သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး နဲ့ လူ့ဂုဏ်သိက္ခာ


ရုပ်ရှင်ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီး
ရုပ်ရှင်ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော်ဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ယဉ်ကျေးမှု အားကောင်းလာအောင် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပေမယ့်၊ ဒီ အစီအစဉ် နှစ်စဉ်ကျင်းပသွားနိုင်ဖို့ အခက်အခဲတွေ စိန်ခေါ်မှု ခြိမ်းခြောက်ခံရမှုတွေ ရှိနေတယ်လို့ ဒီပွဲတော်ကို စီစဉ်သူ ရုပ်ရှင်ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးက ပြောပါတယ်။ ဒီ ခရီးသွားပွဲတော်ကနေတဆင့် မြန်မာနိုင်ငံကလူ့အခွင့်အရေးအခြေအနေကို မီးမောင်းထိုးပြထားတဲ့ မှတ်တမ်းရုပ်ရှင်တွေကို မြန်မာနိုင်ငံတွင်းမှာသာမက ပြည်ပမှာပါ လှည့်လည်ပြသနေတဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီး က အမေရိကန်ပြည်ထောင်စုကိုလည်း ရောက်ရှိလာပြီး မြို့အသီးသီးမှာ မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံခဲ့တာပါ။ ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီး ဝါရှင်တန်ဒီစီရောက်ခိုက်မှာ ကိုသားညွန့်ဦးက ဗွီအိုအေ Studio မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုသားညွှန့်ဦး ။ ။ ဦးထင်မင်းကိုကိုကြီး အခုလို ဗွီအိုအေ ကို လာရောက်ပြီးတော့ ဒီ တွေ့ဆုံမေးမြန်းတာကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော် အရင်ဆုံး မေးချင်တာက ကိုမင်းထင်ကိုကိုကြီးတို့ အခုလုပ်နေတဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပြပွဲ။ ပြည်တွင်းမှာလည်း တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့တာကို တွေ့ရပါတယ်။ အခု ပြည်ပမှာလည်း စလုပ်နေကြပြီ။ လုပ်နေကြပြီဆိုတော့ ဒီ ရုပ်ရှင်ပြပွဲကို စလုပ်ခဲ့တဲ့ စိတ်ကူးစိတ်သန်လေး။ ဘယ်လို စိတ်ကူးစိတ်သန်တွေနဲ့ စပြီးတော့ အကောင်အထည်ဖော်ဖြစ်သွားတာလဲ။

ဦးမင်းထင်ကိုကိုကြီး ။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ မျက်စိ၊ နားရယ်၊ ပါးစပ်တွေကို နှစ်ပေါင်း (၅၀) အဲဒီအချိန် ၂၀၁၂ - ၆၂ နှစ် (၅၀) နီးပါး ပိတ်ထားတယ်။ ကျနော်တို့ နိုင်ငံရေးအရ နားလည်တဲ့ Human Rights Educators တွေ ပြောလိမ့်မယ်။ သူတို့ သင်တန်းတွေ ပေးလိမ့်မယ်။ အဲဒါက လူတွေကို ရွေးချယ်ပြီး လူနည်းစုလေးကိုပဲ ဒီဟာတွေ လူ့အခွင့်အရေး သဘောတရားတွေရောက်တာ။ အဲဒီတော့ ကျနော်တို့က သာမန်ကလေးတွေ၊ အမျိုးသမီးတွေ၊ လူတွေကို သူတို့လည်း လူ့အခွင့်အရေးဆိုတဲ့ စကားလုံး - ကျနော်တို့ဆိုရင်ပဲ ပြောရရင် ၁၉၈၈ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ လူ့အခွင့်အရေးဆိုတာကို ပြောလိုက်မှ ကျနော်တို့ ကြားဖူးတာ။ အဲဒီရှေ့ ၈၈ ရှေ့မှာ တခါမှ မကြားဖူးဘူး။ ကျနော်တို့က ပါးစပ်တွေပိတ်၊ နားတွေပိတ် အဲဒါကြီးက နှစ် (၅၀) ဒီအစိုးရအောက်မှာ။ အဲဒီတော့ ကျနော်က ရုပ်ရှင်ကိုသုံးပြီးတော့ ဘာလုပ်လိုရမလဲဆိုတဲ့ဟာမှ ရုပ်ရှင်ပွဲတော်၊ ဒီရုပ်ရှင်နဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရက်တစ်တခုခုနဲ့ ဘာလုပ်လို့ရမလဲဆိုတာကိုရှာတော့ ကျနော် ဘာကိုတွေ့ရသလဲဆိုတော့ အခုနပြောတဲ့ ရုပ်ရှင်ကိုပြတယ်။ သာမန်မိန်းမတွေ၊ ခလေးတွေ ရုပ်ရှင်ကြည့်ဖို့လာတယ်။ ရုပ်ရှင်ကြည့်ဖို့လာတဲ့ သာမန်လူ့အဖွဲ့အစည်းထဲမှာရှိတဲ့ အခြေခံလူတန်းစားတွေ လာကြမယ်။ သူတို့တတွေရှေ့မှာ ဒီ issue နဲ့ ပတ်သက်ပြီးတော့ ပြောကြဆိုကြမယ်။ သူတို့ကိုလည်း ပြောခိုင်းမယ်။ ပြောခိုင်းမယ်ဆိုတာ ပြောဖို့နေရာတခုကို ဖန်တီးပေးပြီးတော့ ဒီနေရာမှာ ဆွေးနွေးကြဆိုတဲ့ဟာလေးတခု အဲဒီ space လေးကို ရုပ်ရှင်ကိုသုံးပြီးတော့ ကျနော်က ချဲ့ထွင်ဖို့ ကြိုးစားတာ။ ရုပ်ရှင်ပွဲတော်ရဲ့ background က အဲဒီဟာပဲ။

ကိုသားညွှန့်ဦး ။ ။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံကတော့ တောက်လျှောက်တောင်းခဲ့တာပဲ။ တောင်းခဲ့ပေမယ့် မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ပြတ်ခဲ့တာ အတော်ကြာပြီ။ ကျင့်ကြံမှုလည်း အားနည်းခဲ့တယ်။ အဲဒီတော့ လူ့အခွင့်အရေးရုပ်ရှင်ပြပွဲ ပြတဲ့အခါမှာ လူတွေရဲ့ တုံ့ပြန်ချက်။ လူ့အခွင့်အရေး စံနှုန်းစံထားတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့အမြင် တုံ့ပြန်ချက်၊ သူတို့ရဲ့ အယူအဆတွေ၊ ရုပ်ရှင်ပွဲတော်နဲ့ ပတ်သက်ကို ရိုက်ခတ်လာတာတွေ ဘာတွေများ ရှိပါလဲ။

ဦးမင်းထင်ကိုကိုကြီး ။ ။ ၂၀၁၂ မှာ ကြိုးစားလိုက်တာ ၂၀၁၃ ဇွန်လမှာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး နိုင်ငံတကာ၊ ပြီးတော့ ပထမဦးဆုံး လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံမှာ ကျင်းပနိုင်ခဲ့တယ်။ ကျနော်က အဲဒီနေ့ညမှာ စိတ်ထဲမှာ ငါ့ရုပ်ရှင်ပွဲတော်က တကြိမ်တည်းနဲ့ ပြီးရမှာ မဟုတ်ဘူး။ ငါ နောက်ထပ်နှစ်တွေ မဖြစ်ဖြစ်အောင် ဆက်ပြီးလုပ်ရမယ်ဆိုတဲ့ဟာတခုကို အဲဒီနေ့ည (၁၈) ရက်နေ့ည (၁၂) နာရီထိုး (၅) မိနစ်အလိုမှာ ရတယ်။ ပြီးတော့ နောက်တချက်က ဘာကို သွားတွေ့လဲဆိုတော့ ငါ ဒီရုပ်ရှင်ကို ရန်ကုန်မှာ - ထားပါတော့ အဲဒီနေ့က ရုပ်ရှင်ပွဲတော်မှာ လူ။ ကျနော်တို့ လက်မှတ်တွေဝေပြီး ရေးထားတာ လူ (၆) ထောင် ရှိတယ်။ အဲဒီတော့ ကျနော်တို့ ရန်ကုန်မှာ လူ (၆) ထောင် ကြည့်ပြီးတော့၊ ကြည့်ပြီးတာနဲ့ ရပ်မလား။ အဲဒါဆို နယ်က ရွာတွေက မြို့ငယ်လေးတွေက လူတွေကို ဒီရုပ်ရှင်တွေကြည့်ဖို့ မလိုအပ်ဖူးလား။ အဲဒါတွေကို နယ်တွေကို သယ်သွားမယ်ဆိုပြီး၊ နယ်မှာ ခရီးသွားရုပ်ရှင်ပွဲတော် ပထမဦးဆုံးနှစ်အနေနဲ့ target က တိုင်းနဲ့ပြည်နယ် (၁၄) ခု ရန်ကုန်ဖယ် (၁၃) ခု ကျန်မယ်။ အဲဒီက မြို့တွေအားလုံး ဥပမာ မကွေးတိုင်းဆို မကွေး၊ မန္တလေးတိုင်းဆိုရင် မန္တလေး အားလုံး (၁၃) မြို့ ရောက်အောင်သွားမယ်ဆိုပြီးတော့ ကြေညာခဲ့တယ်။ ပြီးတော့ ကြိုးစားခဲ့တယ်။ သွားနိုင်ခဲ့တယ်။

ကိုသားညွှန့်ဦး ။ ။ နောက်တခု မေးချင်တာက လူ့အခွင့်အရေး ရုပ်ရှင်ပြတဲ့အခါမှာ လူနည်းစု အခွင့်အရေးတွေလည်း ပြောရတယ်။ ကျနော် တနှစ်မှာ ကြားလိုက်တာက မဘသ အဖွဲ့အစည်းကနေ ကန့်ကွက်မှု ကြုံလိုက်ရတယ်လို့ သိရပါတယ်။ ဒီအခြေအနေကို ဘယ်လို ကျော်ဖြတ်ခဲ့ရလဲ။ ဘယ်လို ရှင်းခဲ့ရလဲ အဲဒါကို သိချင်ပါတယ်။

ဦးမင်းထင်ကိုကိုကြီး ။ ။ ကျနော်တို့က ရုပ်ရှင်ကြီးပဲ ပြနေလို့လဲ မရဘူး။ ဒီရုပ်ရှင် ဖန်တီးမှုကိုလည်း အရည်အသွေးတခု ဖြစ်လာအောင် လုပ်ဖို့တော့ လိုအပ်ပြီဆိုတာကို အဲဒီမှာ တွေ့တယ်။ အဲဒါနဲ့ပဲ သင်တန်းပေးမှ ဖြစ်မယ်ဆိုပြီးတော့ သင်တန်းပေးဖို့ ကြိုးစားတယ်။ ကြိုးစားတော့ အဲဒီ ပထမဦးဆုံးနှစ်မှာပဲ သင်တန်း (၄) လ ပေးဖြစ်တယ်။ နိုင်ငံတကာက ပညာရှင် (၂) ယောက်ကို ဖိတ်ပြီးတော့ ကျနော် အပါအဝင် ၊ ပြည်တွင်းက ပညာရှင်တွေအပါအဝင် နိုင်ငံတကာ ပညာရှင် (၂) ယောက်နဲ့ (၄) လလောက်ကြာတဲ့ သင်တန်းတခုလောက် ပေးတယ်။ အဲဒီ သင်တန်းမှာ အဲဒီ (၃) ယောက်တဖွဲ့ documentary တခု ရိုက်ခိုင်းတယ်။ အဲဒီက (၃) ယောက်က သူတို့ဘာသာ သူတို့ရွေးချယ်တာ ရိုက်ချင်တဲ့ အကြောင်းအရာ။ အဲဒီမှာ သူတို့က မိတ္ထီလာ အရေးအခင်းပြီးစ အဲဒီအရေးအခင်းလေးကို အခြေတည်ပြီးတော့ Documentary တခု ရိုက်ချင်တယ်။ ကျနော်လည်း ရိုက်ခွင့်ပြုတယ်။ အဲဒီ (၃) ယောက်ထဲမှာ တယောက်က အမျိုးသမီး စာရေးဆရာမ အစ္စလာမ်မစ် ၊ ကျန်တဲ့ နှစ်ယောက် ဗုဒ္ဓဘာသာ၊ အဲဒီ ဗုဒ္ဓဘာသာနှစ်ယောက်ထဲမှာ တယောက်က ရခိုင်။ တယောက်က ဆရာဝန်မလေး။ အခုဆို လန်ဒန်မှာ မာစတာတခု သွားတက်နေတယ်။ သူတို့သုံးယောက် သူတို့ဘာသူတို့ ရွေးချယ်တာ။ သူတို့ ရိုက်ချင်တယ်ဆိုပြီးတော့ သူတို့ ရိုက်ချင်နေတာက ဘာသာနှစ်ခုကြားထဲမှာ မေတ္တာတရား ကြီးမားတဲ့လူတွေရှိတယ်။ ဒီ conflict ရဲ့ နောက်ကွယ်မှာ အကြောင်းတရားတွေ ရှိလိမ့်မယ်။ ဒါပေမဲ့ ဒီဟာကိုတော့ ကျနော်တို့ သူတို့ ုပြမှာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီဘာသာနှစ်ခုကြားထဲမှာ ရှိနေတဲ့ မေတ္တာတရားကို ပြချင်တာ။ ရှိထားပြီးသား ကျနော်တို့ မြန်မာလူ့အဖွဲ့အစည်းမှာ တဦးအပေါ်မှာတဦး တကယ့်ကိုပဲ ဘာသာလူမျိုး မခွဲခြားဘဲနဲ့ ထားတဲ့မေတ္တာတွေက ရှိထားပြီးသား၊ ရှိနေပြီးသား၊ ရှိနေတယ်။ အခိုင်အမာ ရှိနေတယ်ဆိုတာလေးကို သူတို့က ပြဖို့ကြိုးစားတာ။ ပြီးတော့ ကျနော်တို့ ဒုတိယနေ့ ရုပ်ရှင်ပွဲတော် ၂၀၁၂ မှာ ရန်ကုန်မှာ အဲဒီကားကို ပြမယ်လို့ program ထုတ်လိုက်တယ်။ တပတ်လောက်အကြိုမှာ ကျနော်တို့ program ဘယ်ကားတွေ ပြမယ်ဆိုတာ ထွက်တာပေါ့။ ကျနော်လည်း အရမ်းအလုပ်များတော့ social media facebook ပေါ်လဲ မတက်ဖြစ်ဘူး။ facebook မှာ ဘာတွေဖြစ်နေတာလဲ ကျနော် မသိဘူး။ ဒါပေမဲ့ ရုပ်ရှင်ပွဲတော် ပထမနေ့ ကျနော် မှတ်မိနေသေးတယ် (၁၅) ရက်နေ့ မနက် (၆) နာရီ ကျနော် နိုးနေပြီ။ ရုပ်ရှင်ပွဲတော်သွားဖို့ ပြင်နေပြီ။ ဖုန်းတခု ဝင်လာတယ်။ social media ကို ကြည့်ကြည့်ပါ မြင်လားလို့ ကျနော့်မိတ်ဆွေတယောက်က ခင်များတို့ အဲဒီရုပ်ရှင်ပြရင် ရုပ်ရှင်ရုံကို မီးရှို့မယ်၊ ခင်များကိုလဲ သတ်မယ်ဖြတ်မယ်လို့ ခြိမ်းခြောက်ထားတယ်။ အဲဒါနဲ့ နောက်ဆုံးကျတော့ ကျနော် ဆုံးဖြတ်လိုက်တယ် … သူတို့က ဘာကို လိုက်ရှာနေလဲဆိုတော့ မိတ္ထီလာပြီးတော့ နောက်ထပ် လူတွေကြားထဲမှာ ယမ်းပုံကြီးက အသစ်ဖြစ်နေပြီ။ မီးစလေးတစ spark အဲဒါလေးတခုကို လိုက်ရှာနေတာ။ ကျနော် စဉ်းစားကြည့်တာ ငါ့ရုပ်ရှင်ပွဲကို ဒီဟာအဖြစ် အသုံးချတော့မယ်။ ဒီဟာကို အသုံးချ မခံနိုင်ဘူး။ အဲဒီ ရုပ်ရှင်ပွဲတော် မျက်နှာနဲ့ နိုင်ငံမျက်နှာ ဘယ်ဟာကို ရွေးမလဲ။ ကိစ္စမရှိဘူး ကျနော်တို့ ရုပ်ရှင်ပွဲတော်ကို နိုင်ငံတကာရှေ့မှာ ဂုဏ်သိက္ခာအားဖြင့် ထိခိုက်ပါစေ။ ကိစ္စမရှိဘူး။ ဒါပေမဲ့ အဲဒီဟာကြောင့် ဒီမှာ မီးပွားကြီးတော့ အဖြစ်မခံနိုင်ဘူး။ အဲဒီတော့ နိုင်ငံမျက်နှာကို ရွေးမယ်ဆိုပြီးတော့ အဲဒီ ရုပ်ရှင်ကို withdraw လုပ်လိုက်တယ်။

ကိုသားညွှန့်ဦး ။ ။ အဲဒါ ကျနော် မေးချင်တာ။ မြန်မာနိုင်ငံထဲမှာ လူ့အဖွဲ့အစည်းထဲမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကျင့်ကြံမှု အားနည်းတာတွေ ရှိတယ်။ တချို့နေရာတွေမှာ လူနည်းစု အခွင့်အရေး။ အထူးသဖြင့်ပြောမယ်ဆိုရင် မြန်မာ့ရုပ်ရှင်လောကမှာ LGBT လိင်တူချင်း စုံမက်တဲ့ ကိစ္စတွေမှာ နှိမ်ချတာတွေ၊ နောက် လူမျိုးရေးအရ နှိမ်ချတဲ့ အသုံးအနှုန်းတွေ၊ အပြောအဆိုတွေ ဖြစ်တဲ့အခါကြတော့ ကိုမင်းထင်ကိုကိုကြီးတို့က လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် လုပ်တဲ့အခါမှာ ဒီပေါ်မှာ ရုပ်ရှင်လောကနဲ့ ဘယ်လိုများ ဆက်စပ်နိုင်လဲ။ ရုပ်ရှင်လောကပေါ်မှာ ဘယ်လောက်အထိ သက်ရောက်မှု ရှိပါလဲ။

ဦးမင်းထင်ကိုကိုကြီး ။ ။ လူနည်းစုဖြစ်တဲ့ LGBT တွေကို သူတို့က ရုပ်ရှင်မှာကော - ဇာတ်လမ်းရုပ်ရှင်တွေမှာ၊ နောက်ပြီးတော့ stage performance အငြိမ့်တွေမှာ သူတို့ကို တော်တော်ကြီး ခွဲခြားဆက်ဆံတယ်ဆိုတာထက် နှိမ်ချဆက်ဆံတဲ့ ရယ်စရာ၊ တကယ့်ကိုပဲ ဂုဏ်သိက္ခာအားဖြင့် ကျဆင်းစေတဲ့ အပြောအဆို၊ လောင်ပြောင်မှုတွေနဲ့ လုပ်နေတာကြီးက နှစ်ပေါင်းကို တော်တော်ကြီး ကြာခဲ့ပြီပေါ့။ အဲဒီဟာတွေကို ရပ်ဖို့သင့်တဲ့ အချိန်တခုကို ကျနော်တို့ ရောက်နေပြီ။ အဲဒီဟာလဲ ကျနော့်စိတ်ထဲမှာ ရှိတယ်။ ဒါပေမဲ့ တချို့ဟာတွေကြတော့ issues လေးတွေက ထားပါတော့ အမျိုးသမီး အခွင့်အရေး၊ LGBT အခွင့်အရေးဟာတွေထက် အရေးကြီးနေတဲ့ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ အခွင့်အရေးက ပိုပြီးအရေးကြီးနေတာပေါ့။ ဒါပေမဲ့ အဲဒီဟာတွေလဲ လုပ်ရမယ်ဆိုတာကို နားလည်တယ်။ မြင်တယ်။ ဒုတိယအကြိမ် ရုပ်ရှင်ပွဲတော်မှာ LGBT issue နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကျောင်းသား ရိုက်ထားတဲ့ ကားလေးကို ပြခဲ့ပါတယ်။

