သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အမည်မည်းစာရင်း ဖယ်ရှားခံရသူ (၃)ဦးအနက် ဦးတေဇ ဇနီး(ဟောင်း) ပါဝင်


အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန

ကွယ်လွန်သွားပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဒုဗိုလ်ချုပ်ကြီး မောင်ဘိုတို့ အပါအဝင် စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဦးတေဇရဲ့ ဇနီး(ဟောင်း) ဒေါ်သီတာဇော်တို့ သုံးဦးကို အမည်မည်း စာရင်းကနေ ပယ်ဖျက် လိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မနေ့က ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ဆက်ပြီးချိုးဖောက်နေတဲ့ အာဏာပိုင်တွေကိုလည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အမည်မည်း စာရင်း မှာ ထပ်တိုးပြီး ထုတ်ပြန်သင့်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်ကတင်ပြမှာပါ။

ဇူလိုင် (၉)ရက်နေ့ရက်စွဲနဲ့ ကြေညာချက်မှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ခံ OFAC ခေါ် နိုင်ငံခြားပိုင်ဆိုင်မှုပစ္စည်း ထိန်းချုပ်ရေးဌာနရဲ့ SDN ခေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူဖို့ အထူးသတ်မှတ်ထားတဲ့ နိုင်ငံတွေနဲ့ လူပုဂ္ဂိုလ်တွေ စာရင်းကနေ သူတို့သုံးဦးရဲ့နာမည်တွေကို ပယ်ဖျက်ကြောင်း ဖေါ်ပြထားတာပါ။

ဒုဗိုလ်ချုပ်ကြီး စိုးဝင်းနဲ့ ဒုဗိုလ်ချုပ်ကြီး မောင်ဘိုတို့ နှစ်ဦး ကွယ်လွန်သွားပြီးဖြစ်တဲ့ အတွက် အရင်က အမည်မည်း စာရင်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီခြင်း မရှိတော့တာကြောင့် သူတို့ အမည်တွေကို ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရအမျိူးသမီးကဗွီအိုအေ မြန်မာပိုင်းကို အီးမေးလ်နဲ့ ပေးပို့တုန့်ပြန်တဲ့စာမှာ ဖေါ်ပြထားပါတယ်။

ဒါအပြင် ဒေါ်သီတာဇော်ကို စစ်ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဦးတေဇရဲ့ ဇနီးဖြစ်လို့ ၂၀၀၇ခုနှစ် ဖြည့်စွက်ချက် အမည်မည်းစာရင်းမှာ ပူးတွဲ ထည့်သွင်းခဲ့တာဖြစ်ပေမဲ့ အခုသူရဲ့ အခြေအနေပြောင်းလဲသွားပြီဖြစ်ပြီး အရင် သတ်မှတ်ချက်တွေနဲ့မကိုက်ညီတော့တဲ့အတွက် သူကိုလည်း အမည်မည်း စာရင်းက ပယ်လိုက်ကြောင်းအမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ အမျိုးသမီးရဲ့စာမှာ ရေးသားထားပါတယ်။

အခုလို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာအမည်မည်းစာရင်းတချို့ ပယ်ဖျက် လိုက်တာကိုကြိုဆိုပေမဲ့လည်း ခိုင်လုံတဲ့အကြောင်းအရင်းတွေကို အများပြည်သူ သိအောင် ဘဏ္ဍာရေးဝန်ကြီးဌာနကဖေါ်ပြသင့်တယ်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Dave Matheison ကဗွီအိုအေကိုပြောပါတယ်။

"သူတို့ကြေညာချက်မှာဖေါ်ပြထားတဲ့စကားလုံးတွေကိုကြည့်ရင် ကျနော်တို့အတွက် ဘာကြောင့်ဆိုတဲ့ အချက်တွေသိရဖို့ ခက်ခဲပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ဘယ်လို အချက်တွေကြောင့် အမည်မည်းစာရင်းကနေ သူတို့ကို ပယ်ဖျက်သလဲ ဆိုတာ အများပြည်သူ သိခွင့်မရှိတဲ့ သဘောမျိုးဖြစ်နေပါတယ်။

ဒါအပြင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ဆက်ပြီးချိုးဖောက်နေတဲ့ အာဏာပိုင်တွေရဲ့ အမည်မည်း စာရင်းတွေကိုလည်း ထပ်တိုးပြီး ထုတ်ပြန်သင့်တယ်လို့ မြင်ကြောင်း Dave Matheison ကပြောပါတယ်။

"ဒီကနေ့ထုတ်ပြန်တဲ့သတင်းဟာ အမည်မည်း စာရင်းထပ်ပြီး တိုးတယ် ဆိုတာမျိုးဖြစ်သင့်ပါတယ်။ အမေရိကန်အစိုးရရဲ့ အလုပ်ဖြစ်တဲ့ မူဝါဒ အနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို စနစ်တကျချိုးဖောက်နေသူတွေ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲရေးကိုနှောင့်ယှက်နေသူတွေရဲ့ အမည်စာရင်းတွေကို ဖေါ်ပြသင့်တာပါ။"

ပြီးခဲ့တဲ့ ဧပြီလက SDN အမည်မည်း စာရင်းကနေ ပယ်ဖျက်ခံရသူတွေ စာရင်းမှာ မြန်မာနိုင်ငံက ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးဝင်းအောင်ရဲ့အမည်ကို ဖေါ်ပြခဲ့ပါတယ်။

ပြောခွင့်ရအမျိုးသမီးရဲ့ ဗွီအိုအေမြန်မာပိုင်းကို တုန့်ပြန်တဲ့ စာမှာတော့ အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြု ပြင်ပြောင်းလဲရေးကို ဆက်ပြီး အကူအညီပေး သွားမှာဖြစ်ပေမဲ့ နိုင်ငံတွင်းပြောင်းလဲတဲ့ အခြေအနေတွေပေါ်မူတည်ပြီး တုန့်ပြန်ဖို့အတွက် နောက်ထပ် အမည်မည်းစာရင်းတွေတိုးတာ ဒါမှမဟုတ် ပယ်ဖျက် တာမျိုးတွေ ရှိနေမှာဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက SDN အမည်မည်းစာရင်းထဲ ထပ်တိုးဖေါ်ပြခဲ့ရသူတွေထဲမှာ လက်ရှိအာဏာရ ကြံခိုင်ဖွံဖြိုးရေးပါတီအတွင်း သြဇာကြီးမားသူ တဦးဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ ဦးအောင်သောင်း ကို ဖေါ်ပြခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို အားနည်းအောင် အကြမ်းဖက် ဖိနှိပ်မှုတွေနဲ့ အဂတိလိုက်စားမှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သူ တဦးဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ကြေညာချက် မှာရေးသားခဲ့ပါတယ်။

XS
SM
MD
LG