သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-ဘင်္ဂလားဒေ့ရှ် ပြဿနာ


The Naf River, on the border of Bangladesh and Myanmar
The Naf River, on the border of Bangladesh and Myanmar

ဘင်္ဂါလီ/ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ် ပြည်သားတွေပါဝင်တဲ့ လှေစီးပြေးသတင်းနဲပ နယ်စပ်ပစ်ခတ်မှုသတင်းကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် လူဝင်မှုပြဿနာကို အာရုံစိုက်လာကြပြန်တယ်။ နှစ်ပေါင်းများစွာ တအုံနွေးနွေးဖြစ်လာခဲ့တဲ့ လူဝင်မှုပြဿနာ ပေါက်ကွဲတဲ့အခါမှာ ကမ္ဘာ့သတင်း ဖြစ်သွားပါတယ်။ အမေရိကန်အစိုးရ အထူးအာရုံစိုက်တဲ့ကိစ္စ ဖြစ်လာပါတယ်။ လှေစီးပြေးမှုတွေနဲ့ လူ့အခွင့်အရေး ဆော်သြမှုတွေ များလာတဲ့အတွက် ဘင်္ဂါလီ/ရိုဟင်ဂျာကိစ္စဟာ ဒေသဆိုင်ရာနဲ့ အပြည်ပြည်ဆိုင်ရာ ပြဿနာအသွင်ဆောင်လာပြီး သက်ဆိုင်ရာ အစိုးရတွေ အရေးယူဆောင်ရွက်ရမယ့်ကိစ္စတခုလို ဖြစ်လာပါတယ်။

ရခိုင်ပြည်ကို မွတ်စလင်ဘာသာဝင်တွေ ရောက်လာပုံကို အထောက်အထားနဲ့ ရေးထားတဲ့ သုတေသနစာတမ်း (၂) စောင် ရှိပါတယ်။ ဂျပန်ပြည် “ကမ်းဓ” တက္ကသိုလ် ပါမောက္ခဒေါက်တာအေးချမ်း ပြုစုပြီး (၂၀၀၅) ခုနှစ်က ထုတ်ဝေနဲ့စာတမ်းနဲ့ မြန်မာနိုင်ငံသမိုင်း သုတေသနဦးစီးဌာန ညွှန်ကြားရေးမှုးဦးမြင့်သိန်း ရေးသားပြီး (၂၀၀၉) က ထုတ်ဝေတဲ့ စာတမ်းဖြစ်ပါတယ်။ အင်္ဂလိပ်လိုရေးတဲ့ ကိုအေးချမ်းစာတမ်းကို လူသိများပေမယ့် ဦးမြင့်သိန်းစာတမ်းကိုတော့ နိုင်ငံခြားမှာ လူသိနည်းနေပုံ ရပါတယ်။ စာတမ်းနှစ်ခုစလုံးမှာ (၁၅) ရာစု မြောက်ဦးခေတ်ကစပြီး မွတ်စလင်တွေ ရခိုင်ပြည်ကို ဝင်ရောက်လာပုံကို ဖော်ပြထားပါတယ်။

ရခိုင်ပြည်မှာ မွတ်စလင်အုပ်စု (၄) စု ရှိတယ်လို့ ဒေါက်တာအေးချမ်းက ဆိုပါတယ်။ မြောက်ဦးခေတ်က ဝင်ရောက်လာတဲ့ မြောက်ဦးမွတ်စလင်၊ စစ်မှုထမ်းအနွယ်ဝင်ဖြစ်တဲ့ ကမန် မွတ်စလင်၊ မြေဒူးမွတ်စလင်နဲ့ ကိုလိုနီခေတ်မှာ ဝင်ရောက်လာခဲ့တဲ့ ဘင်္ဂါလီတို့ ဖြစ်ကြပါတယ်။ ဗမာဘုရင်နဲ့ အင်္ဂလိပ်ကသာ ရခိုင်ကို မသိမ်းပိုက်ခဲ့ဘူးဆိုရင် ဘင်္ဂါလီမွတ်စလင် ဝင်ရောက်တဲ့ကိစ္စဟာ တမျိုးတမည် ဖြစ်သွားနိုင်ပါတယ်။ ဗမာမင်းကြီးစိုးတဲ့ အနှစ် (၄၀) ကာလ (၁၇၈၄-၁၈၂၄) မှာ ဖိနှိပ်ညှဉ်းပမ်းတဲ့အတွက် ရခိုင်တိုင်းရင်းသား အများအပြား စစ်တကောင်းနယ်မှာ ခိုလှုံခဲ့ပါတယ်။ ၁၇၉၉ တနှစ်တည်းမှာတင် ရခိုင် (၃၅၀၀၀) စစ်တကောင်းမှာ ခိုလှုံခဲ့ကြောင်း အင်္ဂလိပ်ကုမ္ပဏီတခုက မှတ်တမ်းတင်ထားပါတယ်။ ၁၈၂၄ မှာ အင်္ဂလိပ် သိမ်းပိုက်တော့ ရခိုင်ဒေသမှာ လူဦးရေနည်းလွန်းတဲ့အတွက် စစ်တကောင်းနယ်သားတွေ ဝင်လာအောင် အားပေးခဲ့ပါတယ်။

၁၉၃၀ ရောက်တော့ စစ်တွေခရိုင်မှာ စစ်တကောင်းနယ်သား နှစ်သိန်းနီးပါး ရှိနေပါပြီ။ ဂျပန်ခေတ်မှာ အိန္ဒိယကို အင်္ဂလိပ်ဆုတ်ခွါတဲ့အခါ ရခိုင်-ဘင်္ဂါလီ အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။ ၁၉၄၆ မှာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတောကို ပါကစ္စတန်နိုင်ငံထဲထည့်ဖို့ ကြိုးစားခဲ့တာ မအောင်မြင်တဲ့အခါမှာ မူဂျာဟစ်ဆိုတဲ့ ဘင်္ဂါလီလက်နက်ကိုင် လှုပ်ရှားမှု ပေါ်ပေါက်လာပါတယ်။ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးတိုက်ပွဲမှာ ရခိုင်-ဘင်္ဂါလီက ပါကစ္စတန်ကို ထောက်ခံတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသစ်နဲ့ အဆင်မပြေဖြစ်ရတယ်လို့ ပါမောက္ခအေးချမ်းက ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံရေးအခြေအနေဟာ ဘာသာရေး မဟုတ်ဘဲ အမျိုးသားရေး ဖြစ်ပါတယ်။ ၁၉၇၃ မှာ မဆလစစ်အစိုးရက အခြေခံဥပဒေသစ် ရေးဆွဲနေတုန်း ပြည်သူ့ဆန္ဒခံယူတဲ့အခါမှာ ရိုဟင်ဂျာ/ဘင်္ဂါလီက သီးခြားပြည်နယ် တောင်းဆိုကြောင်း သိရပါတယ်။

ဒါကြောင့်မို့ ရိုဟင်ဂျာကို မဆလစစ်အစိုးရက မယုံသင်္ကာ ဖြစ်သွားပုံ ရပါတယ်။ မဆလခေတ်မှာ ဘင်္ဂါလီ/ရိုဟင်ဂျာတွေ သိန်းချီပြီး ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံတဲ့အကြောင်းကို စာအုပ်စာတမ်း အများအပြား ရေးကြပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ပေါ်လစီစာတမ်းဟာ (၂၀၁၄) မတ်လ (၃၁) ရက်နေ့ကမှ ထွက်လာပါတယ်။ ဒုက္ခသည်စခန်းနှစ်ခုမှာ မြန်မာပြည်သား သုံးသောင်းကျော်သာ ရှိပေမယ့် စာရင်းမလုပ်ရသေးသူက သုံးသိန်းနဲ့ ငါးသိန်းကြားမှာ ရှိတယ်လို့ ဆိုပါတယ်။ ဒီလူတွေကို စာရင်းလုပ်ပြီး မြန်မာနဲ့ အခြားနိုင်ငံမှာ နေရာချထားဖို့ ရည်ရွယ်ပါတယ်။ နိုင်ငံသားအဖြစ် လက်ခံဖို့ စိတ်မကူးပါဘူး။ လူမှုရေး အကူအညီပေးဖို့သာ ရည်ရွယ်ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်လုံးကို သံဆူးကြိုးတံတိုင်း တည်ဆောက်ပြီး နတ်မြစ်ကမ်းမှာ ကင်းစောင့်နိုင်အောင် စီစဉ်ဖို့ ပေါ်လစီစာတမ်းမှာ ဖော်ပြထားပါတယ်။

ဒီပေါ်လစီကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံခြားရန်ပုံငွေနဲ့ အကူအညီ ရှာနေပါတယ်။ အခုလို စာရင်းလုပ်ဖို့ စီစဉ်တာဟာ ပြန်ပို့နိုင်ဖို့အတွက် ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မြင်သူတွေ ရှိပေမယ့် ရှေ့ရေးအာမခံချက် မရှိဘဲ မိမိဆန္ဒအလျောက် ပြန်သူရှိမှာ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းနဲ့ ဘင်္ဂါလီ/ရိုဟင်ဂျာဟာ လူမျိုးရော ဘာသာစကားရော ကွဲပြားခြားနားမှု မရှိသလောက်မို့ နိုင်ငံသားမဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ် လူ့အဖွဲ့အစည်းမှာ ဝင်ဆံ့နေကြပါတယ်။

ရခိုင်ပြည်နယ်မှာ နှိပ်ကွပ်ခံရတာကြောင့် မွတ်စလင်တွေ ထွက်ပြေးလာတာလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ယုံကြည်တဲ့အတွက် ဒီပြဿနာကို ကုလသမဂ္ဂ၊ OIC အစ္စလာမ်အဖွဲ့နဲ့ အခြားအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ တင်ပြရမယ်လို့ ပေါ်လစီစာတမ်းမှာ ဖော်ပြပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လုံးဝမတွေ့ရပါဘူး။ ရခိုင် ဘင်္ဂါလီကိစ္စကို ဒေသဆိုင်ရာနဲ့ အပြည်ပြည်ဆိုင်ရာ ပြဿနာဖြစ်လာအောင်လုပ်ပြီး ဗမာအစိုးရကို ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်က ရည်ရွယ်ပါတယ်။ ဘင်္ဂါလီ/ရိုဟင်ဂျာတွေ ရောုက်သွားတဲ့ နိုင်ငံတွေကလည်း ရခိုင်-ဘင်္ဂလား ပြဿနာကို အပြည်ပြည်ဆိုင်ရာကိစ္စအဖြစ် စိတ်ဝင်စားလာကြတာမို့ ဖိနှိပ်မှုကြောင့် နာမည်ပျက်ထားတဲ့ ဗမာအစိုးရဘက်က ရပ်တည်မယ့်သူ နည်းနေပါတယ်။

XS
SM
MD
LG