ကိုသားညွှန့်ဦး ။ ။ နောက်တခု မေးချင်တာကတော့ လူ့အခွင့်အရေး ရုပ်ရှင်ပြပွဲ လွတ်လပ်ခွင့်ပေါ့။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးက တစုံတရာ လွတ်လပ်လာပြီ ဆိုပေမယ့် တချို့ အထိမခံသေးတဲ့ အခြေအနေရှိတယ်။ ဥပမာ စစ်တပ်နဲ့ ပတ်သက်လို့ဟာမျိုးတွေ။ အခုအခြေအနေမှာ သူတို့ဘက်က ထိတာ တော်တော်လေး sensitive ဖြစ်နေတယ့် အနေအထားမှာရှိတယ်။ အခုန အကိုပြောတဲ့ထဲမှာ ကလေးစစ်သား issue မျိုးတွေ ပါလာတယ်။ ဒီလို issue မျိုးတွေနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ လူ့အခွင့်အရေး ရုပ်ရှင်ပြပွဲက လွတ်လွတ်လပ်လပ်နဲ့ စိတ်ကြိုက် ရိုက်ခွင့်ရပြီလဲ။ ပြခွင့်ရလဲ။ အကန့်အသတ် ရှိလား။

ဦးမင်းထင်ကိုကိုကြီး ။ ။ အဲဒီအကြောင်းကိုပြောရင် ရုပ်ရှင်ပွဲတော် (၃) နှစ် ကျင်းပပြီးသွားပြီ။ ကျနော်တို့ ရုပ်ရှင်ပွဲတော်မှာပြမယ့် ရုပ်ရှင်အားလုံးကို ဆင်ဆာအဖွဲ့ကို ကျနော်တို့ တင်ရတယ်။ အခုနပြောတဲ့ Open Sky မိတ္ထီလာ အရေးအခင်းနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကလဲ ဆင်ဆာအဖွဲ့က ခွင့်ပြုလိုက်တဲ့ကား။ သူတို့ကို ကျနော်တို့ တင်ရတယ်။ ဘာမှအဖြတ်အတောက်မရှိ ခွင့်ပြုလိုက်တယ်။ နောက်ပြီး Article 18 ဆိုတဲ့ ကားလေး။ အဲဒီကားထဲမှာ ဦးသိန်းစိန် ပုံတွေဘာတွေလဲ ပါတယ်။ အဲဒီထဲမှာ Article 18 နဲ့ ပတ်သက်ပြီး ၂၀၁၂ ပတ်ဝန်းကျင်မှာ ကျောင်းသားတွေ၊ အဖွဲ့အစည်းက လူတွေကို ပုဒ်မ ၁၈ နဲ့ ဖမ်းတဲ့ကိစ္စတွေကို ရိုက်ထားတာ။ ကျနော်တို့ကျောင်းက ကလေးတွေပဲ ရိုက်ထားတာ။ အဲဒီတော့ ရန်ကုန်မှာ ရုပ်ရှင်ပွဲတော်လုပ်ဖို့အတွက် တင်သမျှ ကားအားလုံးကို သူတို့က ဒီကားကိုတော့ မပြပါနဲ့ဆိုတဲ့ အခုအထိ နိုင်ငံတကာကားတွေ နဲ့ ပြည်တွင်းကကားတွေကို တခုမှ မရှိခဲ့ဘူး။ အခုနပြောတဲ့ ကလေးစစ်သားနဲ့ ပတ်သက်ပြီးတော့လဲ သူတို့ ခွင့်ပြုခဲ့တယ်။ အဲဒါကို ပြခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ ပြဿနာတခုက ရန်ကုန်မှာမဖြစ်ဘဲ ဘယ်မှာဖြစ်လဲဆိုတော့ ကျနော်တို့ ခရီးသွားရုပ်ရှင်ပွဲတော်ဆိုပြီး နယ်တွေသွားတဲ့အချိန်မှာ ပထမနှစ်တုန်းက ပြောလိုက်တယ် (၁၃) မြို့မှာ ကျင်းပတယ်ဆိုတာ။ အဲဒီ (၁၃) မြို့မှာ ကျနော်တို့ ပါမစ်ရတာ (၁) မြို့တည်းပဲရှိတယ်။ ရုပ်ရှင်ရုံမှာ ကျင်းပတယ်ဆိုရင် အနည်းဆုံးက ဆင်ဆာက ခွင့်ပြုထားတယ်ဆိုတာကို ပေးရသေးတယ်။ ဒါပေမဲ့ မြို့တိုင်းမှာ ရုပ်ရှင်ရုံ မရှိဘူး။ မရှိတော့ သက်ဆိုင်ရာ ဒေသခံအဖွဲ့အစည်းကို ခွင့်ပြုချက်တောင်းရတယ်။ ကျနော် မမှားဘူးဆိုရင် ချင်းက တီးတိန်မှာ အဲဒီတပွဲပဲ ခွင့်ပြုချက်ရတယ်။ ကျန်တဲ့ (၁၂) မြို့ ဘယ်နေရာမှာမှ ခွင့်ပြုချက် မပေးဘူး။

ကိုသားညွှန့်ဦး ။ ။ အဲဒါတွေက ဘယ်အပေါ်မှာ မူတည်တာလဲ။ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအလိုက် အစိုးရတွေပေါ် မူတည်တာလား။

ဦးမင်းထင်ကိုကိုကြီး ။ ။ ဟုတ်တယ်။ ဥပမာ ပေးရရင် ရန်ကုန် ပထမဆုံးနှစ် ၂၀၁၃ ပြီးပြီချင်း နယ်ကိုသွားမယ်ဆိုတော့ ကျနော်တို့ ရွေးလိုက်တဲ့မြို့က မကွေး။ ဦးဖုန်းမော်ရွှေရဲ့ … ဘာဖြစ်လို့ အဲဒါကို ရွေးလိုက်ရလဲဆိုတော့ ရှေ့မှာတုန်းက ကိုမင်းကိုနိုင်တို့ စာပေဟောပြောပွဲ လုပ်မယ်ဆိုတဲ့ဟာကို ခွင့်ပြုချက်မပေးလို့ အဲဒီပွဲ ပျက်သွားခဲ့တယ်။ အဲဒါနဲ့ ရုပ်ရှင်ပွဲတော် အဲဒီမြို့ကို သွားလုပ်မယ်ဆိုပြီး မကွေးကို ရွေးပြီးတော့ ပထမဆုံး ခရီးသွားရုပ်ရှင်ပွဲတော် ၂၀၁၃ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ခရီးသွား ရုပ်ရှင်ပွဲတော် မကွေးမှာ ကျင်းပဖို့ ကြိုးစားခဲ့ပါတယ်။

ကိုသားညွှန့်ဦး ။ ။ ကိုမင်းထင်ကိုကိုကြီး အခုလို ဗွီအိုအေ ကို ဖြေကြားပေးတာ အများကြီး ကျေးဇူးတင်ပါတယ်။

ဦးမင်းထင်ကိုကိုကြီး ။ ။ ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်။ ကျနော့်ကို ဒီမှာလာပြီးတော့ ရုပ်ရှင်ပွဲတော်အကြောင်းလေး ပြောခွင့်ပြုတဲ့အတွက်။

XS
SM
MD
LG