သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် လာအို တာဝန်ယူ


အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ ASEAN ထိပ်သီး အစည်းအဝေး။ (နိုဝင်ဘာ ၂၂၊ ၂၀၁၅)
အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ ASEAN ထိပ်သီး အစည်းအဝေး။ (နိုဝင်ဘာ ၂၂၊ ၂၀၁၅)

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာ တနင်္ဂနွေနေ့ကပြီးဆုံးသွားတဲ့ နှစ်ရက်ကြာ အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ ASEAN ထိပ်သီးအစည်းအဝေး အဆုံးသတ်နေ့မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို မလေးရှားက လာအိုနိုင်ငံကို လွှဲပြောင်းပေး လိုက်ပါတယ်။

၂၀၁၅ ခုနှစ် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပတဲ့ မလေးရှားနိုင်ငံမှာ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဂျပန်နဲ့ အရှေ့တောင် အာရှနိုင်ငံတွေက ခေါင်းဆောင်တွေအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံက ခေါင်းဆောင်တွေ စုဝေး တက်ရောက်ခဲ့ကြတာပါ။

ပြင်သစ်နိုင်ငံ ပါရီမြို့တော်၊ မာလီနိုင်ငံနဲ့ လက်ဘနွန်နိုင်ငံတွေမှာ မကြာသေးခင်က အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက် အကြမ်းဖက်ဝါဒနှိမ်နင်းရေး ပိုပြီးတော့ အပြင်းအထန်လုပ်သွားကြဖို့ ခေါင်းဆောင်တွေ နှိုးဆော်ခဲ့ပါ တယ်။

အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန် ကီမွန်းကလည်း အကြမ်းဖက်ဝါဒကို အမြစ်ပြတ်ချေမှုန်းရေး ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။ အစွန်းရောက် ဝါဒနဲ့ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ရေးဆိုင်ရာ ပြီးပြည့်စုံတဲ့ အစီအစဉ်တခုကို နောက်နှစ်အစောပိုင်းမှာ သူ ချပြမယ်လို့လည်း ကုလ အတွင်းရေးမှူးချုပ်ကပြောပါတယ်။

အာဆီယံနိုင်ငံတွေနဲ့ တရုတ်နိုင်ငံအကြား တောင်တရုတ်ပင်လယ် ရေပြင်နယ်နိမိတ်ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတာအပါအဝင် ဒေသတွင်းဆိုင်ရာ တခြားကိစ္စတွေကိုလည်း ဆွေးနွေးကြပါတယ်။ လူဦးရေပေါင်း ၆၂၅ သန်းရှိပြီး စီးပွားရေး ထုတ်လုပ်မှု စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၆ ထရီလီယံရှိတဲ့ဒေသတဝိုက် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိုပြီးလွတ်လွတ်လပ် လပ် လုပ်ဆောင်နိုင်မယ့် အာဆီယံအဝန်းအဝိုင်းထူထောင်ရေးဆိုင်ရာ သဘောတူညီချက်တရပ်ကိုလည်း အခု ထိပ်သီးအစည်း အဝေးမှာ အာဆီယံခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

XS
SM
MD
LG