သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးဒုက္ခသည် ၇၀၀ ကျော်ကို မြန်မာအစိုးရစတင်စိစစ်


မြန်မာနိုင်ငံ ဟိုင်းကြီးကျွန်းအနီး မေလ ၂၈ ရက်နေ့က မြန်မာရေတပ်က ထိန်းသိမ်း ခေါ်ဆောင်ခဲ့တဲ့ စက်လှေပေါ် လိုက်ပါလာသူ လှေစီးပြေး ရွှေ့ပြောင်းနေထိုင်သူ ၇၀၀ ကျော်တို့ကို စိစစ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ မြန်မာအစိုးရက ပြောပါတယ်။

သူတို့တွေကို မောင်တောအနီး တောင်ပြိုမြို့ကို ခေါ်ဆောင်ခဲ့ပြီး မြန်မာအစိုးရက စိစစ်ဖို့ ပြင်ဆင်နေတဲ့ အခြေအနေကိုတော့ အဲဒီဒေသမှာ ရောက်နေတဲ့ ဗွီအိုအေ (မြန်မာပိုင်း) ဌာနမှူး ဦးသန်းလွင်ထွန်းက အခုလို ပြောပြပါတယ်။

“ဒီနေ့မနက်တော့ ဟိုင်းကြီးကျွန်းဘက်မှာ ဖျာပုံနယ်ထဲမှာ ပြီးခဲ့တဲ့အပတ်က ဖမ်းမိတယ်ဆိုတဲ့ လူ ၇၂၇ ယောက်ပါတဲ့အဖွဲ့ ဒီဘက်မောင်တော်ဘက်ကို ရောက်လာတာ ကျနော်တွေ့ခဲ့ရပါတယ်။ ဒီနေ့မနက်ပဲ နယ်စပ်ဂိတ်တွေကို လိုက်ကြည့်နေရင်းနဲ့ ဝင်လာပြီးတော့ အဲဒီမှာရပ်ထားတဲ့ နေရာကို တွေ့ပါတယ်။ ကျနော်တို့တော့ အနားကို သွားခွင့်မရပါဘူး။ ဒီနေ့မနက်ပဲ ရောက်ပါတယ်။ ရောက်ပြီးလို့ရှိရင် သူတို့ကို အစောပိုင်းက လူတွေထားတဲ့ တောင်ပြိုလက်ဝဲမြို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုပဲ သွားပို့ပါလိမ့်မယ်။ သွားပို့ပြီးတော့ အဲဒီမှာ ယာယီစခန်းမှာ စစ်ဆေးမှုတွေ လုပ်ပြီးတော့၊ သက်ဆိုင်ရာ နေရာတွေကို ပြန်ပို့ဖို့ စဉ်းစားမယ်လို့ ကျနော်တို့ သိရပါတယ်။”

အမျိုးသမီး အယောက် ၇၀ နဲ့ ကလေးငယ် ၄၀ အပါအဝင် ဒီလူတွေအားလုံးကို တောင်ပြိုမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနကို ဗုဒ္ဓဟူးနေ့က ခေါ်ဆောင်လာတာလို့ မောင်တောမြို့ အာဏာပိုင်တွေက ဗွီအိုအေကို ပြောပါတယ်။ သူတို့ ဘယ်သူတွေဖြစ်တယ်ဆိုတာကို စစ်ဆေးပြီး ရှေ့ဆက် ဘာလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ၃ ရက်လောက် အချိန်ယူရမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီအတောအတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ကို ရောက်နေတဲ့ လူဦးရေ၊ ဒုက္ခသည်များနဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Anne Richard က ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားတွေအဖြစ် ဆက်ဆံဖို့ လိုကြောင်း ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အမျိုးသားတွေ အားလုံးဖြစ်ကြတဲ့ ဒုက္ခသည် ၂၀၈ ယောက်နဲ့ ဝန်ထမ်း ၁၁ ယောက်ပါဝင်တဲ့ စက်လှေတစင်းကို ပင်လယ်ပြင်အတွင်း လပေါင်းများစွာ မျောပါနေခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့လက တွေ့ရှိခဲ့ပါတယ်။ အဲဒီစက်လှေပေါ်ပါလာသူ အားလုံးထဲက ၈ ယောက်ကလွဲလို့ ကျန်လူအားလုံးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကဖြစ်ကြပြီး သူတို့ကို ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ကီလိုမီတာ အနည်းငယ်သာဝေးတဲ့ တောင်ပြိုစခန်းမှာ ထိန်းသိမ်းထားတာပါ။

ဗွီအိုအေနဲ့ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ ကမ်းခြေကို ပြန်မရောက်ခင်အထိ ပင်လယ်ပြင်အတွင်း ၃ လလောက် ကြောက်မက်ဖွယ်ကောင်းစွာ မျောပါနေခဲ့တယ်လို့ သူတို့က ဗွီအိုအေကို ပြောပြခဲ့ကြပါတယ်။ အများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazaar ကနေ ပြန်ပေးဆွဲခံခဲ့ကြရတာဖြစ်ပြီး လူမှောင်ခိုကူးသူတွေထံမှာ ရောင်းစားခံခဲ့ရတာလို့ ဆိုပါတယ်။

စက်လှေတွေကနေ ကယ်တင်ထားတဲ့သူတွေကို တွေ့ဆုံမေးမြန်းတဲ့ အချိန် မြန်မာအာဏာပိုင်တွေက စောင့်ကြည့်နေခဲ့တာပါ။ ပင်လယ်ပြင်အတွင်း ၃ လလောက် မျောပါပြီးတဲ့နောက် မြန်မာရေတပ်က ကယ်တင်လိုက်တဲ့ မေလ ၂၁ ရက်နေ့ကတည်းက ယာယီထိန်းသိမ်းရေးစခန်းကို သူတို့ ရောက်နေကြတာ ဖြစ်တဲ့အတွက် အဲဒီမှာ သူတို့ရောက်နေတာ အခုဆိုရင် သီတင်းပတ် ၂ ပတ်လောက် ရှိသွားပြီ ဖြစ်ပါတယ်။

အဲဒီ ဒုက္ခသည်တွေထံကို ဘင်္ဂလားဒေ့ရှ်သံရုံးက တာဝန်ရှိသူတွေ မေလ ၂၅ ရက်နေ့က လာတွေ့ခဲ့ပြီး သူတို့တွေ ဘယ်နိုင်ငံသား ဖြစ်တယ်ဆိုတာကို စီစစ်မှုတွေ ပြုလုပ်နေတယ်လို့ မြန်မာအာဏာပိုင်တွေက ဗွီအိုအေကို ပြောပါတယ်။ သူတို့ပြောတဲ့အတိုင်းသာ မှန်ကန်တယ်ဆိုရင် သူတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပို့မှာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

XS
SM
MD
LG