သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီးခိုးမြူကြောင့် မလေးရှား အရေးပေါ်အခြေအနေကြေညာ


အရှေ့တောင်အာရှနိုင်ငံတချို့မှာ ဖုံးလွှမ်းနေတဲ့ မီးခိုးမြူများ။
အရှေ့တောင်အာရှနိုင်ငံတချို့မှာ ဖုံးလွှမ်းနေတဲ့ မီးခိုးမြူများ။
အင်ဒိုနီးရှားက တောမီးရှို့မှုကြောင့်ထွက်လာတဲ့ မီးခိုးငွေ့တွေဟာ လေထုထဲမှာ ညစ်ညမ်းနေပြီး ရှူဖု့ိမသင့်တဲ့အမှတ်ကို ကျော်နေတဲ့အတွက် အိမ်နီးချင်း မလေးရှားနိုင်ငံတောင်ပိုင်း ဂျိုဟော (Johor) ပြည်နယ်ထဲက ခရိုင် ၂ ခုကို အရေးပေါ် အခြေအနေကြေညာလိုက်ပါတယ်။

မလေးရှားနိုင်ငံရဲ့ လေထုညစ်ညမ်းမှုပမာဏဟာ ၁၆ နှစ်အတွင်းမှာ အမြင့်ဆုံးအမှတ်ကို ရောက်ရှိခဲ့ပြီးနောက်မှာ ခုလို အရေးပေါ် အခြေအနေထုတ်ပြန်ရတာ ဖြစ်တယ်လို့ မလေးရှားနိုင်ငံ သဘာဝအရင်းအမြစ်နဲ့ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးက ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

အိမ်နီးချင်း စင်ကာပူနိုင်ငံမှာလည်း သောကြာနေ့အထိ ၃ ရက် ဆက်ပြီး လေထုညစ်ညမ်းမှု ပမာဏ စံချိန်တင်အောင် မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ စင်ကာပူ လေထု အခြေအနေ တိုးတက်လာပါတယ်။

အင်ဒိုနီးရှားမှာ တောင်ယာခုတ်တဲ့သူတွေက မြေယာရှင်းတဲ့ အနေနဲ့ တောမီးတွေရှို့ရာက ခုလို မီးခိုးငွေ့တွေဟာ လေထုညစ်ညမ်းတဲ့ ပမာဏအထိကို ဖြစ်လာတာဖြစ်ပါတယ်။

အင်ဒိုနီးရှားအစိုးရက အရှိန်ပြင်းပြင်းနဲ့လောင်နေတဲ့ တောမီးကို ငြိမ်းသတ်နိုင်ဖို့ ရဟတ်ယာဉ်တွေကို အသုံးပြုခဲ့သလို၊ လေထုထဲမှာ တိမ်အတုတွေဖန်တီးပြီး မိုးရွာအောင်လုပ်ခဲ့ပါတယ်။ စင်္ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္လာနေ့ကတည်းက စတင်ဖြစ်နေတဲ့ လေထုညစ်ညမ်းမှုဟာ စက်တင်ဘာ၊ ဒါမှမဟုတ် အောက်တိုဘာ လလောက်အထိ ကျန်ရှိနေနိုင်တယ်လို့ စင်္ကာပူ ဝန်ကြီးချုပ် Lee Hsien Loong က ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

မြေယာတွေရှင်းတဲ့နေရာမှာ အကုန်အကျသက်သာအောင် တောမီးရှို့တယ်လို့ သံသယရှိတဲ့ ကုမ္ပဏီတွေအပေါ် အင်ဒိုနီးရှားအနေနဲ့ ပြတ်ပြတ်သားသား အရေးယူဖို့ကိုလည်း စင်ကာပူပတ်ဝန်ကျင်ရေးရာဝန်ကြီးက ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG