သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်စွာကုန်သွယ်ရေးတိုးမြှင့်ဖို့ ASEM ခေါင်းဆောင်တွေ သဘောတူ


လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပတဲ့ ASEM ညီလာခံ ကျင်းပနေစဉ်။
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပတဲ့ ASEM ညီလာခံ ကျင်းပနေစဉ်။
တရုတ်နိုင်ငံရဲ့စီးပွားရေးဟာ ကမ္ဘာ့စီးပွားရေးပြန်ကောင်းဖို့အတွက် အဓိကကျပြီး နိုင်ငံတကာ လွတ် လပ်စွာ ကုန်သွယ်ရေးကို တိုးမြှင့်ဆောင်ရွက်ဖို့ အတွက်လည်း အာရှနဲ့ ဥရောပ ခေါင်းဆောင်တွေ က တောင်းဆိုလိုက်ပါတယ်။ နိုင်ငံပေါင်း ၅၀ တက်ရောက်ခဲ့တဲ့ နှစ်ရက်ကြာ အာရှ-ဥရောပ အစည်း အဝေးအပြီး ဘန်ကောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် Ron Corben ပို့ထားတဲ့သတင်းကို မမိုးဖြူက တင်ဆက်ပေးထားပါတယ်။

လာအိုနိုင်ငံမြို့တော် ဗီယန်ကျန်းမှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ အာရှနဲ့ ဥရောပ ခေါင်းဆောင်တွေက ကမ္ဘာ့စီးပွားရေးအတွက် မရေရာတဲ့ အချက်အတွေကို သတိပေး ပြော ဆိုခဲ့ ပါတယ်။ အမျိုးသားအကျိုးစီးပွား ကာကွယ်မှုလျှော့ချပြီး လွတ်လပ်တဲ့ ကုန်သွယ်မှုကို အားပေးဖို့ သံဓိဌာန်ချလိုက်ကြပါတယ်။ ဥရောပနိုင်ငံတွေ အနေနဲ့ စီးပွားပျက် ကပ်ထဲက ဖြည်းဖြည်းမှန်မှန် ရုန်းထွက်ပြီး ရေရှည်တည်တံ့ပြီး တရား မျှတတဲ့ စီးပွားရေးတိုးတက်မှုရဖို့ မြှော်လင့်တဲ့အကြောင်း အာရှ-ဥရောပ ထိပ်သီး အစည်းအဝေးကနေ ပြောဆိုလိုက်ပါတယ်။ ပြင်သစ်၊ အီတလီ၊ ရုရှားနဲ့ ဥရောပ သမဂ္ဂ အပါအဝင် ဥရောပခေါင်းဆောင်တွေနဲ့ စီးပွားရေးမောင်းနှင်အားကောင်းတဲ့ တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှားတို့ ဦးဆောင်တဲ့ အာရှနိုင်ငံတွေ ပူးတွဲဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဥရောပ စီးပွားရေးအတွက် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ရင်းမြစ်အဖြစ် တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍကို အလေးထား ပြောဆိုဆွေးနွေးခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် THitinan Pongsudhirak က ဥရောပစီးပွားရေးနလံထူဖို့ တရုတ်နိုင်ငံက အဓိကကျတယ် လို့ ရှုမြင်သူပါ။

“ယူရိုငွေ သုံးစွဲတဲ့ ဥရောပစီးပွားရေးကို ဆွဲတင်နိုင်ဖို့နဲ့ ကမ္ဘာ့စီးပွားရေးကို တိုးတက်စေဖို့ တရုတ်နိုင်ငံ ကို အားထားရမှာပါ။ ဒါကြောင့်လည်း ကိစ္စတော်တော်များများမှာ တရုတ်ကို စိတ်ဝင်စားမှု ရှိကြ ပါတယ်။ အဆုံးမတော့ ဓနအင်အားကအရေးပါတာပေါ့ဗျာ၊ ဥရောပ နိုင်ငံတွေ စီးပွားရေး အကြပ် အတည်း ဖြစ် နေချိန်မှာ အဲဒီအခက်အခဲက ရုန်းထွက်ဖို့ တရုတ်နိုင်ငံရဲ့ စီးပွားရေး စီမံခန့်ခွဲမှု၊ အရန်ငွေကြေး စတာတွေ လိုအပ်ပါတယ်။”

အစောပိုင်းကလည်း တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်က တရုတ်နိုင်ငံရဲ့ ရှေ့ရေး အတွက် မြော်မြင် ဆောင်ရွက်မှု အပေါ် ယုံကြည်မှုရှိပေမယ့် လွပ်လပ်ပွင့်လင်း မျှတတဲ့ နိုင်ငံတကာ ကုန်သွယ်ရေးစနစ်နဲ့ ကမ္ဘာ့စီးပွားရေး စီမံခန့်ခွဲမှုအတွက် စိတ်ချရတဲ့ စနစ်တခုရှိဖို့ လိုတယ်လို့ ပြော ဆိုပါတယ်။ ဥရောပနဲ့ အာရှကြား ရိုးရှင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း ဝန်ကြီးချုပ် ဝမ်က အကောင်းမြင်ပါတယ်။ မလေးရှားဝန်ကြီးချုပ် Najib Razak ကတော့ တရုတ်နိုင်ငံဘက်ကလည်း သူ့ရဲ့ စီးပွားရေးကို ပြန်ပြီး ထိန်းညှိဆောင်ရွက်တာမျိုး လုပ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြော ပါတယ်။

“ဥရောပနိုင်ငံတွေဘက်က တရုတ်နိုင်ငံကို ခွန်အားကောင်းတဲ့ စီးပွားရေးအင်အားကြီးလို့ မြင်တာ လည်း ရှိပါတယ်။ ဒါပေမဲ့ တဘက်မှာ ငြင်းစရာအချက်တွေလည်း ရှိပါတယ်။ တရုတ်နိုင်ငံက ပို့ကုန်ကို လျှော့ပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ပေးတာမျိုးလို သူ့စီးပွားရေးကို ထိန်းညှိရမယ့် လိုအပ်ချက်တွေလည်း ရှိပါတယ်။ ထိန်းညှှိဖို့ လိုတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။”

တဘက်က တရုတ်နိုင်ငံရေးမှာလည်း အခုသီတင်းပတ် ကွန်မြူနစ်ပါတီညီလာခံမှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတေ ွကြီးကြီးမားမား ဖြစ်ပေါ်နေပါတယ်။ တရုတ် နိုင်ငံက နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့ကတဆင့်ရော ကမ္ဘာ့စီးပွားရေးဇာတ်ခုံ မှာပါ အခုထက်ပိုပြီး အရေးပါတဲ့အခန်းက ပါဝင်လိုပုံရတယ်။ သူတို့လည်း တရုတ်နိုင်ငံနဲ့ စီးပွားရေးအရ အနီးကပ် ပူးပေါင်းဆောင်ရွက်ချင်ပါ တယ် လို့ ဝန်ကြီးချုုပ် Julia Gillard ဦးဆောင်တဲ့ Australia အစိုးရအဖွဲ့က မကြာသေးခင်က ပြော ပါတယ်။

“စီးပွားရေးတိုးတက်ဖို့နဲ့ အလုပ်အကိုင် ပေါများဖို့ ကမ္ဘာကြီးရဲ့ ကြိုးပမ်းအားထုတ်မှုမှာ တရုတ်နိုင်ငံ ဝင်ပြီး ဆောင်ရွက်ဖို့ လိုတယ်လို့ ကျမထင်ပါတယ်။ စက်မှုထိပ်သီး နိုင်ငံ ၂၀ ဆွေးနွေးပွဲ မှာလည်း တရုတ်နိုင်ငံဘက်က ပါဝင်ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ရဲ့ထောက်ပံ့မှုလို ကိစ္စတွေမှာလည်း ပါဝင်ခဲ့တာပါပဲ။ ဆိုတော့- နောက်ထပ် ဘာလုပ်သင့်တယ်ဆိုတာကိုတော့ တရုတ်ခေါင်းဆောင်တေ ွပြောဖို့ အတွက်ပဲ ကျမချန်ထားလိုက်ပါ့မယ်။”

ဒီအစည်းအဝေးမှာ အဓိက စီးပွားရေးနိုင်ငံတွေရဲ့တဝက်လောက်ဖြစ်တဲ့ နိုင်ငံပေါင်း ၅၀ ကျော်က နိုင်ငံတကာ လုံခြုံရေးအပါအဝင် စီးပွားရေးနဲ့ ငွေကြေးကိစ္စတွေအတွက် အကြီးအကျယ် အာရုံစိုက် ဆွေးနွေးခဲ့ကြပါတယ်။ ၁၉၉၆ ခုနှစ်က ထိုင်းနိုင်ငံမှာ စပြီး ကျင်းပတဲ့ အာရှ-ဥရောပ ခေါင်းဆောင်တွေအတွက် ဒီတကြိမ် ထိပ်သီးဆွေးနွေးပွဲက ကိုးကြိမ်မြောက် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG