သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ လူ့အခွင့်အရေး လုံခြုံရေးကောင်စီဆွေးနွေး


ကုလသမဂ္ဂ အဆောက်အဦး။
ကုလသမဂ္ဂ အဆောက်အဦး။

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကြာသပတေးနေ့က တံခါးပိတ် ကြားနာ ဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက၊ ကုလသမဂ္ဂ အခေါ်အားဖြင့် ရိုဟင်ဂျာ မူစလင် လူနည်းစုတွေရဲ့ ဆိုးရွားတဲ့အခြေအနေကို အလေးထား ပြောဆိုကြတယ်လို့ တက်ရောက်တဲ့ သံတမန်တွေက ပြောပါ တယ်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ သမိုင်းဝင် ဆွေးနွေးပွဲ၊ မြန်မာ့ လူ့အခွင့်အရေး အခြေအနေပေါ် အဓိက ပြောဆို၊ မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီ တိုးတက်ရေးအတွက် လူ့အခွင့်အရေး အခရာကျ” ဆိုပြီး အဓိပ္ပါယ်ရမယ့် မှတ်ချက် တခုကို ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power က သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Hussein က ဗွီဒီယိုကနေတဆင့် လုံခြုံရေးကောင်စီကို အစီရင်ခံ တင်ပြပါတယ်။ “မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ဆိုးရွားတဲ့အခြေအနေနဲ့ စနစ်တကျ ခွဲခြားဆက်ဆံခံရမှုတွေ အကြောင်း မဟာမင်းကြီး Zeid က အခိုင်အမာ တင်ပြခဲ့တယ်” လို့ ဆွေးနွေးပွဲ တက်ရောက်တဲ့ အမည်မဖော်လိုတဲ့ သံတမန်တဦး ကပြောတာကို ရိုက်တာသတင်းဌာနက ကိုးကားရေးထားပါတယ်။

မဟာမင်းကြီးရဲ့ တင်ပြချက်အကြောင်း နောက်ထပ် သံတမန် တဦးကလဲ အတည်ပြုပြီး ကောင်စီအနေနဲ့ ချက်ခြင်း အရေးယူ လုပ်ဆောင်တာမျိုး ထွက်လာဖို့တော့ မျှော်လင့်မထားဘူးလို့ ဆိုပါ တယ်။ ပြဿနာရဲ့ အခြေခံ အကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက တုန့်ပြန်ပြောဆိုကြပြီး အရှေ့တောင် အာရှဒေသက ရွှေ့ပြောင်းနေထိုင်သူတွေ အရေး ဘန်ကောက်မှာ ကျင်းပမယ့် အစည်းအဝေးကို ကြိုဆိုတဲ့ အကြောင်း ပြောကြပါတယ်။

လုံခြုံရေးကောင်စီဟာ လူ့အခွင့်အရေးကိစ္စကို ဆွေးနွေးဖို့ သင့်တင့်လျောက်ပတ် တဲ့နေရာ မဟုတ်ဘဲ ဂျီနီဗာမှာရှိတဲ့ လူ့အခွင့် အရေးကောင်စီက ကိုင်တွယ် လုပ်ဆောင်သင့်တယ်လို့ ရုရှားကိုယ်စားလှယ်တဦးကပြောတာကိုလဲ သံတမန်တဦးက ပြန်ပြောပြ ပါတယ်။ မြန်မာနိုင်ငံရဲ့ အစဉ်အလာမဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံကတော့ ဒါဟာ ပြည်တွင်းရေးကိစ္စဖြစ်တယ်လို့ ဆိုပေမဲ့ အခြေအနေပေါ် စိုးရိမ်တဲ့အကြောင်းပြောပါတယ်။

XS
SM
MD
LG