သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ ဘရုနိုင်းမှာ ကျင်းပ


Bandar Seri Begawan မှာရှိတဲ့ ဘရုနိုင်းဝန်ကြီးချုပ်သစ် ရုံးမှာ အာဆီယံညီလာခံ ကျင်းပစဉ် (၂၃ ဧပြီ ၂၀၁၃)
Bandar Seri Begawan မှာရှိတဲ့ ဘရုနိုင်းဝန်ကြီးချုပ်သစ် ရုံးမှာ အာဆီယံညီလာခံ ကျင်းပစဉ် (၂၃ ဧပြီ ၂၀၁၃)
၂၀၁၅ ခုနှစ်မှာ အာဆီယံ အသိုင်းအဝိုင်းကြီး ဖော်ဆောင်နိုင်ရေးကိစ္စကို ဘရုနိုင်းနိုင်ငံ Bandar Seri Begawan မှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲမှာ အဓိက ဦးစားပေး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်အမှီ အဖွဲ့ဝင်နိုင်ငံတွေ ဆောင်ရွက်သင့်တဲ့ ရည်မှန်းချက်တွေအတိုင်း ပြည့်မှီအောင် လုပ်ဖို့ လိုအပ်တယ်ဆိုတာကို အဖွဲ့ဝင်နိုင်ငံတိုင်း သဘောပေါက်ကြပါတယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် လီ လွမ် မင်း (Le Luong Minh) က ပြောပါတယ်။

ဒီလိုဆောင်ရွက်မှသာ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ လက်လှမ်းမှီဖို့ ခက်ခဲတဲ့ အကျိုးရလဒ်တွေကို ရရှိမှာ ဖြစ်တယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ်က ဆိုပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန် အပါအဝင် ဘရုနိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေဟာ ဗုဒ္ဓဟူးနေ့တုန်းက အလုပ်သဘော ညစာစားပွဲကို တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံက လူမှုအသိုင်းအဝိုင်းတွေကြား ဖြစ်နေတဲ့ ပြဿနာကို ထိန်းသိမ်းဖို့ ဦးသိန်းစိန် အစိုးရက ဆောင်ရွက်နေတယ်လို့ ယုံကြည်ကြောင်း အဲ့ဒီမှာပဲ ရောက်ရှိနေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီ ဂါဝါ (Marty Natalegawa) က သတင်းထောက်တွေကို အခုလို ပြောကြားသွားခဲ့ပါတယ်။

လူမှုအသိုင်းအဝိုင်းတွေကြား ဖြစ်နေတဲ့ ပဋိပက္ခတွေကို ထိန်းနိုင်ဖို့နဲ့ အစွန်းရောက် အမြင် သဘောထားရှိသူတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ ဦးသိန်းစိန် အစိုးရက လုပ်သင့်တာတွေကို လုပ်နေပါတယ်လို့ အင်ဒိုနီးရှား သမ္မတနဲ့အတူ မကြာခင်က မြန်မာနိုင်ငံကို လာသွားတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနဲ့ ကြာသပတေး ၂ ရက်ကြာ ကျင်းပတဲ့ အာဆီယံ ခေါင်းဆောင်တွေရဲ့ ထိပ်သီး ဆွေးနွေးပွဲမှာ အာဆီယံကို EU ဥရောပသမဂ္ဂလို အသိုင်းအဝိုင်း ကြီး ဖော်ဆောင်ရေး ကိစ္စအပြင် ဒေသတွင်း ကိစ္စတွေဖြစ်တဲ့ ရေပိုင်နက် အငြင်းပွားမှုကိစ္စ၊ မြောက်ကိုရီးယား ပြဿနာတွေကိုလည်း ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
XS
SM
MD
LG