သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတလောင်းများ အမည်စာရင်းတင်သွင်း


NLD ပါတီက ပြည်သူ့လွှတ်တော်အတွက် ဦးထင်ကျော် အမျိုးသားလွှတ်တော်အတွက် ဦးဟင်နရီဗန်ထီးယူတို့ကို ဒုသမ္မတလောင်းတွေအဖြစ်အမည်စာရင်း
တင်သွင်းပါတယ်။

ပြည်ခိုင်ဖြိုးပါတီက ပြည်သူလွှတ်တော်အတွက် လက်ရှိဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်း။ အမျိုးသာလွှတ်တော်အတွက် အမျိုးသား
လွှတ်တော်ဥက္ကဌဟောင်း ဦးခင်အောင်မြင့်တို့ကို အမည်စာရင်းတင်သွင်းခဲ့ပါတယ်။

ဦးထင်ကျော်ရဲ့ ကိုယ်ရေးအကျဉ်း

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် အများစုပါဝင်တဲ့ ပြည်သူ့လွတ်တော်က ဦးထင်ကျော်ကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။
ဦးထင်ကျော်ရဲ့ဖခင် နိုင်ငံကျော် စာရေးဆရာကြီး မင်းသုဝဏ်ဟာလည်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက NLD လွတ်တော်ကိုယ်စားလှယ်အဖြစ် ကမာရွတ်မြို့နယ်ကနေ ရွေးကောက်တင်မြောက်ခံခဲ့ရပါတယ်။
ဦးထင်ကျော်က ဒေါ်အောင်ဆန်းစုကြည်က ယုံကြည် အားကိုးရတဲ့ လူယုံတဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ Methodist High School (ဒဂုံ-၁) မှာ အခြေခံပညာ ဆည်းပူးခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ စီးပွားရေးတက္ကသိုလ် တက်ရောက်ခဲ့ပြီး စီးပွားရေးမဟာဘွ့ဲ ရပြီးတဲ့နောက် နိုင်ငံခြားပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ပညာ ဆက်လက်သင်ကြားခဲ့သူလည်း ဖြစ်ပါတယ်။
ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရစဉ် ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ပေးခဲ့သူ လူနဲစုထဲမှာ တဦးအပါအဝင် ဖြစ်ပါတယ်။
ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်က စိတ်ချယုံကြည်ရတဲ့ လူယုံတယောက်ဖြစ်တဲ့အပြင် ရိုးသား ဖြောင့်မတ်တဲ့ စိတ်ထားရှိသူအဖြစ် အသိအမှတ် ပြုခံသူတဦးလည်း ဖြစ်ပါတယ်။ ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုလွင်ဟာလည်း NLD ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးလွင်ရဲ့ သမီးဖြစ်ပြီး လက်ရှိမှာ သုံးခွမဲဆန္ဒနယ်ကနေ ရွေးကောက်တင်မြောက်ခံထားရတဲ့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တဦးဖြစ်သလို၊ လွတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မီတီဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
ဦးထင်ကျော်တို့ ဇနီးမောင်နှံဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးကြသူတွေဖြစ်တဲ့အပြင် ယုံကြည်အားကိုးရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG