သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီးညီလာခံ ပထမဆုံး တာဝန်ယူကျင်းပဖို့ အမေရိကန်ပြင်ဆင်


အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအကြိမ် ကျင်းပမယ့် အမေရိကန် - အာဆီယံ ထိပ်သီးညီလာခံကို ကယ်လီဖိုးနီးယားပြည်နယ်၊ Rancho Mirage မှာရှိတဲ့ Sunnylands မှာ သမ္မတ Barack Obama က ၂ ရက်ကြာ တာဝန်ယူ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီထိပ်သီးစည်းဝေးပွဲကို တခြား အာဆီယံ ခေါင်းဆောင်တွေနဲ့အတူ မကြာခင် ရာထူးက အနားယူတော့မယ့် မြန်မာသမ္မတ ဦးသိန်းစိန်လည်း တက်ရောက်ဖို့ ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြထားပါတယ်။

အာဆီယံအဖွဲ့ဟာ အမေရိကန်ပြည်ထောင်ရဲ့ စတုတ္ထမြောက် အကြီးဆုံး ကုန်သွယ်ဖက်အဖွဲ့အစည်း ဖြစ်တာနဲ့အညီ အာဆီယံအသင်းကြီးနဲ့ အရှေ့တောင်အာရှတိုက်ရဲ့ အရေးပါမှုကို အသိအမှတ်ပြု၊ အလေးထားတဲ့အနေနဲ့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး သမ္မတ Barack Obama က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၂ ရက်ကြာ ထိပ်သီးညီလာခံ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီထိပ်သီးညီလာခံအတွင်း စီးပွားရေး၊ လုပ်ငန်းသစ်များ စတင်ထူထောင်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး၊ တောင်တရုတ်ပင်လယ်ပြင်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စအပါအဝင် ဒေသန္တရ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော် အရာရှိတွေက ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အခုနှစ်အတွင်း အာဆီယံနိုင်ငံတွေမှာ ကောင်းမွန်တဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်နေတာကို တွေ့မြင်နေရကြောင်း၊ အထူးသဖြင့်တော့ မြန်မာနိုင်ငံမှာ သမိုင်းဝင် ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရလိုက်တဲ့ NLD ပါတီ ဦးဆောင်တဲ့ လွှတ်တော်အမတ်တွေ စတင် တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်သလို မကြာခင် သီတင်းပတ် အနဲငယ်အတွင်းမှာ သမ္မတအသစ်ကို ရွေးကောက်တင်မြှောက်ကြတော့မှာဖြစ်ကြောင်း သမ္မတ အိုဘားမားရဲ့ လက်ထောက် အမျိုးသားအကြံပေး Ben Rhodes က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

အခုကျင်းပတဲ့ ထိပ်သီးညီလာခံဟာ သမ္မတ အိုဘားမားအစိုးရရဲ့ အာရှချိန်ခွင့်လျှာညှိရေး အမေရိကန်အစိုးရရဲ့ ပေါ်လစီကို မီးမောင်းထိုးပြတဲ့ ထူးခြားတဲ့ ညီလာခံလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်က လုပ်ဆောင်ခဲ့သလိုပဲ အနာဂတ်မှာလည်း ဆက်လက် ကူညီ လုပ်ဆောင် ပေးသွားမှာဖြစ်ကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel က ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ မနေ့က နိုင်ငံခြားရေးဌာနမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားသွားခဲ့ပါတယ်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆယ်စုနှစ်နဲ့ချီပြီး အာရှနဲ့ ပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရရှိဖို့ ကြိုးပမ်းတဲ့နေရာမှာ မဟာမိတ်တွေ၊ လုံခြုံရေးမိတ်ဖက်နိုင်ငံတွေ ထားရှိခဲ့ပြီး နိုင်ငံတကာဥပဒေကို လေးစားလိုက်နာမှုအပေါ် အခြေခံခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးတဲ့ ပေါ်လစီကိုလည်း ကျင့်သုံးခဲ့တာဖြစ်ပါတယ်။ ဒီအတွက် အမေရိကန်က ဂုဏ်ယူသလို ဒေသတွင်းရှိ နိုင်ငံတွေကလည်း ဒါကို လက်ခံအားပေးပြီး ဆက်လုပ်ဆောင်ပေးပါလို့ တိုက်တွန်းခဲ့ကြပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆက်လက်ပြီး လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ စစ်ရေးအရ အကူအညီပေးခဲ့တာတွေ ရှိသလို၊ အရှေ့တောင်အာရှ နိုင်ငံတွေအနေနဲ့ တနိုင်ငံချင်းစီ တရားဥပဒေစိုးမိုးဖို့၊ နယ်စပ်လုံခြုံရေး ကာကွယ်စောင့်ရှောက်ဖို့၊ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့နဲ့ အရပ်သားတွေအတွက် ငြိမ်းချမ်းတဲ့ အခြေအနေအောက် နေထိုင်ကြဖို့လည်း အကူအညီပေးတဲ့ အစီအစဉ်တွေကို လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။”

မတ်လကုန်မှာ ရာထူးက အနားယူတော့မယ့် မြန်မာသမ္မတ ဦးသိန်းစိန်လည်း ဒီထိပ်သီးညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစီအစဉ်မှာ သမ္မတ ဦးသိန်းစိန်အစိုးရဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တယ် ဆိုတာကို အမေရိကန်အစိုးရက မကြာခဏ ထောက်ပြ ပြောဆိုနေခဲ့တာပါ။

Sunnylands မှာ ကျင်းပမယ့် အမေရိကန် - အာဆီယံ ထိပ်သီးစည်းဝေးပွဲဟာ သမ္မတ ဦးသိန်းစိန်အနေနဲ့ နိုင်ငံတကာ အသိုင်းဝိုင်းကြားမှာ နိုင်ငံတော် အကြီးအကဲတဦးအဖြစ်နဲ့ နောက်ဆုံး တက်ရောက်မယ့် အခမ်းအနားဖြစ်ပေမဲ့ သူထားရစ်ခဲ့မယ့် အမွေအနှစ်ဟာ ဒီမှာတင် အဆုံးသတ်သွားတာမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အကြီးတန်း သံတမန်ဟောင်း Priscilla Clapp က ပြောပါတယ်။

“သမ္မတဦးသိန်းစိန် ထားရစ်ခဲ့မယ့် အမွေအနှစ်ဟာ အာဆီယံ ထိပ်သီးစည်းဝေးပွဲနဲ့ အဆုံးသတ်သွားမှာ မဟုတ်ပါဘူး၊ အကြာကြီး ဆက်တည်ရှိနေမှာပါ။ သူထားရစ်ခဲ့မယ့် အမွေအနှစ်ဟာ အခြေခံ အားဖြင့်တော့ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရလိုက်တဲ့ကိစ္စလို့ ပြောလို့ ရပါတယ်။ ဒီကိစ္စဖြစ်မြောက်အောင် သူက ဦးဆောင် လုပ်ပေးခဲ့တာပါ။ သူသာ သမ္မတအဖြစ် ၅ နှစ် တာဝန်မထမ်းဆောင်ခဲ့ရင် ဒီပြောင်းလဲမှု ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောလို့ရနိုင်တဲ့ ရွေးကောက်ပွဲကို သူကျင်းပေးခဲ့တယ်၊ စစ်တပ်တပိုင်းလို့ ခေါ်လို့ရပေမယ့် အရပ်သားအများစုပါဝင်တဲ့ အရပ်သားအစိုးရလက်ထဲကို သူ့အနေနဲ့ အာဏာလွဲပြောင်း ပေးနိုင်ခဲ့ပါတယ်။ ဒါတွေဟာ ကြီးမားတဲ့ ပြောင်းလဲမှုတွေပါ။”

တဘက်မှာလည်း တချိန်က အာဆီယံအသင်းကြီးကိုယ်၌က မြန်မာနိုင်ငံကို ပယ်ထားခဲ့တဲ့ အခြေအနေကနေ အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရအောင် သူ့လက်ထက်မှာ သမ္မတဦးသိန်းစိန်အနေနဲ့ ကြိုးစားနိုင်ခဲ့တယ်ဆိုတယ်ဆိုတာကိုလည်း Priscilla Clapp က ထောက်ပြ ပြောဆိုပါတယ်။

“အာဆီယံနဲ့ပတ်သက်တဲ့ သူထားရစ်ခဲ့မယ့် အမွေအနှစ်ကတော့ နံပတ် ၁ အနေနဲ့ - မြန်မာနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူနိုင်တဲ့ အနေအထားရောက်အောင် လုပ်ဆောင်ပြီး အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ အစောပိုင်း စစ်အစိုးရ လက်ထက်တုန်းကတော့ စစ်အစိုးရဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ရေးကို အာဆီယံဘက်က လက်မခံခဲ့တဲ့အတွက် ဆိုင်းငံ့ခဲ့ရပါတယ်။ နံပတ် ၂ ကတော့ - မြန်မာနိုင်ငံအနေနဲ့ တင်းပြည့် အာဆီယံအဖွဲ့ဖြစ်လာတဲ့ ကိစ္စဖြစ်ပါတယ်။ အရင်တုန်းကတော့ အုပ်ချုပ်တဲ့ အစိုးရစံနစ်ကြောင့် အတော်များများက သိပ်မလိုလားခဲ့ပါဘူး။ အာဆီယံနိုင်ငံတွေဟာ စီးပွားရေးအရ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေဖြစ်လာနေတဲ့ တချိန်ထဲမှာပဲ မြန်မာနိုင်ငံမှာလည်း စီးပွားရေးနဲ့ နိုင်ငံရေးအရ တိုးတက် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနေတာကြောင့် မြန်မာနိုင်ငံဟာ အာဆီယံထဲမှာ အရေးပါတဲ့ နိုင်ငံတခု ဖြစ်လာမှာပါ။”

ဒီထိပ်သီးစည်းဝေးပွဲကို သမ္မတ ဦးသိန်းစိန်နဲ့အတူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နဲ့ တခြား ထိပ်တန်း အစိုးရအရာရှိတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရဘက်ကတော့ သမ္မတ အိုဘားမားနဲ့အတူ နိုင်ငံခြားရေးဝန်ကြီး John Kerry၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Penny Pritzker၊ အမေရိကန်ကုန်သွယ်ရေးဌာနက အထူးကိုယ်စားလှယ် Michael Froman တို့ တက်ရောက်ကြမယ်လို့ အမေရိကန်အစိုးရ အရာရှိတွေက ပြောပါတယ်။

XS
SM
MD
LG