သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ မြန်မာ့နိုင်ငံရေး သုံးသပ်ချက်


၂၀၁၅ ရွေးကောက်ပွဲ NLD ပါတီ။
၂၀၁၅ ရွေးကောက်ပွဲ NLD ပါတီ။

၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ အပြောင်းအလဲ နဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက် ခဲ့ပေမယ့် ဒီဖြစ်ရပ်တွေကနေ အကောင်းဘက်ကို ဦးတည်တဲ့ ရလဒ်တွေပေါ်လာဖို့ကိုတော့ စောင့်နေရဆဲဖြစ်တဲ့ အကြောင်း ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်က အယ်ဒီတာ ဦးကျော်ဇံသာက သုံးသပ် ထားပါတယ်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေနဲ့ ဦးကျော်ဇံသာရဲ့ သုံးသပ်ချက်ကို ရှု့စားနိုင်ပါတယ်။

၂၀၁၅ ခုှနှစ်ဟာ မြန်မာ့သမိုင်းမှာ အင်မတန် ထူးခြားတဲ့ နှစ်တနှစ်ဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အောက် ကျရောက်နေခဲ့ ပြီးတဲ့နောက် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးတရပ်ကို ကျင်းပနိုင်ခဲ့ တာဟာ ဒီနှစ်ရဲ့အထူးခြားဆုံးဖြစ်ရပ်ပါပဲ။ ဒါပေမဲ့ ဒီရွေးကောက်ပွဲ ဟာ မြန်မာနိုင်ငံရဲ့ အဓိက ပြသနာကြီး ၂ ရပ်ဖြစ်တဲ့ တိုင်းရင်းသားပြသနာ ပြေလည်ရေး နဲ့ ဒီမိုကရေစီၤဖြစ်ထွန်းရေး တို့အတွက် အဖြေ ဟုတ်-မဟုတ်ဆိုတာကိုတော့ ယတိပြတ် မပြောနိုင်သေးပါဘူး။

တိုင်းရင်းသားပြသနာ ဆွေးနွေးခြင်း

ငြိမ်းချမ်းရေးဆွေးနွေးပွဲ
ငြိမ်းချမ်းရေးဆွေးနွေးပွဲ

တိုင်းရင်းသားပြသနာ ပြေလည်ရေးအတွက် လုပ်ဆောင်ကြိုးပမ်းမှုတွေကိုတော့ ၂၀၁၅ နှစ်မှာ ခပ်စိပ်စိပ် တွေ့လာရပါတယ်။ တိုင်းရင်းသားတွေ အဓိကလိုချင်နေတဲ့ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး ကိစ္စကို စိုးရဘက်က လက်ခံဖို့ တွန့်ဆုတ်နေပါတယ်။ ဖယ်ဒရယ်မူကိုတော့ ယေဘုယျအားဖြင့် လက်ခံ တယ်။ နိုင်ငံရေးဆွေးနွေးပွဲ မှာ ဆွေးနွေးပြီးတော့ ရလာတဲ့ သဘောတူညီချက် နဲ့ အညီ အကောင်အထည် ဖော်သွားမယ်လို့ ဆိုနေပါတယ်။ တိုင်းရင်းသားတွေ ကတော့ အာဏာပိုင်တွေ အနေနဲ့ သူတို့လိုချင်တဲ့ပုံစံကို လက်ခံနိုင်တဲ့ပုံ မပေါ်ဘူး လို့ တိုင်းရင်းသားတွေဘက်က တွက်နေကြပါတယ်။

ဒါနဲ့ပတ်သက်လို့ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နိုင်ဟံသာ သုံးသပ်တာကတော့- "အဲဒါ ဆွေးနွေးတဲ့အခါကြမှ အဖြေပေါ်လိမ့်မယ်။ သူတို့ကတော့ ၄၇၊ ၇၄ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံတွေကို ပြည်နယ်တွေ ရှိနေတယ်။ အဲဒါတွေက ဖယ်ဒရယ်စနစ်ပါပဲဆိုတဲ့ သဘောမျိုးကို တဖက်က တခါတလေ ထုတ်ဖော်ပြောနေတဲ့ သဘောမျိုးတွေ ရှိနေတယ်။ ဒါကြောင့် ကျနော်တို့ တောင်းဆိုတဲ့ ဖယ်ဒရယ်က စာတမ်းထဲမှာ ဖော်ပြထားသလို ဒီမိုကရေစီရေး၊ အမျိုးသားတန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝရှိတဲ့ အမျိုးသားပြည်နယ်များကို အခြေခံ၍ဆိုပြီး ထည့်သွင်းထားတယ်။ ဒါကတော့ ပြည်နယ်ဆိုတာ ပြည်နယ်တိုင်းတို့နဲ့ ဆက်စုပြီးတော့ ဖွဲ့ထားတဲ့ ဖယ်ဒရယ်ပြည်ထောင်စုမျိုးကို ကျနော်တို့ မလိုချင်ဘူး။ ကျနော်တို့ လိုချင်တာကတော့ အမျိုးသားပြည်နယ်၊ အမျိုးများပြည်နယ်။ ဥပမာ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ အဲဒီလို ရောနှောနေတဲ့ နေရာမှာတော့ အမျိုးသားများပြည်နယ်ဆိုပြီး အဲဒီလို ထည့်ချင်တယ်။"

နိုင်ငံရေး ထိပ်သီးများ တွေ့ဆုံ

ခြောက်ပွင့်ဆိုင်တွေ့ဆုံ
ခြောက်ပွင့်ဆိုင်တွေ့ဆုံ

မြန်မာ့နိုင်ငံရေးပြသနာ ပြေလည်ရေး အတွက် အဓိက ကျတဲ့ ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးပွဲကိုလဲ ၂၀၁၅ နှစ်ဦးပိုင်းမှာပဲ ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ လွှတ်တော်တွင်း တိုင်းရင်းသားပါတီတွေကို ကိုယ်စား ပြုတဲ့ ဒေါက်တာအေးမောင်တို့ ရဲ့ဆွေးနွေးပွဲက ဘာအဖြေမှ ပေါ်ထွက်မလာခဲ့ပါဘူး။

ဒီဆွေးနွေးပွဲ အတွင်း လူတွေအများဆုံး စိတ်ဝင်စားခဲ့ကြ တာ ကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ရဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ တွေ့ဆုံပေမယ့် ဘာအနှစ်သာရမှ မရှိဘူးဆိုတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြန်ပြောခဲ့ပါတယ်။

ကိုးကန့် တိုက်ပွဲ

ကိုးကန့်တပ်ဖွဲ့
ကိုးကန့်တပ်ဖွဲ့

၂၀၁၅ နှစ်ဦးမှာ မြန်မာ့နိုင်ရေးပြဿနာတွေအတွက် အဖြေမထွက်ဘဲ ရှိနေခဲ့တဲ့အပြင် အနှုတ် လက္ခဏာပြတဲ့ ဖြစ်ရပ်တွေတောင် ဖြစ်ပွါးလာခဲ့ပါတယ်။ ပြည်တွင်း သာမက ပြည်ပ ဆက်ဆံရေးကိုပါ ထိခိုက်စေခဲ့တဲ့ ပြသနာတရပ်ကတော့ ကိုးကန့်ပြသနာပဲ ဖြစ်ပါတယ်။ ယခင်စစ်အစိုးရနဲ့ အပေးအယူ မတည့်တော့ လို့ မောင်းထုတ်ခံနေခဲ့ရတဲ့ ဖုန်ကျားရှင်ရဲ့တပ်ဖွဲ့ဝင်တွေ ဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညမှာ မော်တော်ယာဉ် အများအပြား နဲ့ လောက်ကိုင်မြို့တွင်း ကို ဝင်ရောက်လာပြီး အငိုက်ဖမ်း တိုက်ခိုက်ခဲ့တဲ့အတွက် အစိုးရတပ်က အရာရှိနှင့် စစ်သည်အများအပြား ကျဆုံးခဲ့ရပါတယ်။ ဒီတိုက်ပွဲမှာ အငိုက်မိ သွားတဲ့ မြန်မာစစ်တပ်အဖို့ ဂုဏ်သိက္ခာ အထူးကျဆင်း ခဲ့ရတဲ့အပြင် တရုတ်ဘက်ကို ထွက်ပြေးခိုလှုံကြရတဲ့ ဒုက္ခသည်ပြသနာ၊ တရုတ်ဘက်ကို ကျည်ဆံ ကျရောက် ပေါက်ကွဲပြီး လူတွေသေဆုံးခဲ့ရတဲ့ ပြသနာတွေကြောင့် မြန်မာ-တရုတ် ဆက်ဆံရေး ကိုလဲထိခိုက်ခဲ့ရပါတယ်။

ဒါနဲ့ပတ်သက်လို့ ဒေါက်တာလှကျော်ဇောက "အမှန်ပါပဲ။ စစ်ဆိုတာ နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်လို့ ဖြစ်လာတဲ့ကိစ္စ။ ကိုးကန့်ကိစ္စကတော့ ရှောင်နှိမ်အဖွဲ့လို့ခေါ်တဲ့ ဦးဖုန်းကျားရှင်တို့အဖွဲ့က ၂၀၀၉ ခုနှစ်က နအဖ စစ်အစိုးရက မောင်းထုတ်လိုက်လို့ ထွက်ပြေးသွားရတဲ့အဖွဲ့ ဖြစ်တယ်။ သူတို့အနေနဲ့ နိုင်ငံရေး အနေအထား တခုကို ပြန်လိုချင် လာတယ်။ အထူးသဖြင့် အခုလို တပြည်လုံး အပစ်အခတ် ရပ်စဲဖို့ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုတဲ့အခါမှာ သူတို့လည်း နေရာ တနေရာ နိုင်ငံရေးဆွေးနွေးပွဲထဲမှာ ဝင်ပါလာချင်နေတယ်။ အဲဒါကို နည်းပေါင်းစုံနဲ့ သူတို့လည်း တင်ပြတယ်။ သူတို့နဲ့ အရင်တုန်းကတည်းက တိုက်ဖော် တိုက်ဖက်တွေဖြစ်တဲ့ တခြားငြိမ်းချမ်းရေး ယူထားတဲ့အဖွဲ့တွေ ကလည်း တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ အစိုးရက လုံးဝငြင်းဆန်ခဲ့တယ်။ အဲဒါကြောင့်မို့ သူတို့က တဆင့်အနေနဲ့ တိုက်ခိုက်ပြီးတော့ သူတို့ ရှိသေးတယ် ဆိုတာကို ပြသဖို့အတွက် ဒါကို ပြန်ဖော်လာတယ်လို့ ကျမတို့က အဲဒီလို မြင်တယ်။"
ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီး

တရုတ်သမ္မတနဲ့ ဒေါ်စုတွေ့ဆုံ
တရုတ်သမ္မတနဲ့ ဒေါ်စုတွေ့ဆုံ

ဒီဖြစ်ရပ်နဲ့ ဆက်စပ်ပြီး မြန်မာ-တရုတ် ၂ နိုင်ငံဆက်ဆံရေး အလားအလာကို အမျိုးမျိုး သုံးသပ်ပြောဆိုနေကြချိန်မှာ ရုတ်တရက် ပေါ်ထွက်လာတဲ့ သတင်းတရပ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည် သွားရောက်တဲ့ ကိစ္စပဲဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲ ဧည့်သည်တော်များကိုသာ လက်ခံကြိုဆိုတဲ့ အဆောင်အယောင် အဆင့်အတန်းမျိုးနဲ့ အတိုက်အခံခေါင်းဆောင် လို့တောင် အနိုင်နိုင် သတ်မှတ်နိုင်တဲ့ လွှတ်တော်အမတ် တဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကို တရုတ်သမ္မတက ဖိတ်ကြားကြိုဆိုခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အနာဂါတ် အလားအလာ ကို ရှေ့ပြေး နမိတ် ပြလိုက်သလိုပါပဲ။ မကြာခင် သူမ အာဏာရလာတဲ့အခါ ၂ နိုင်ငံ ဆက်ဆံရေး ပြေလည်စေဖို့ တရုတ်တို့ဘက်က ကြိုတင် အချက်ပြလိုက်တာဖြစ်တယ် လို့ သုံးသပ်သူတွေက ညီတညွတ်တည်း ဆိုခဲ့ကြပါတယ်။

ကျောင်းသားလှုပ်ရှားမှု

လက်ပံတန်းသပိတ် အကြမ်းဖက်ဖြိုခွင်း
လက်ပံတန်းသပိတ် အကြမ်းဖက်ဖြိုခွင်း

၂၀၁၅ အစောပိုင်း အနှုတ်လက္ခဏာဖြစ်ရပ် နောက်တခုကတော့ ပညာရေး စနစ်ပြုပြင်ဖို့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ကျောင်းသားတွေကို အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ ဒီ ကျောင်းသားလှုပ်ရှားမှုဟာ တနိုင်ငံလုံးကို ပျံ့နှံ့သွားခဲ့ဲပြီးနောက် မတ်လမှာ ရန်ကုန်ကိုချီတက်လာတဲ့အခါ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခဲ့ကြတာ ဖြစ် ပါတယ်။ ကျောင်းသားတွေရဲ့မှန်ကန်တဲ့တောင်းဆိုချက်တွေကို အာဏာပိုင်တွေ လက်မခံနိုင်တာဟာ သူတို့အတိတ်က ကျောင်းသားတွေကို သတ်ဖြတ်ခဲ့တဲ့ တစ္ဆေ ခြောက်လှန့် ခံနေရလိုပဲဖြစ်တယ်လို့ ကွယ်လွန်သူ 7 July တကသခေါင်းဆောင်ဟောင်း ဦးသာဘန်းက မှတ်ချက်ပေးခဲ့ပါတယ်။

