သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အပြောင်းအလဲ အနှစ်သာရ အာရုံစိုက်ဖို့ ဒေါ်စု တိုက်တွန်း


ASEAN 100 Leadership ဆွေးနွေးပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောစဉ်။
ASEAN 100 Leadership ဆွေးနွေးပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောစဉ်။
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြောင်းလဲမှုကို ပြောင်းနေတဲ့ နှုန်း
ထက် ပြောင်းလဲမှု အနှစ်သာရကို ပိုပြီးအာရုံစိုက်ပါ လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
က ပြောလိုက်ပါတယ်၊ လက်ရှိမြန်မာနိုင်ငံက အပြောင်းအလဲတွေဟာ ဦးတည်နေတဲ့လမ်းကနေ နောက်ပြန်လှည့်သွားနိုင်တဲ့ အခြေအနေမှာ ရှိနေသေးတယ်လို့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ အာဆီယံ ခေါင်းဆောင်မှု ၁၀၀ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်၊ အာရှ Pacific ဒေသတွင်း နယ်ပယ်အသီးသီးက ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံကိစ္စကိုပဲ အာရုံထားဆွေးနွေးခဲ့ကြပါတယ်၊ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ ဆက်သွယ်စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြပါမယ်။

ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ လုပ်ခဲ့တဲ့ ASEAN 100 Leadership Forum အာဆီယံ ခေါင်းဆောင်မှု ၁၀၀ ဆွေးနွေးပွဲမှာ Turbulent World, Rising Asia “မတည်ငြိမ်တဲ့ ကမ္ဘာကြီး ဦးမော့လာတဲ့ အာရှ” ဆိုတဲ့ခေါင်းစဉ်အောက်မှာ အာရှ Pacific ဒေသအပြင် ဥရောပက နယ်ပယ်အသီးသီးမှာ ဦးဆောင်မှုပေးနေကြသူတွေက ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒီကနေ့ မနက်ကတော့ မတည်ငြိမ်တဲ့အချိန်ကာလတွေအတွင်း ခံနိုင်ရည်ရှိမှုဆိုတဲ့ ခေါင်းစဉ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးသွားခဲ့ပါတယ်။

“လွယ်လွယ်လေးနဲ့ အကောင်းမြင်လွန်းတဲ့ စိတ်ကို ထိန်းထားနိုင်တဲ့ ခံနိုင်ရည်ရှိဖို့ ကျွန်မတို့က တောင်းဆိုချင်ပါတယ်၊ ကျွန်မက သတိနဲ့ အကောင်းမြင်ဖို့ပဲ ပြောနေလို့ လူတွေကတော့ စိတ်အနှောင့်အယှက်ဖြစ်ကြမှာပါ၊ အပြုသဘော သံသယထားပြီး ကျွန်မပြောတာကို လူတွေက မကြိုက်ကြပါဘူး၊ ဒါပေမဲ့ ကျွန်မနိင်ငံမှာ စစ်မှန်တဲ့ တိုးတက်မှုရှိလာဖို့အတွက် ကျွန်မကတော့ ပြောရမှာဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်ပြောသွားခဲ့တာပါ။

မြန်မာနိင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေကို ကြည့်ကြတဲ့အခါမှာလဲ ပြောင်းလဲနေတဲ့ နှုန်းထက် အနှစ်သာရကို ကြည့်ကြဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။
ပြောင်းလဲနေတဲ့ နှုန်းဆိုတဲ့အပေါ် အလွန်ကို အာရုံစိုက်နေကြတဲ့သူတွေ အများကြီးရှိပါတယ်၊ ကျွန်မအနေနဲ့ကတော့ ပြောင်းလဲမှုရဲ့ အနှစ်သာရအပေါ်မှာ ပိုပြီး အာရုံစိုက်စေချင်ပါတယ်၊ အစဉ်လိုက်ဖြစ်သင့်တာနဲ့ ပြောင်းလဲမှု အရည်အသွေးက ပြောင်းလဲနှုန်းထက်ကို ပိုပြီး အရေးကြီးပါတယ်၊ မှန်ကန်တဲ့လမ်းဆီကို ဦးတည်နေတဲ့ အပြောင်းအလဲမျိုးကို ကျွန်မတို့က လိုလားပါတယ်၊ ပြောင်းလဲမှုဖြစ်ရမယ်ဆိုပြီး လုပ်ပြတဲ့ အပြောင်းအလဲမျိုးကို မလိုချင်ပါဘူး၊ ကျွန်မတို့ရဲ့ လူ့ဘောင်အဖွဲ့အစည်း ပိုမိုကောင်းမွန်လာစေတဲ့ အပြောင်းအလဲမျိုးကိုပဲ လိုလားတယ်လို့ ပြောင်းလဲမှုနဲ့ ပါတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသွားပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာလုပ်နေတဲ့ အပြောင်းအလဲတွေဟာ စိတ်မချရသေးဘူးဆိုတဲ့ အချက်ကိုလဲ အာဆီယံ ခေါင်းဆောင်မှု ၁၀၀ ဆွေးနွေးပွဲမှာ ပြောသွားပါသေးတယ်။

“ဒီမိုကရေစီဖော်ဆောင်ရေးအတွက် နောက်ပြန်မသွားတော့တဲ့ လမ်းပေါ်ရောက်နေပြီလားလို့ ကျွန်မ ခဏခဏ အမေးခံရပါတယ်၊ ကျွန်မဖြေချင်တာကတော့ မရောက်သေးပါဘူး၊ ဒါဆိုရင် လုပ်ငန်းစဉ်တွေ နောက်ပြန်မလှည့်တော့ဘူးလို့ ပြောနိုင်မဲ့အချိန် ဘယ်တော့ရောက်မလဲလို့ မေးကြပြန်ပါတယ်။ ကျွန်မရဲ့ အဖြေကတော့ သာမန်ပြည်သူတွေအနေနဲ့ သူတို့ဘဝတွေ ပြောင်းသွားတယ်လို့ ခံစားရတဲ့အခါ၊ သာမန်ပြည်သူတွေအနေနဲ့ စိုးရိမ် ကြောက်ရွံ့မှုကနေ ကင်းဝေးသွားပြီလို့ ခံစားရတဲ့အခါ ကျရင်တော့ ဒီမိုကရေစီကို ဦးတည်နေတဲ့ လမ်းကြောင်းဟာ ပြန်မလှည့်တော့ဘူးလို့ ကျွန်မတို့ ပြောနိုင်မှာဖြစ်ပါတယ်”လို့ နိုင်ငံစုံက ကဏ္ဍအသီးသီးမှာ ဦးဆောင်မှုပေးနေသူတွေတက်ရောက်ကြတဲ့ ဆွေးနွေးပွဲ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းကလည်း သမ္မတဦးသိန်းစိန်ကိုယ်စား “မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုနဲ့ အခွင့်အလမ်းဆိုင်ရာ” မိန့်ခွန်းကို မနေ့က ပြောကြားခဲ့ပါတယ်၊ မလေးရှားနိုင်ငံ Perak ပြည်နယ်ရဲ့ အိမ်ရှေ့မင်းသား Raja Nazrin Shah အပြင် အာရှ၊ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့က စီးပွားရေးအရ ခေါင်းဆောင်မှုပေးနေသူတွေ၊ နိုင်ငံတကာ ဆက်ဆံရေးပိုင်းမှာ ကျွမ်းကျင်ပညာရှင်တွေလဲ ဒီဆွေးနွေးပွဲမှာ သူတို့အမြင်တွေကို ဖလှယ်သွားခဲ့ကြပါတယ်။

အားလုံးနီးပါးက မြန်မာနိုင်ငံကို အဓိကထားပြောသွားခဲ့တာဖြစ်တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်တဲ့ မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း ကိုယ်စားလှယ် ဦးဇော်နိုင်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။

“ကျနော့်အနေနဲ့ ဆိုရင် အာဆီယံနဲ့ ကမ္ဘာနဲ့ မြန်မာနဲ့ ပေါင်းစပ်မှုတွေအပေါ် ပိုပြီးတော့ ဖြစ်လိမ့်မယ်လို့ ယူဆခဲ့တာပါ။ သို့သော်လည်း မြန်မာနိုင်ငံအကြောင်းကိုချည်းပဲ ဦးစားပေးဆွေးနွေးနေကြတယ်။ ပြောရရင် ဂုဏ်ယူစရာလည်းကောင်းပါတယ်။ အားရစရာလည်းကောင်းပါတယ်။ အခွင့်အလမ်းတွေနဲ့ အတူပါလာမယ့် စိန်ခေါ်မှုတွေ အကျိုးဆက်တွေကို ကျနော်တို့ ရင်ဆိုင်ဖြေရှင်းကြမယ့်အခါ အဲ့ဒီ့ကိစ္စတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ကြပြီးသားဖြစ်တဲ့ စင်ကာပူတို့၊ မလေးရှားတို့၊ ထိုင်းတို့၊ ဗီယက်နမ်တို့ အင်ဒိုနီးရှားတို့ ဒီနိုင်ငံက လူတွေဆီကနေ ကျနော်တို့ လေ့လာသင်ယူဖို့အတွက် အခွင့်အလမ်းတွေရတယ်။ သူတို့တွေရဲ့ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ သူတို့တွေမှားတဲ့အမှားတွေ ကျနော်တို့ လေ့လာသင်ယူဖို့ အခွင့်အလမ်းတွေ ရတယ်။ ဒီနေ့ ပြောဆိုဆွေးနွေးနေကြတဲ့ဟာ နောက်တနှစ်အတွင်းမှာ၊ နောက်သုံးနှစ်အတွင်းမှာ၊ နောင်ငါးနှစ်အတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း မြောက်မြားစွာကို ပညာရေး အခွင့်အလမ်း မြောက်မြားစွာကို ဖော်ဆောင်ပေးလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ကျနော်တို့အတွက် အခွင့်အလမ်း မြောက်မြားစွာကို ပေးနိုင်လမ့်မယ်လို့ မျှော်လင့်ပါတယ်။”

အာရှဒေသမှာ အဓိက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို မဟာဗျူဟာမြောက်တဲ့ ဆွေးနွေးမှုတွေ လုပ်ပြီး အာရှရဲ့ အနာဂါတ်ကို ပုံဆောင်ဖို့ရည်ရွယ်ချက်နဲ့ Brunei နိုင်ငံမှာ အခြေစိုက်တဲ့ Asia Inc Forum အဖွဲ့ကနေ ASEAN 100 Leadership ဆွေးနွေးပွဲကို December 5 ရက်နဲ့ ဒီနေ့ 6 ရက် 2 ရက် ရန်ကုန်မြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG