သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ထိပ်သီးညီလာခံ မြန်မာသမ္မတကိုချီးက ျူ း


၂၇ ကြိမ်မြောက် ASEAN ထိပ်သီးညီလာခံမှာ တွေ့ရတဲ့ ခေါင်းဆောင်များ
၂၇ ကြိမ်မြောက် ASEAN ထိပ်သီးညီလာခံမှာ တွေ့ရတဲ့ ခေါင်းဆောင်များ

၂၇ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကြီး တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပပြီးစီးသွားခဲ့ပါပြီ။ ဒီ ထိပ်သီး ညီလာခံမှာ စည်းလုံး ညီညွတ်တဲ့ အာဆီယံစီးပွားရေး အသိုက်အဝန်း တရပ်ကို တရားဝင် ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်ကိုလဲ ချီးကျူး ခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးပါမယ်။

မလေးရှားနိုင်ငံက တာဝန်ယူကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံကြီး တနင်္ဂနွေနေ့က ပြီးဆုံးခဲ့ရာမှာ အာဆီယံစီးပွားရေး အသိုက်အဝန်း AEC ကို ထူထောင်ဖို့ ၈ နှစ်ကြာ ကြိုးပမ်းရာမှာ ရလဒ်တခု ပေါ်ထွက်လာတာ တွေ့ရပါတယ်။ အာရှမှာ စီးပွားရေးအင်အားကြီး တရုတ်နဲ့ အိန္ဒိယတို့ကို ယှဉ်ပြိုင်ဖို့အပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကြား မတူကွဲပြားတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေတွေ ပိုမို သဟဇာတဖြစ်ဖို့ကိုလဲ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ မလေးရှားဝန်ကြီးချုပ် Najib Razak က ထိပ်သီးညီလာခံ နောက်ဆုံးနေ့ ပြောကြားတဲ့ မိန့်ခွန်းမှာ -

“ကျနော်တို့ရဲ့ရည်ရွယ်ချက်က တာဝန်သိပြီး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်မယ့် တိုးတက်တဲ့ လူ့အဖွဲ့အစည်းတရပ် ဖန်တီးရေးပါပဲ။ ခံနိုင်ရည်ရှိပြီး ငြိမ်းချမ်း လုံခြုံတဲ့ပြင် ကိုယ့်နိုင်ငံသားတွေရဲ့လိုအပ်မှုတွေကိုလည်း ဖြည့်ဆည်းပေးဖို့ ဖြစ် ပါတယ်။ တရားဥပဒေ စိုးမိုးမှု တရားမျှတမှု သည်းခံမှုနဲ့ အစွန်းမရောက်တဲ့ ခံစား ချက်တွေကို ထွေးပိုက်နိုင်ဖို့ ဖြစ်ပါတယ်။”

ဒီသမိုင်းတင် အာဆီယံစီးပွားရေး အသိုက်အဝန်း သဘောတူညီမှုကို မြန်မာသမ္မတ ဦးသိန်းစိန် အပါအဝင် အာဆီယံခေါင်းဆောင် (၁၀)ဦးတို့ လက်မှတ်ရေးထိုး ခဲ့ကြတာ ဖြစ်ပါတယ်။ စုစုပေါင်းထုတ်ကုန် ဒေါ်လာ(၂.၆) ထရီလီယံ တန်းဖိုးရှိတဲ့ လူဦးရေ (၆၂၅)သန်းနေထိုင်တဲ့ အရှေ့တောင်အာရှ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေး လွတ်လပ်စွာ စီးဆင်းစေဖို့လဲ ရည်ရွယ်တာ ဖြစ်ပါတယ်။ ၂၀၁၆ မှာ လောနိုင်ငံ အနေနဲ့ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူရမှာ ဖြစ်တဲ့အတွက်လဲ အာဆီယံစီးပွားရေး အသိုက်အဝန်းကြီးရဲ့ ကြေညာချက် ဖေါ်ဆောင် ဖို့အတွက် ပထမခြေလှမ်းကို တာဝန်ယူရမှာလဲ ဖြစ်ပါတယ်။ ဒီစီးပွားရေး အသိုက်အဝန်းကြီးရဲ့ ရည်ရွယ်ချက်ကိုတော့ ၂၀၂၅ မှာအပြီး ဆောင်ရွက် သွားနိုင်လိမ့်မယ်လို့လဲ မျှော်လင့် ထားတာဖြစ်ပါတယ်။ ထိပ်သီးညီလာခံ နောက်ဆုံးနေ့ ပြောကြားတဲ့မိန့်ခွန်းရဲ့ နိဂုံးမှာ မလေးရှား ဝန်ကြီးချုပ် Najib Razak က မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံသစ်ကို ဦးတည်ဖေါ်ဆောင် ပေးနိုင်ခဲ့တဲ့အတွက်လဲ အခုလို ချီးကျူးလိုက်ပါတယ်။

