သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေထဲပင်လယ်မှာ စက်လှေနစ်မြုပ်မှု လူ ၅၀၀ သေဆုံး


လစ်ဗျားနိုင်ငံနဲ့ အီတလီနိုင်ငံအကြား မြေထဲပင်လယ်ပြင်အတွင်း အခုလ စောစောပိုင်းက လူတွေအပြည့် တင်ဆောင်လာတဲ့ စက်လှေ တိမ်းမှောက်ပြီး နစ်မြုပ်သွားခဲ့တဲ့အတွက် လိုက်ပါလာသူ ၅၀၀ လောက်အထိ သေဆုံးသွားခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက ပြောဆိုပါတယ်။ ဒီလှေတိမ်းမှောက်မှုဟာ ဧပြီလ ၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

လူ ၅၀၀ လောက် တင်ဆောင်ထားတဲ့ လူမှောင်ခိုကူး စက်လှေဟာ တိမ်းမှောက်သွားခဲ့တယ်လို့ အသက်မသေဘဲ ကျန်ရစ်ခဲ့သူတွေနဲ့ မျက်မြင်သက်သေတွေက ဗွီအိုအေ ဆိုမာလီဌာနကို တနင်္လာနေ့က ပြောပါတယ်။

အရေအတွက် အတိအကျမသိရတဲ့ သူတချို့ဟာ အခင်းဖြစ်ပွားရာ အနီးနားမှာရှိတဲ့ စက်လှေတွေဆီ ရေကူးသွားခဲ့ကြပြီး သူတို့ကို ဂရိနိုင်ငံကို ခေါ်ဆောင်သွားခဲ့တယ်လို့လည်း မျက်မြင်သက်သေတွေက ပြောပါတယ်။

အသက်မသေ ကျန်ရစ်သူတွေ ပြောဆိုချက်အရ ပိုကြီးတဲ့ သင်္ဘောပေါ်ကို လူတွေ ပြောင်းတင်ဖို့ ကြိုးစားရာမှာ စက်လှေ နစ်မြုပ်သွားတာဖြစ်ကြောင်း UNHCR အဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ကုန်တင်သင်္ဘောတစီးကတော့ လူပေါင်း ၄၁ ယောက်ကို ဆယ်ယူခဲ့ပြီး ဂရိနိုင်ငံကို ဧပြီလ ၁၆ ရက်နေ့မှာ ပို့ပေးခဲ့တယ်လို့ UNHCR က ပြောပါတယ်။ ဒီသေဆုံးတဲ့ အရေအတွက်သာ အတည်ဖြစ်ခဲ့မယ်ဆိုရင် ဒီဖြစ်ရပ်ဟာ ဥရောပကို ဒုက္ခသည်တွေ ထွက်ပြေးတဲ့ဖြစ်စဉ် စတင်ခဲ့ပြီးနောက် အဆိုးရွားဆုံး ကြေကွဲဖွယ်ရာ ဖြစ်ပျက်တခု ဖြစ်ပါလိမ့်မယ်။

XS
SM
MD
LG