သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နိုင်ငံသားတွေအနှစ်သက်ဆုံးပုဂ္ဂိုလ်စာရင်းထဲ ဒေါ်စုပါဝင်


ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဌက အမေရိကန်လွှတ်တော်ရဲ့ Congressional Gold Medal ဆုကိုချီးမြှင့်ပေးအပ်နေစဉ် (၂၀၁၂ခုနှစ်)
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဌက အမေရိကန်လွှတ်တော်ရဲ့ Congressional Gold Medal ဆုကိုချီးမြှင့်ပေးအပ်နေစဉ် (၂၀၁၂ခုနှစ်)

၂၀၁၅ခုနှစ်အတွက် ကမ္ဘာပေါ်မှာ အနှစ်သက်ဆုံးအမျိုးသမီးနဲ့အမျိုးသားတွေစာရင်းကို Gallup Poll စစ်တမ်းက ကောက်ခံရာမှာ အမေရိကန်သမ္မတ Barack Obama နဲ့ ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ရွေးချယ်ခံရနိုင်ဖို့ မျှော်လင့်ထားတဲ့ Hillary Clinton တို့ဟာ ထိပ်ဆုံးနေရာတွေမှာ ရှိနေပါတယ်။ အမေရိကန်နိုင်ငံသား ၁၇% က အိုဘားမားကို အနှစ်သက်ဆုံး အမျိုးသားအဖြစ် ရွေးချယ်ခဲ့ကြပြီး ၁၃% က ဟယ်လာရီ ကလင်တန်ကို ရွေးချယ်ခဲ့ကြပါတယ်။ ဟယ်လာရီကလင်တန်ဟာ ထိပ်ဆုံးမှာ အကြိမ်၂၀ မြောက် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး သမ္မတ Obama ကတော့ ခုတကြိမ်ဟာ ၈ ကြိမ်မြောက် အရွေးခံရတာဖြစ်ပါတယ်။

အနှစ်သက်ဆုံး အမျိုးသမီးတွေစာရင်းဝင် (၁၂)ယောက်ထဲမှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ဟာ နံပတ် ၈ နေရာမှာရှိပါတယ်။ ပါကစ္စတန်နိုင်ငံသူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Malala Yousafzai က နံပတ် ၂၊ Oprah Winfrey က နံပတ် ၃၊ သမ္မတကတော် Michelle Obama က နံပတ် ၄ ဖြစ်ပါတယ်။ စာရင်းမှာပါတဲ့ တခြားထင်ရှားတဲ့သူတွေထဲမှာ Queen Elizabeth II, ဂျာမနီဝန်ကြီးချုပ် Angela Merkel တို့လည်း ပါဝင်ပါတယ်။

အနှစ်သက်ဆုံး အမျိုးသားစာရင်းဝင် (၁၀) ယောက်အနက် သမ္မတ အိုဘားမားအပြီး နောက်ထပ်အမျိုးသားတွေထဲမှာ Pope Francis နဲ့ ရီပါဘလစ်ကင်ပါတီကနေ သမ္မတလောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေတဲ့ Donald Trump တို့ပါဝင်ပါတယ်။ တခြားထင်ရှားတဲ့ပုဂ္ဂိုလ်တွေထဲမှာ Microsoft ကုဋေကြွယ်သူဌေးကြီး Bill Gates, တိဘက်ဘုန်းတော်ကြီး Dalai Lama, သမ္မတဟောင်းတွေဖြစ်တဲ့ George W Bush နဲ့ Bill Clinton တို့ ပါဝင်ကြပါတယ်။

ဒီ Gallup Poll စစ်တမ်းကောက်ခံချက်ဟာ ၂၀၁၅ ဒီဇင်ဘာ (၂)ရက်ကနေ (၆)ရက်အထိ အမေရိကန်ပြည်နယ် (၅၀)အပြင် ဝါရှင်တန်ဒီစီမှာနေထိုင်တဲ့ အသက် (၁၈)နှစ်အထက် လူ (၈၂၄)ယောက်ကို တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းပြီး ကောက်ခံခဲ့တာဖြစ်ပါတယ်။ အနှစ်သက်ဆုံးပုဂ္ဂိုလ်အဖြစ် (၁၂)ကြိမ်မြောက် အများဆုံးအရွေးခံခဲ့ရသူကတော့ ၁၉၅၃ခုနှစ်ကနေ ၁၉၆၁ခုနှစ်ထိ အမေရိကန်သမ္မတအဖြစ်ထမ်းဆောင်ခဲ့တဲ့ Dwight D. Eisenhower ဖြစ်ပါတယ်။

XS
SM
MD
LG