သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sunnylands ကြေငြာချက်မူကြမ်း ကြိုတင်ထွက်ပေါ်


အာဆီယံ-အမေရိကန် ထိပ်သီးညီလာခံ
အာဆီယံ-အမေရိကန် ထိပ်သီးညီလာခံ

အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ Rancho Mirage မှာရှိတဲ့ Sunnylands မှာ ကျင်းပနေတဲ့ အမေရိကန် - အာဆီယံ ထိပ်သီးညီလာခံကနေ ထွက်ပေါ်လာမယ့် အဓိက သဘောတူညီချက်ထဲမှာ အငြင်းပွားဖွယ် ဖြစ်နေတဲ့ လွှတ်လပ်စွာ ရေကြောင်းသွားလာမှုနဲ့ စစ်ရေး တည်ဆောက်မှုကိစ္စတွေ ပါဝင်မှာ ဖြစ်ပါတယ်။

ဗွီအိုအေ ခမာသတင်းဌာနက ကြိုတင် ရရှိခဲ့တဲ့ သဘောတူညီချက် မူကြမ်းအရ အာဆီယံခေါင်းဆောင်တွေနဲ့ သမ္မတ Barack Obama တို့ဟာ Sunnylands အခြေခံမူဘောင်များလို့ခေါ်တဲ့ သဘောတူညီချက်တွေကို ထိပ်သီးစည်းဝေးပွဲအတွင်း ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုက အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ၁၀ နိုင်ငံနဲ့ တမူထူးခြားစွာ ထိတွေ့ ဆက်ဆံနေတာဟာ ဒေသတွင်းမှာ သြဇာကြီးထွားလာနေတဲ့ တရုတ်နိုင်ငံကို တန်ပြန်နိုင်ဖို့ သမ္မတ အိုဘားမားအစိုးရရဲ့ လုပ်ဆောင်မှုတွေထဲက တခုလည်း ဖြစ်ပါတယ်။

အခု ကြိုတင် ရရှိလိုက်တဲ့ သဘောတူညီချက် မူကြမ်းဟာ ၂ ကြာ ကျင်းပတဲ့ ထိပ်သီးစည်းဝေးပွဲ အဆုံးသတ်မယ့် ဒီကနေ့ အင်္ဂါနေ့မှာ ထုတ်ပြန်မယ့် ပူးတွဲ သဘောတူညီချက်ဖြစ်လာမယ်လို့ ဆိုပါတယ်။

သဘောတူညီချက် အစမှာတော့ - အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံတို့ဟာ အနာဂတ်မှာ လုပ်ဆောင်မယ့် ပူးပေါင်းဆောင်ရွက်မှုတွေမှာ အဓိက အခြေခံမူဝါဒတွေရဲ့ လမ်းညွန်မှုအတိုင်း လုပ်ဆောင်သွားကြဖို့ ထပ်လောင်းအတည်ပြုကြောင်း ရေးသားထားပါတယ်။ ဒါပေမယ့် ဒီမူကြမ်းထဲမှာပါတဲ့ သဘောတူညီချက်တွေထဲက ဘယ်လောက်အထိ သဘောတူညီမှု ရရှိထားပြီးကြပြီလဲဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

ဒါ့အပြင် နှစ်ဖက်စလုံးက လွှတ်လပ်စွာ ကုန်သွယ်မှု၊ အားကောင်းတဲ့ ဒီမိုကရေစီစံနစ်၊ ကောင်းမွန်တဲ့ အစိုးရစံနစ်၊ လူ့အခွင့်အရေးမြင့်တင်ရေးနဲ့ အခြေခံလွှတ်လပ်မှုတွေ ကာကွယ် စောင့်ရှောက်ရေး၊ သည်းခံစိတ်ထားရှိရေးနဲ့ အစွန်းရောက်မှု မဖြစ်စေရေး စတာတွေကို လုပ်ဆောင်သွားကြဖို့အတွက် သံဓိဌာန် ချထားတယ်လို့ ဆိုပါတယ်။

ကြိုထွက်လာတဲ့ သဘောတူညီချက် မူကြမ်းထဲမှာ တရုတ်နဲ့ အာဆီယံနိုင်ငံတွေအကြား တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကိစ္စကိုလည်း ထည့်သွင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG