သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ကျဉ်း လွှတ်တာ တပ်မတော် ငြို ငြင်စရာ မရှိ


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်အကြီးအကဲများ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် တွေ့ရစဉ်။ (မတ် ၃၀၊ ၂၀၁၆)
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်အကြီးအကဲများ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် တွေ့ရစဉ်။ (မတ် ၃၀၊ ၂၀၁၆)

မြန်မာနိုင်ငံ တဝှမ်း အကျဉ်းထောင်တွေကနေ နိုင်ငံရေး အကျဉ်းသား တော်တော် များများ ကို NLD ဦးဆောင်တဲ့ အစိုးရသစ် က ပြန်လွှတ်ပေးခဲ့ တာဟာ ကောင်းမွန်တဲ့ လုပ်ရပ်တခုအဖြစ် မြန်မာ့အရေးကျွမ်းကျင်သူတွေက ချီးကျူးခဲ့ကြပြီး ဒါဟာ စစ်တပ်အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စ မဟုတ်ဘူး လို့လည်း သုံးသပ်ပြောဆိုခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ - အကဲဆတ် လွန်းတဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အနေအထားမှာ တိုင်းပြည်အတွက် အကျိုးမရှိစေမယ့် ကြိုတင် ခန့်မှန်း တွက်ဆမှုမျိုးတွေ မဖြစ်စေအောင် သတိထားကြဖို့ ကိုလည်း မြန်မာ့ အရေး ကျွမ်းကျင်သူတွေက တိုက်တွန်းခဲ့ကြတာပါ။ အသေးစိတ်ကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရသစ်တက်လာပြီး ၁ ပတ်အကြာမှာပဲ - နိုင်ငံရေး အကျဉ်းသား တော်တော်များများ လွတ်မြောက်လာတဲ့ အပေါ် ပြည်ပရောက် မြန်မာ့ အရေး ကျွမ်းကျင်သူတွေက ကြိုဆိုခဲ့ကြပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရာထူးကို လက်ခံရယူပြီးနောက် ဧပြီလ ၇ ရက်နေ့က ပထမဆုံး ထုတ်ပြန် ခဲ့ တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကြေညာချက်အတိုင်း - ဧပြီလ ၈ ရက်နေ့မှာပဲ နိုင်ငံရေးအကျဉ်းသား တေ်ာတော်များများ လွတ်မြောက်လာခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ NLD အစိုးရကြား ပြဿနာတက်လာနိုင်တယ်လို့ သုံးသပ်တာတွေ ရှိခဲ့ပေမဲ့ - အခုအချိန်ထိ တော့ စစ်တပ်က ဘာတခုမှ တုံ့ပြန်တဲ့ အရိပ်အယောင် မတွေ့ရသေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး - George Town တက္ကသိုလ် အာရှရေးရာ လေ့လာရေး ဌာနက မြန်မာ့အရေးသုံးသပ်သူ ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg ကတော့ - ဒါဟာ ကောင်းတဲ့ကိစ္စဖြစ်ပြီး၊ အရင် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်ကလည်း အလားတူ လုပ်ဆောင်မှုမျိုးတွေ ရှိခဲ့တဲ့အတွက် စစ်တပ်အနေနဲ့ လက်ခံတာ ကောင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ် တဲ့ ဒေါက်တာ တင့်ဆွေ ကလည်း - နှစ်ဘက်စလုံးက သတိကြီးကြီး ထား ဆောင်ရွက်နေပုံရတဲ့ အတွက် တိုင်းပြည်အတွက် အကျိုးရှိတယ်လို့ ယူဆပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ဖွဲ့စည်းပုံ ကို ကျော်လွန်လုပ်ဆောင်တာ မဟုတ်တဲ့အတွက် စစ်တပ်အနေနဲ့ မကြိုက်ရင်တောင် ပြောဖို့ခက်လိမ့်မယ်လို့ အခုလို သုံးသပ်ခဲ့ပါတယ်။

“တပ်မတော်ဘက်က ပြီးခဲ့တဲ့ ၂၀၁၅ တပ်မတော်နေ့မှာ ကာကွယ်ရေးဦးစီးချုပ် သူ့ရဲ့မိန့်ခွန်းထဲမှာလည်း လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် မယ်လို့ ပြောခဲ့တယ်။ နောက်ပိုင်းလည်း အဲဒီအတိုင်း လုပ်တယ်။ အဲတော့ NLD ကလည်း အတတ်နိုင်ဆုံး၊ အဖြစ်နိုင်ဆုံးပေါ့လေ ဖွဲ့စည်းပုံက ခွင့်ပြုသလောက်ထဲက လှည့်ပတ်ပြီးတော့ ကြိုးစားပြီးတော့ ဆောင်ရွက်နေတယ်။ အဲတော့ တပ်မတော် ကလည်း ဖွဲ့စည်းပုံကို ဆန့်ကျင်မှု ရှိတဲ့အထိ မဟုတ်သ၍တော့ သူလည်း ပြောချင် ရင်တောင် ပြောလို့မရတဲ့ အနေအထားပေါ့နော်။”

အလားတူ ပါမောက္ခ David Steinberg ကလည်း - မြန်မာစစ်တပ်မှာ နိုင်ငံရေး အကျဉ်းသားကိစ္စထက် ပိုအလေးထားစရာ တခြားကိစ္စတွေ ရှိတယ် လို့ ထောက်ပြခဲ့ပါတယ်။

“ဒါက စစ်တပ်အတွက် သိပ်အရေးမကြီးတဲ့ကိစ္စ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စစ်တပ်က အရေးကြီးတယ်လို့ ခံယူထားတဲ့ အခြေခံကိစ္စတွေတော့ ရှိပါတယ်။ တခုကတော့ - အမျိုးသားညီညွတ်ရေးပါ။ ဒုတိယတချက်ကတော့ - တပ်မတော် အနေနဲ့ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမနေဖို့ ပါပဲ။ တနည်းပြောရရင်တော့ စစ်တပ်အနေနဲ့ အရပ်သားအစိုးရကနေ စစ်တပ်ထဲက ကိစ္စတွေမှာ ဝင်ပါတာတွေကို တားဆီးဖို့ပါ။ ဒါတွေက သိပ်ကို အရေးကြီးတယ်လို့လည်း စစ်တပ်က ခံယူထားပါတယ်။ ကာကွယ်ရေး ဝန်ကြီးဌာနကတော့ စစ်တပ်ကိစ္စပါ၊ ဒီလိုပဲ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ကိစ္စတွေလို ကဏ္ဍတွေမှာ စစ်တပ်က ဆက်ပြီးထိန်းချုပ် ထားချင်ပါတယ်။ နိုင်ငံရေး အကျဉ်းသားကိစ္စကတော့ သူတို့အတွက် သိပ်အရေးမပါတဲ့ ကိစ္စ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။”

ဒါ့အပြင် နိုင်ငံတကာမှာလည်း - ဆန္ဒပြသူတွေကို ရဲက ဖမ်းဆီးလေ့ရှိပေမဲ့ - ခဏတဖြုတ် ဖမ်းဆီးထိန်းသိမ်းပြီး အရေးမယူဘဲ ပြန်လွှတ်ပေးတာတွေ ရှိတာကြောင့် - အခုကိစ္စမှာလည်း မြန်မာစစ်တပ်အနေနဲ့ ဘာမှ မကျေမနပ် ဖြစ်စရာ မလိုဘူးလို့ ယူဆပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်မလာခင်ကတော့ - လက်ရှိအစိုးရသစ်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ မြန်မာစစ်တပ်အကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်နိုင်တယ်လို့ ကြိုတင် ဝေဖန် သုံးသပ်မှုတွေ ရှိခဲ့တာပါ။ ဒီလို ကြိုတင် ဝေဖန်သုံးသပ်မှုတွေက စစ်တပ်ကို တွန်းအားပေး သလို ဖြစ်သွားမှာ ဒေါက်တာတင့်ဆွေက စိုးရိမ်ပါ တယ်။

“ကျနော် အဲဒီအချက်အပေါ်မှာ တော်တော်လေး စိုးရိမ်သောကရှိပါတယ်။ လူမှုရေးကွန်ယက်တွေမှာ သာမန်ရေးနေကြတာတင်မကဘဲနဲ့ နိုင်ငံရေးပါတီ တချို့ကိုယ်၌ကလည်း NLD ဒီလိုလုပ်ရင် ဒါဖြစ်မယ်၊ ဒီလိုလုပ်ရင် ဒါဖြစ်မယ်ဆိုပြီး တနည်းအားဖြင့် တင့်ကူးပြီးတော့မှနော် အဲ့လိုပြောတဲ့ အပြောမျိုး နိုင်ငံရေး ဆုံးဖြတ်ချက်တွေ ပါတီဆုံးဖြတ်ချက်တွေအထိတောင် လုပ်နေတော့ကာ ဒါကတော့ ဟို တနည်းအားဖြင့် နိုင်ငံရေးမဆန်ပေမဲ့ လူမှုရေး ကွန်ယက်မှာ သာမန်ပြောတဲ့ အရပ်စကားမျိုးနဲ့ သွား တန်းတူနေတော့ ဒီလိုဟာတွေက မဖြစ်သင့် ဘူးပေါ့နော် နောက် တချိန်တည်းမှာ မီဒီယာပေါ့ အဲဒီမီဒီယာမှာလည်း အမျိုးမျိုးပေါ့နော် ပြောကြတာတွေဟာ ပြောတာတော့ ပြောသင့်တယ်။ သို့သော်တချိန်တည်းမှာ တိုင်းပြည်ရဲ့ အကျိုးစီးပွားရေး ဆိုတဲ့ အချက်ကိုတော့ မမေ့ဘဲနဲ့ ပြောကြရင်တော့ မှန်းဆချက်ပဲပြောပြော ဝေဖန်ချက်တွေပဲ ပြောပြော တိုင်းပြည်အတွက် အကျိုးရှိမယ်လို့ ယူဆပါ တယ်။”

အခုလို နိုင်ငံရေးအကျဉ်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ခဲ့တဲ့ လုပ်ရပ်ဟာ NLD အစိုးရရဲ့ ပထမဦးဆုံး ထူးခြားထိရောက်တဲ့ လုပ်ဆောင်ချက်တခုလည်း ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG