရေးယူထားပါတယ်။"

မေခ။ ။ အမေရိကန်တယောက်တို့ ဘာတို့ကရော။

" အဲ့တာကတော့ သူတို့ကို စီစစ်ဆဲ။ လဝကမှာ သူတို့ကို အတည်ပြုဖို့ စစ်ဆေးနေပါတယ်။ သူတို့က မသယ်ပါဘူး။ ပလောင်ကပဲ သယ်လာတာပါ။ သူတို့က ကားကြုံစီးလာတာပါ။ အဲ့ဒီ့ကားက လိုင်းကားလေ။"

မူဆယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးက အမည်မဖော်လိုတဲ့ အရာရှိတဦးကတော့ သူတို့ကို ဒီနေ့မှာပဲ ပြန်လွှတ်ပေးဖို့ စီစဉ်နေပါတယ်လို့ ဗွီအိုအေကို ပြောခဲ့ပါတယ်။


" ကျနော်တို့ အဲ့ဒီ့မှာ နိုင်ငံခြားသားနှစ်ယောက်ကို ပတ်စပို့ကြည့်တယ်။ ပတ်စပို့ကြည့်တော့ သြစတေးလျနဲ့ အမေရိကားနှစ်ယောက်။ ပတ်စပို့မှာ ဗီဇာရှိတယ်။ သက်တမ်းရှိတယ်။ နေခွင့်သက်တမ်းရှိတယ်။ စတေးလည်း ရှိတယ်ဆိုတော့ ကျနော်တို့ဘက်က ဘာမှ ပွင့်ပွင့်လင်းလင်းပြောရင် ဘာမှ တရားစွဲဆိုမှု မရှိဘူးပေါ့ဗျာ။ သူတို့ကို ပြီးရင်တော့ ပြန်လွှတ်ဖို့ပါပဲ။ ဘာမှမရှိပါဘူးခင်ဗျ။"

မေခ။ ။ အဲ့တာဆို အခုတော့ သူတို့ကို ပြန်လွှတ်ဖို့ပဲ စီစဉ်ထားတာပေါ့နော်။

" ဟုတ်ကဲ့။ ဟုတ်ကဲ့။ ကားတွေ ဘာတွေ စီစဉ်နေပါပြီ။ သူတို့ိကို ပြန်လွှတ်မှာပါ။"

မေခ။ ။ သူတို့ကရော ဒီကို အလည်လာတော့ ဒီပလောင်နယ်မြေဆိုတာ စစ်ပွဲတွေလည်း ခနခန ဖြစ်နေတော့ သူတို့က ဘယ်လိုကြောင့် အဲ့ဒီ့ဘက်ကိုရောက် လာရသလဲဆိုတာရော သိပြီးသွားပြီလားရှင့်။

" အဲ့တာ မနေ့တုန်းကတော့ သူတို့ကို ကျနော်တို့ စစ်ဆေးမေးမြန်းတဲ့အချိန်မှာ ကျနော်တို့ ကြားတာပေါ့လေ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေက မေးတဲ့အချိန်မှာတော့ သူတို့က ရန်ကုန်မှာ အင်္ဂလိပ်စာသင်တယ်လို့ပြောတယ်။ စာသင်တော့ ပလောင်တိုင်းရင်းသားတွေရဲ့ သဘာဝ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ အကျင့်စရိုက်လေးတွေပေါ့လေ။ အဲ့ဒီ့သဘာဝကို လေ့လာချင်လို့ ပလောင်ဒေသကို ဓာတ်ပုံမှတ်တမ်းယူဖို့ လာတယ်လို့ပြောတာတော့ ကြားမိပါတယ်။ "

မေခ။ ။ အခင်းဖြစ်တာက ဘယ်နေ့ကဖြစ်တာလဲ မသိဘူးရှင့်။

"မနေ့ကဖြစ်တာခင်ဗျ။"

မေခ။ ။ အော် မနေ့ကဖြစ်တာ။ ဒါဆို အခုအချိန်အထိ အကိုတို့ သူတို့ကို ခေါ်ထားဆဲပဲပေါ့နော်။

"မခေါ်ထားဘူးခင်ဗျ။ ကျနော်တို့ဆီမှာ မဟုတ်ဘူး။ မြို့မ ရဲစခန်းမှာ။ ကျနော်တို့ဆီမှာ မခေါ်ထားဘူးခင်ဗျ။"

မေခ။ ။ အော် မြို့မရဲစခန်းမှာ ခန ထား ထားသေးတယ်ပေါ့။.

" ဟုတ်ကဲ့။ ဟုတ်ကဲ့။ ကားတွေ ဘာတွေ ဌားနေပြီ ခနကြာရင် ပြန်လွှတ်တော့မှာခင်ဗျ။"

မေခ။ ။ ဒါဆို သူတို့ကို တရက်တော့ ခေါ်ထားတာပေါ့ အဲ့လိုလား။

" တရက်ခေါ်ထားတာလည်း မဟုတ်ဘူး။ သူတို့က စပြီး ညကတည်းက စစ်ဆေးမေးမြန်းပြီးတော့ တည်းခိုခန်းမှာ ပေးအိပ်တယ်။ မနက်ကျတော့ သတင်းတွေကို အထက်အကြီးအကဲ ဘာညာ တင်ပြပြီးတော့ အခု ကျနော်တို့ ပြန်လွှတ်တော့မှာပါ။

မေခ။ အော် ဟုတ်ကဲ့ဟုတ်ကဲ့။ သူတို့က မူဆယ်ဘယ်တည်းခိုခန်းမှာ တည်းတာပါလဲရှင့်။

"သူတို့တည်းတာမဟုတ်ဘူး။ ကျနော်တို့ဆီက သွားစီစဉ်ပေးတာခင်ဗျ။ ကျနော်တို့ တည်းခိုခန်း ၉၇မှာ။ တည်းခိုခန်း ၉၇မှာ သွားတည်းတယ်။ ကျနော်တို့ စီစဉ်ပေးတာပေါ့။"

အခု အဖမ်းအဆီးဖြစ်ခဲ့တဲ့ ဒေသဟာ TNLA ပလောင်တပ်ဖွဲ့ဝင်တွေ စစ်ရေး လှုပ်ရှားနေကြတဲ့ ဒေသဖြစ်တာမို့၊ လုံခြုံရေးအရ တင်းကြပ်နေချိန်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG