သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်း ထုတ်ပြန်


အာဆီယံ ထိပ်သီးစည်းဝေးပွဲ တက်ရောက်နေကြတဲ့ အရှေ့တောင်အာရှ နိုင်ငံ့ခါင်းဆောင်များ။ (နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၁၂)။
အာဆီယံ ထိပ်သီးစည်းဝေးပွဲ တက်ရောက်နေကြတဲ့ အရှေ့တောင်အာရှ နိုင်ငံ့ခါင်းဆောင်များ။ (နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၁၂)။
အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ ထိပ်သီး အစည်းအဝေးပွဲ ဖွင့်ပွဲမှာ နိုင်ငံခေါင်းဆောငေ်တွက အာဆီယံ လူ့အခွင့်အရေး ကြေညာ စာတမ်းကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။ အပြည့်စုံကို ကမ္ဘောဒီးယားနိုင်ငံကနေ ဝိုင်းတော်သား ဦးသိန်းထိုက်ဦးက သတင်းပေးပို့ထားပါတယ်။

အာဆီယံဒေသကို တခုတည်းလူမှုအသိုင်းအဝိုင်း ဖြစ်ရေး၊ ရှေ့ကြုံလာရမယ့် ကံကြမ္မာတွေမှာ အားလုံး တပြေးညီရင်ဆိုင်ရေး ဒီရည်မှန်းချက်တွေနဲ့ (၂၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲကြီး ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန် အပါအဝင် ဒေသတွင်း နိုင်ငံတွေက အစိုးရခေါင်းဆောင်တွေ ဒီအစည်းအဝေးကို တက်ရောက်ပါတယ်။
ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်ဖို့ အဖွင့်မိန့်ခွန်းမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ဟွန်ဆန်က ထည့်သွင်း ပြောဆိုသွားပါတယ်။

၂၀၁၅ အာဆီယံ လူမှုအဝန်းအဝိုင်း ထူထောင်ရေး ရည်မှန်းချက်တွေ ၃ နှစ်လောက်သာ အချိန်ကျန်တော့တာမို့ ရှေ့ဆက် လုပ်ဆောင်စရာတွေ အများကြီး ရှိသေးတယ် ဆိုတာကိုလည်း သူက သတိပေး ပြောဆိုပါတယ်။ ဒါပေမဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ တရုတ်နိုင်ငံကြား ဖြစ်ပွားနေ တဲ့ တောင်တရုတ် ပင်လယ်တွင်း ရေပိုင်နက် အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့တော့ တစုံတရာ ထည့်သွင်း ပြောဆိုသွားခဲ့တာ မရှိပါဘူး။

ဒီ ထိပ်သီး ဆွေးနွေးပွဲအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အာဆီယံ လူ့အခွင့်အရေး ကြေညာ စာတမ်းကို အဖွဲ့ဝင်နိုင်ငံတွေ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး ဆိုပြီး ဒေသတွင်း ခေါင်းဆောင်တွေ ပြောဆို ခဲ့ကြပေမဲ့ ဒေသတွင်း နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ကနေတဆင့် အစွန်းရောက်အဖွဲ့တွေ၊ အကြမ်းဖက် အဖွဲ့တွေ ပေါ်လာမှာကို စိုးရိမ်ရတဲ့အကြောင်း မကြာသေးခင်ကပဲ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ် ကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့တာမျိုးတွေ ရှိပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ အပြန်အလှန် တိုက်ခိုက်ကြတဲ့ အကြမ်းဖက်မှုတွေကို သူက ရည်ညွှန်း ပြောဆိုခဲ့တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်လို့လည်း သတင်းစာရှင်းလင်းပွဲက သူက ထပ်ပြီး ပြောဆိုသွားပါတယ်။

“ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာအရေးကိစ္စ ရည်ညွန်းမေးမြန်းတာကို ပြန်ပြောရရင် လူ ၈ သိန်းလောက်ဟာ အခု အကြီးအကျယ် ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း၊ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ သူ ကျေးဇူးတင်တဲ့အကြောင်းနဲ့ ဒီကိစ္စကို နည်းမှန်လမ်းမှန် ထိထိရောက်ရောက် မဖြေရှင်းနိုင်ဘူးဆိုရင် အစွန်းရောက်မှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကြုံရနိုင်ပြီး ဒါဟာ ဒေသတွင်းမှာ ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့အကြောင်း။” - အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ်က ပြောသွားပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ လူ့အခွင့်အရေးကို ကာကွယ်တဲ့စနစ်တရပ် ထားရှိနိုင်ပြီဖြစ်ပြီး လူ့အခွင့်အရေး စံနှုန်းတွေကို လေးစားလိုက်နာမယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း အာဆီယံ အတွင်းရေးမှူးချုပ်က ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အနောက်နိုင်ငံတွေရဲ့ ဝေဖန်ပစ်တင်မှုတွေ၊ လူ့အခွင့်အရေး အဖွဲ့ တွေရဲ့ ဝေဖန်ပြစ်တင် မှုတွေ နှစ်ပေါင်းများစွာ ခံခဲ့ရတဲ့ ဒေသတွင်းနိုင်ငံတွေ အနေနဲ့ တကယ်တမ်း လူ့အခွင့်အရေးကို ကာကွယ်ပါ့မလား၊ လေးစားလိုက်နာ ပါ့မလား ဆိုတာကတော့ မေးခွန်းထုတ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။
XS
SM
MD
LG