“အဆွေတော်ရဲ့ ခေါင်းဆောင်မှုအပြင် ဒီမိုကရေစီ မြန်မာနိုင်ငံတော်သစ် ဖြစ်လာဖို့ အတွက် ဦးဆောင်ခဲ့မှုအတွက်လဲ ချီးကျူးပါတယ်။ နိုင်ငံ့ အတွက် မှန်ကန်တဲ့ လုပ်ရပ် ဖြစ်တယ်ဆိုတဲ့ ခိုင်မာတဲ့ခံယူချက်နဲ့ ယုံကြည်ချက်နဲ့ လုပ်ဆောင်ခဲ့တာကို တွေ့ရ ပါတယ်။ အကဲစမ်းမှုတွေ ရှိနေ ပေမယ့်လဲ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ ပါတယ်။ နိုင်ငံတကာ လူ့အဖွဲ့အစည်းကြီးမှာ ဝင်ဆံ့နိုင်တဲ့ မြန်မာနိုင်ငံတော် အသစ်ကို ကိုယ့် နိုင်ငံအတွက်ရော အာဆီယံအတွက်ပါ ဖေါ်ဆောင်ပေးနိုင်ခဲ့တဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်။”

တချိန်ထဲမှာပဲ အာဆီယံစီးပွားရေး အသိုက်အဝန်း ကြေညာချက် လက်မှတ်ရေးထိုး မှုကို သက်သေအဖြစ် တက်ရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလဲ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့သူ တွေ့ဆုံခဲ့တဲ့အကြောင်းနဲ့ အောင်မြင် စွာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွက်လဲ သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာနိုင်ငံသားတွေ ကို ချီးကျူးတဲ့အကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ နိုဝင်ဘာလ(၈)ရက်နေ့က သမိုင်းဝင် ရွေးကောက်ပွဲကြီးကို ငြိမ်းချမ်းစွာ ကျင်းပနိုင် ခဲ့တဲ့အတွက် သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာနိုင်ငံသား အားလုံးကို ကျနော် ဂုဏ်ပြု ချီးကျူးခဲ့ပြီးပါပြီ။ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြသူတွေ များပြားတာအပြင် ငြိမ်းချမ်းစွာ မဲပေးနိုင်ခဲ့တဲ့ အခြေအနေ အတွက် ခေါင်းဆောင်နိုင်မှုကို ဂုဏ်ပြုပါတယ်။ အာဏာ ကို ချောချောမွေ့မွေ့နဲ့ လွှဲပြောင်းပေးအပ်နိုင်မှုဟာလဲ ဒီမိုကရေစီရဲ့ ခိုင်မာတဲ့ စွမ်းအား တရပ်ကို ပြသရာရောက်ပါတယ်။ ရရှိထားတဲ့ တိုးတက်မှုတွေကို ခိုင်မာအောင်ပြုလုပ်ရာမှာ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို အားပေးကူညီ သွားဖို့ အဆင်သင့် ရှိနေပါတယ်။”

ကွာလာလမ်ပူမြို့တော်မှာ အမေရိကန်သမ္မတ အိုဘားမားလဲ အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံကို တက်ရောက်ခဲ့ပြီး မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ စနေနေ့က တွေ့ ဆုံခဲ့ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ရဲ့ Facebook မှာ ဖေါ်ပြ ထားတာတွေ့ရပါတယ်။ ဒါ့အပြင် အာဆီယံ ညီလာခံ ဘေးဗန်းမှာလဲ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲ့နဲ့ သမ္မတ ဦးသိန်းစိန်တို့ ခေတ္တ တွေ့ဆုံခဲ့ပြီး သမိုင်းတင် ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ အောင်အောင်မြင်မြင် ကျင်းပပေးနိုင်ခဲ့တဲ့အတွက် ဂျပန်ဝန်ကြီးချုပ်က ချီးကျူးခဲ့တဲ့အပြင် ရွေးကောက်ပွဲမှာ အပြတ်အသပ် အနိုင်ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးစီးတဲ့ NLD ပါတီကို အာဏာချောချောမွေ့မွေ့ လွှဲပြောင်းနိုင်ရေး အတွက် မြန်မာအစိုးရကို ကူညီသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောဆို သွားတဲ့အကြောင်းလဲ ကျိုဒိုသတင်းမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။

XS
SM
MD
LG