" ကျောင်းသားနဲ့ ပြေလည်ဖို့က လွယ်ပါတယ်။ ကျနော်တို့လည်း ကျောင်းသားဘဝမှာ ဆယ်နှစ်ကျော် သမဂ္ဂ လုပ်လာတာပဲ။ ကျနော်တို့က ရန်သူလို ဆက်ဆံတာ မဟုတ်ပါဘူး။ ကျနော်တို့ ကျောင်းသားတွေက Academic Freedom ကို လိုချင်တယ်။ လွတ်လပ်မှုကို လိုချင်တယ်။ အဲဒါကို ကျနော်တို့နဲ့ နားလည်မှုယူရင် ရပါတယ်။ အခုဟာက တစ္ဆေခြောက်နေတာ။ ကျောင်းသားတွေကို ရာနဲ့ချီသတ်ခဲ့တော့ အခုအဲဒီကိစ္စနဲ့ ကြောက်နေတာဗျ။ သမဂ္ဂဆိုရင် သူက တစ္ဆေလို့ ထင်နေတာ။ သမဂ္ဂဆိုတာ ဘုရားဟောစကားပါ။ နားလည်ကြပါလို့ မဆလအဟောင်းတွေကို ပြောချင်တယ်ဗျာ။ အခုလူတွေကိုလည်း ပြောချင်တယ်ဗျာ။"

ဖွဲ့စည်းပုံပြင်ဆင်ရေး စစ်တပ်ပယ်ချ

တပ်မတော်သားကိုယ်စားလှယ်များ
တပ်မတော်သားကိုယ်စားလှယ်များ

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ ၄၃၆ (က) ပြင်ဆင်ရေး ကို ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ရွေးကောက်ခံ မဟုတ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ပယ်ချလိုက်ခြင်းဟာ လဲ စစ်မှန်တဲ့ ဒီမိုကရေစီဖော်ဆောင်ရေး အားလျော့ သွားစေတဲ့ အချက်တရပ်ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော် ကိုယ်စားလှယ်တွေဟာ တိုင်းရင်းသားတွေ လိုချင်နေတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်မလာအောင် တားဆီးထားတဲ့ ပုဒ်မတွေကိုပါ ပြင်ဆင်ခွင့်မပေးဘဲ ဆက်လက် ဆုပ်ကိုင်ထားခဲ့ ကြပါတယ်။

ယန်ဟီးလီ နဲ့ ဦးဝီရသူ

ကုလကိုယ်စားလှယ် Yanghee Lee
ကုလကိုယ်စားလှယ် Yanghee Lee

၂၀၁၅ နှစ်ဦးပိုင်းမှာပဲ ထွက်ပေါ်ခဲ့တဲ့ သတင်းထူးတရပ်ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စစ်ယန်ဟီးလီကို မစိုးရိမ်ဆရာတော် မဘသ ဦးဝီရသူက ကြမ်းတမ်းတဲ့ စကားလုံးသုံးစွဲပြီး ဝေဖန်ခဲ့တဲ့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာ မင်းကြီး ဇာအိ ရာအဒ် အယ်လ်ဟူစိန် က ဒီကိစ္စကို ရှုတ်ချဖို့ တောင်းဆို လိုက်တဲ့ သတင်း ဖြစ်ပါတယ်။ မစ္စစ်ယန်ဟီးလီ စစ်တွေမြို့ကို ရောက်ရှိ လာတဲ့အခါ ထောင်နှင့် ချီသော ဒေသခံ ပြည်သူများ က လဲ လမ်းပေါ်ထွက် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ကြံံ့ခိုင်ရေးပါတီတွင်း အားစမ်းပွဲ

သန်းခေါင်ယံ ကြံ့ခိုင်ရေးပါတီအစည်းအဝေး
သန်းခေါင်ယံ ကြံ့ခိုင်ရေးပါတီအစည်းအဝေး

အဲဒီနောက် ကြံံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွင်းမှာ သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့ ရဲ့ယှဉ်ပြိုင်မှုဟာ ပိုမို ထင်ရှားလာနေပါတယ်။ ဝေဖန်သုံးသပ်ချက်တွေ အမျိုးမျိူးနဲ့ ခန့်မှန်းပြောဆိုချက် တွေလဲ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလို သုံးသပ် ခန့်မှန်းနေကြတဲ့ အတိုင်းပါပဲ ၂၀၁၅ခု သြဂုတ်လ လယ်ပိုင်း တနေ့မှာတော့ တကယ်ဖြစ်လာခဲ့ပါပြီ။ ထိုနေ့က ညကြီးမင်းကြီးအချိန် ကြံ့ခိုင်ရေးပါတီဌာနချုပ်မှာ ဗဟိုကော်မီတီ အစည်းအဝေးတရပ်ကို အပူတပြင်းခေါ်ယူပြီး သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ ရာထူးက အင်အားသုံး ဖြုတ်ချခဲ့ပါတယ်။

ပါတီဌာနချုပ် အဆောင်တွေမှာ ရှိနေသူတွေကို တဆောင်နဲ့တဆောင်မကူးရလို့ ထိန်းချုပ်ထားပြီး လက်နက်ကိုင်ရဲတွေရဲ့ စောင့်ကြည့်မှုအောက်မှာ ဦးရွှေမန်းကို ရာထူးစွန့်စေခဲ့ပါတယ်။ အဲဒီနောက် နေအိမ်အကျယ်ချုပ် သဘောမျိုး ခေတ္တချ ထားခဲ့ပါတယ်။ ဒီမိုကရေစီ ဖေါ်ဆောင်ပေးနေပါတယ် ဆိုတဲ့ အာဏာရပါတီရဲ့ ဒီမိုကရေစီကင်းမဲ့ပြီး အာဏာရှင်ဆန်သော ဒီလုပ်ရပ်ဟာ မြန်မာပြည်သူတွေသာမက ကမ္ဘာကပါ လက်ညှိုးထိုးစရာ ဖြစ်ခဲ့သလို၊ နောက်တက်လာတဲ့ လူကြိုက်နည်းခေါင်းဆောင် တချို့နဲ့အတူ ကြံ့ခိုင်ရေးပါတီလဲ လွန်စွာ သိက္ခာကျဆင်းခဲ့ရပါတယ်။

ဒီကာလ ဝန်းကျင်မှာပဲ လူတွေစိတ်ဝင်စားခဲ့ကြတဲ့ ကြံံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဖြစ်ရပ် တခုကတော့ သူတို့ပါတီမှာ အရှိန်အဝါကြီးမားတဲ့ ဗဟိုအကြံပေးပုဂ္ဂိုလ် ဦးအောင်သောင်း ကွယ်လွန်သွားတဲ့ သတင်းဖြစ်ပါတယ်။

မဲဆွယ်ကြပြီ

အာဏာရပါတီ မဲဆွယ်ပွဲ
အာဏာရပါတီ မဲဆွယ်ပွဲ

အဲ့ဒီနောက်မှာတော့ လူတိုင်းမျှော်လင့်စောင့်စားနေကြတဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက်ကို အတိအကျ သိလာရပါပြီ။ မဲဆွယ်စည်းရုံးခွင့် တလသာ ပေးထားတဲ့ ဒီရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ လှုပ်ရှား လာကြပါတယ်။ နေရာကန့်သတ်ချက်၊ လူထုပရိသတ်အရေအတွက် ကန့်သတ်ချက် စတဲ့ကန့်သတ်ချက်တွေကြောင့် မကျေနပ်သံတွေ ညည်တွားသံတွေ ကြားခဲ့ရပါတယ်။

ဒီရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ နိုင်ငံတကာအဖွဲ့တွေကို ဖိတ်ကြားပါ့မယ် လို့ အစိုးရက ကြေညာထားသည့် တိုင်အောင် ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိပါမလား ဆိုတာ လူတိုင်း သံယဝင်နေခဲ့ကြတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို အခြေခံကျင်းပတယ် ဆိုကတည်းက တရားမျှတဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး၊ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရှိမယ်-မရှိဘူးဆိုတဲ့ အချက်တွေကိုပဲ စောင့်ကြည့်ရတော့မှာ ဖြစ်တယ်လို့ အမေရိကန်ဘက်က ယူဆနေခဲ့တာပါ။

ရွေးကောက်ပွဲအကြိုမှာ နိုင်ငံတကာက အစဉ်တစိုက် ထောက်ပြဝေဖန်ခဲ့ တဲ့ ကိစ္စတရပ်ကတော့ ရခိုင်ပြည်နယ် အနောက်ခြမ်းက ယာယီ သက်သေခံ ကဒ်ပြားလို့ခေါ်တဲ့ အဖြူရောင်ကဒ် ကိုင်ဆောင် သူတွေကို မဲပေးခွင့်နဲ့၊ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလိုခေါ်တဲ့ မူဆလင်တွေကို ရွေးကောက်ခံပိုင်ခွင့် ပိတ်ပင်ထားတဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးကတော့ အမေရိကန်ပြည်ထောင်စု မှာကော green-card ကိုင်ဆောင်သူတွေ မဲပေးခွင့်ရပါရဲ့လားလို့ ပြန်လည် မေးခွန်းထုတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးက "အမေရိကန်ပြည်ထောင်စုမှာကော Green Card ကိုင်ဆောင်သူတွေ မဲပေးခွင့်ရကြပါရဲ့လား။"လို့ မေးခဲ့ပါတယ်။

မဲဆန္ဒရှင်စာရင်း
မဲဆန္ဒရှင်စာရင်း

ရွေးကောက်ပွဲကျင်းပရက် နီးကပ်လာတာနဲ့အမျှ မဲစာရင်းမှားယွင်းမှုတွေ အငြင်းပွါးမှုတွေ ပိုပိုကြားလာရပါတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းဒေသတချို့မှာလဲ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ကျေညာခဲ့ပါတယ်။

ပြည်လုံးကျွတ် အပစ်ရပ်စာချုပ်

အပစ်ရပ်ထိုးတဲ့ ၈ဖွဲ့
အပစ်ရပ်ထိုးတဲ့ ၈ဖွဲ့

တကယ်တော့ သမ္မတဦးသိန်းစိန် အစိုးရဟာ ရွေးကောက်ပွဲမတိုင်ခင် ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေး စာချုပ်တရပ်ကို လက်မှတ်ရေးထိုးနိုင်အောင် အပြင်းအထန် ကြိုးစားနေခဲ့တာပါ။ ဒါပေမဲ့ တိုင်းရင်းသားအင်အားစုတွေ နဲ့ တပ်မတော်တို့အကြား ယုံကြည်မှု မတည်ဆောက်နိုင်ကြတဲ့အတွက် အစိုးရ လုပ်ပြချင်နေတဲ့ ပြည်လုံးကျွတ် အပစ်ရပ်စဲရေးကိစ္စဟာ ထင်တိုင်းမပေါက် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံး သဘောတူညီချက် လက်မှတ်ရေးထိုးတဲ့အခါ တိုင်းရင်းသားလက်နက်ကိုင် (၈)ဖွဲ့ပဲ ပါဝင်လက်မှတ်ရေးထိုးပြီး ကျန်တဝက်လောက်က မထိုးခဲ့ကြပါဘူး။ ပိုဆိုးတာက လက်မှတ်မထိုးဖြစ်တဲ့ အဖွဲ့တချို့နဲ့ အစိုးရစစ်တပ်တို့ အကြားတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါး နေခြင်းပါပဲ။

မဲစာရင်း မသမာမှုများ

ဒီလိုတိုက်ပွဲတွေကို အကြောင်းပြပြီး ရွေးကောက်ပွဲကိုများ ရွှေ့ဆိုင်းလေမလားလို့ တချို့က ကြံဖန် စိုးရိမ်နေကြတဲ့ အချိန်မှာပဲ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း စတဲ့ ဒေသတချို့မှာ ရေကြီး မြေပြိုမှုတွေ ဖြစ်ခဲ့တဲ့အတွက် ဆိုပြီး ရွေးကောက်ပွဲ ကိုရွှေ့ဆိုင်းမယ်လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဆိုသူက ဆိုင်းမဆင့်ဗုံ ပြောကြားလိုက်ပါတယ်။ ဒီပြောကြားချက်ကို မကြာခင်မှာ ပြန်လည် ရုပ်သိမ်းသွားခဲ့ ပေမဲ့ ဒီလူတွေပြောတာ ဘာမှအတည်ယူလို့ မရပါလားဆိုပြီး လူထုက ရွေးကောက်ပွဲနဲ့ပတ်သတ် လို့ စိုး တထိတ်ထိတ် ဖြစ်နေခဲ့ကြပါတယ်။

အထူးသဖြင့် ပြည်ပရောက် မဲဆန္ဒရှင် စာရင်းတွေ အမှားမှား အယွင်းယွင်း ဖြစ်နေ တာကို ထောက်ပြပြီး အစကတည်းက မယုံမကြည် ဖြစ်နေရ တဲ့ ရွေးကောက်ပွဲကော်မရှင် ရဲ့ကြားနေမှုကို အကြီးအကျယ် မေးခွန်း ထုတ်စရာ ဖြစ်ခဲ့ပါတယ်။

မဲဆွယ်ကြတဲ့နေရာမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က “ပြောင်းလဲချိန်တန်ပြီ လို့” ကြွေးကြော်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က- " ဒီရွေးကောက်ပွဲဟာ ကျမတို့နိုင်ငံရဲ့ အပြောင်းအလဲ အတွက် ကြီးမားတဲ့ အခွင့်အရေးတခုဖြစ်ပါတယ်။ ဒီလိုအခွင့်အရေးဆိုတာ သမိုင်းမှာ တခါတလေမှ ပေါ်ပေါက်တဲ့ အခွင့်အရေးပါ။ ဒီအခွင့်အရေးကို ကျမတို့ မိမိရရ ကိုင်ပြီးတော့ မှန်မှန်ကန်ကန် သုံးဖို့ဆိုတာဟာ နိုင်ငံသူ နိုင်ငံသားတွေ အားလုံးရဲ့ တာဝန်ဖြစ်တယ်ဆိုတာကို ကျမအနေနဲ့ သတိပေးချင်ပါတယ်။"

NLD မဲဆွယ်
NLD မဲဆွယ်

အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကတော့ ပြောင်းလဲနေပြီပဲ၊ ဒါထက် ပြောင်းချင်သေးတယ်ဆိုရင်တော့ ဗကပ ကွန်မြူနစ် စနစ်ကို သွားဖို့ပဲ ကျန်တော့တယ် လို့ဆိုပါတယ်။

ရွေးကောက်ပွဲ

ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ အကြမ်းဖက်မှု အနည်းငယ် ရှိခဲ့တာကလွဲလို့ ကြီးကျယ်တဲ့ အဟန့်အတားတွေ မရှိခဲ့ပါဘူး။ ဒီလိုနဲ့ပဲ နိုဝင်ဘာဂ ရက်နေ့ကို ရောက်ရှိလာခဲ့ပါပြီ။

မဲပေးဖို့တန်းစီ
မဲပေးဖို့တန်းစီ

မဲရုံတွေ သွားရောက် ဆန္ဒမဲပေးသူ အရေအတွက်ဟာ ခန့်မှန်းထားတာထက် ပိုမိုများပြားခဲ့ပါတယ်။ တနိုင်ငံလုံး မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၃၂ သန်းကျော်ရှိတဲ့ အနက် ၈၀% လောက် လာရောက် မဲပေးခဲ့တယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲနေ့ဟာ လည်း အောင်အောင်မြင်မြင် ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံး လွန်မြောက် သွားခဲ့ပါတယ်။ ရလဒ်တွေလည်း မဲရုံအလိုက်၊ မြို့နယ်အလိုက် ဆက်တိုက် ဆိုသလို ထွက်ပေါ် လာခဲ့ပါတယ်။

မဲရေတွက်ပြီး အောင်ပွဲခံ
မဲရေတွက်ပြီး အောင်ပွဲခံ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မဲအရေအတွက် အများအပြားနဲ့ ရှေ့ကပြေးနေတဲ့ အတွက် ပါတီထောက်ခံသူတွေ ဒီမိုကရေစီ လိုလားသူတွေဟာ ခြိမ့်ခြိမ့်သဲသဲ အောင်ပွဲခံနေကြပါတယ်။ ဒါကြောင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ထိန်းထိန်းသိမ်းသိမ်း နေကြဖို့ အခုလို ပန်ကြားခဲ့ပါတယ်။

"ကျမအနေနဲ့ ရွေးကောက်ပွဲမှာ နိုင်ခဲ့တယ်လို့ ယူဆရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေနဲ့ပတ်သက်လို့ ဂုဏ်ပြုဖို့ အချိန်တော့ မရောက်သေးဘူးလို့ ကျမပြောချင်ပါတယ်။"

NLD နိုင်ပြီ

NLD အနိုင်ရ
NLD အနိုင်ရ

ရွေးကောက်ပွဲ အရှုံးအနိုင်ကို ကော်မရှင်က တရားဝင် မကြေညာသေးပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရမှု ပြတ်ပြတ်သားသား ဖြစ်လာတဲ့အချိန်မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင် သမ္မတဦးသိန်းစိန်က သူတို့အရှုံးကို ဝန်ခံပြီး အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဂုဏ်ပြုကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၆ ကျမှ အာဏာလွှဲပြောင်းပေးမယ်လို့ ပြဌာန်းချက်ရှိနေတဲ့အတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကြည်ကြည်သာသာ အာဏာလွှဲပေးပါ့မလား ဆိုတာ ပြည်သူလူထုက စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ လက်ခံကြောင်းပြန်ကြားချက် ရရှိပြီးတဲ့နောက် သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်။

ဒီလိုတွေ့ဆုံကြရာမှာ ဘာတွေ ဆွေးနွေးခဲ့ကြတယ်ဆိုတာ အတိအကျ မသိရပေမဲ့ တိုင်းပြည်အနာဂတ် အလားအလာကောင်းအတွက် သဘောတူညီမှု ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဦးသန်းရွှေ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ဒီအချိန်မှာ စိတ်ဝင်စားစရာ အကောင်းဆုံး သတင်းတခုဟာ ကောလဟာလအဖြစ် စတင် ပေါ်ထွက်လာပါတယ်။ အဲဒါကတော့ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး အငြိမ်းစား သန်းရွှေရဲ့မြေးက ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး အခိုင်အမာ အတည်မပြုနိုင်သေးတဲ့ အချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေတို့ နှစ်ဦးချင်း တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်း အတိအကျ ပေါ်ထွက်လာခဲ့ပါတယ်။ ဦးသန်းရွှေ က ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင် ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုကြောင်း သတင်းတွေ ပေါ်ထွက်လာပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ကန့်သတ်ထားချက်အရ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဘူး ဆိုတဲ့ ကိစ္စကို ကျော်လွှားသွားနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ပေါ်ထွက်လာပါတယ်။ ဒါပေမဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်ကတော့ ဘယ်သူ့ကို သမ္မတအဖြစ် ရွေးချယ်မယ်ဆိုတာ ပဟေဠိ လုပ်နေဆဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အနေနဲ့ သမ္မတ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သမ္မတအပေါ်ကနေမယ်၊ ဖွဲ့စည်းလာတဲ့အစိုးရကို သူကိုယ်တိုင် ကြီးကြပ်မယ်လို့ ယတိပြတ် ပြောထားပါတယ်။

တွေ့လာရမယ့် စိန်ခေါ်မှုများ

NLD အစိုးရတက်လာပြီးတဲ့နောက် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကတော့ များပြားလှပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တိုင်းရင်းသားတွေ လိုချင်နေတဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး၊ ဆယ်စုနှစ်နဲ့ချီပြီး ခြစားပျက်စီး၊ ယိုယွင်းချိနဲ့ လာခဲ့တဲ့ အုပ်ချုပ်ရေးယန္တရားကို ပြုပြင်ရေး စတာတွေသာမက လောလောဆယ်မှာ မျက်ဝါးထင်ထင် တွေ့နေရတဲ့ ကိစ္စတခုကတော့ နိုင်ငံရဲ့ သယံဇာတတွေ ပြုန်းတီးလာတဲ့ အန္တရာယ်ပဲဖြစ်ပါတယ်။ အာဏာလွှဲပြောင်းဖို့ ၃ လသာ ကျန်တဲ့အချိန်မှာ ယခင် အစိုးရဟောင်းက တာဝန်ရှိသူတွေ၊ စစ်တပ် စီးပွားရေးလုပ်ငန်းနဲ့ ခရိုနီ လက်တဆုပ်စာတို့က လက်ညှိုးထိုးရောင်းစားထားတဲ့ ကချင်ပြည်နယ် ဖားကန့်၊ လုံးခင်း စတဲ့ ဒေသတွေမှာ တောင်ဖြို မြေတူးပြီး ဧရာမ ယန္တရားကြီးတွေနဲ့ ကျောက်စိမ်းတွေကို တရုတ်နိုင်ငံဘက်ဆီ သယ်ယူနေတာ စိတ်မချမ်းမြေ့ဖွယ် တွေ့နေရပါတယ်။

ဒီလို ကျောက်စိမ်းအပြင် ကျွန်းသစ် စတဲ့ တခြား သဘာ၀ သယံဇာတတွေ လူတစုအကျိုးအတွက် လက်ညှိုးထိုးရောင်းစားထားတဲ့ ကိစ္စတွေကို ဘယ်လို ဟန့်တားရမလဲ။ ဟန့်တားရော ဟန့်တားနိုင်ပါ့မလား ဆိုတာ တရားဝင် အာဏာလွှဲပြောင်းပေးပြီးသည့်တိုင်အောင် ပြည်သူလူထုက စိုးရိမ်နေရဦးမှာသာ ဖြစ်ပါတယ်

ခြုံပြောရမယ်ဆိုရင်တော့ ၂၀၁၅ ခုနှစ်အတွင်းမှာ အရေးကြီး တဲ့ဖြစ်ရပ်ကြီးတွေ ဖြစ်ထွန်းခဲ့တယ် ဆိုပေမဲ့ ပေါ်ထွက် လာမယ့် ကောင်းကျိုး ရလဒ် တွေကိုတော့ဆက်လက် စောင့်မျှော်နေကြရဆဲသာ ဖြစ်ကြောင်းပါ။

ဦးကျော်ဇံသာရဲ့ ၂၀၁၅ နိုင်ငံရေးသုံးသပ်ချက်များဖြစ်ပါတယ်။အသံဖိုင်မှာလည်း အပြည့်အစုံ နားဆင်နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG