သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဒဏ်ခတ်အရေးယူမှု နားလည်မှုလွဲမှားကြောင်း Asia Metal ကုမ္ပဏီတုံ့ပြန်


credit: http://www.amcsteel.com/
credit: http://www.amcsteel.com/
မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုရှိနေတဲ့ မြန်မာကုမ္ပဏီ ၃ ခုဖြစ်တဲ့ Asia Metal Company Ltd.၊ စိုးမင်းထိုက် Co. Ltd. နဲ့ Excellence Mineral Manufacturing Co. Ltd. တို့နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး (ကကထုတ်) က ဒုတိယဗိုလ်မှူးကြီး ကျော်ညွန့်ဦးကို အမေရိကန်ဘဏ္ဍာရေးဌာနက ပစ်မှတ်ထား အရေးယူလိုက်တဲ့ကြေညာချက် အင်္ဂါနေ့က ထွက်ပေါ်ခဲ့တာမှာ Asia Metal ကုမ္ပဏီကတော့ ဒီလို ထည့်သွင်းအရေးယူတာဟာ လွဲမှားမှုတရပ်ဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။

သူတို့ကုမ္ပဏီဟာ ဆောက်လုပ်ရေးလုပ်ငန်းကိုသာ လုပ်ကိုင်ပြီး စစ်တပ်က လာအပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ အရသာ ဆောက်လုပ်ပေးခဲ့တာဖြစ်တယ်လို့ ဗွီအိုအေ (မြန်မာပိုင်း) ကို ပြောခဲ့ပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန် က တင်ပြထားပါတယ်။

မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံအကြား စစ်ရေးဆက်ဆံမှုတွေမှာ အဓိက ပါဝင်ပတ်သက်နေတယ်ဆိုပြီး ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး (ကကထုတ်) က ဒုတိယဗိုလ်မှူးကြီး ကျော်ညွန့်ဦးနဲ့ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ ၃ ခုတို့ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်အရေးယူမှုစာရင်းထဲ ထပ်ပြီး ထည့်သွင်းလိုက်တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံနဲ့ လက်နက်အရောင်းအဝယ် လုပ်တဲ့ကိစ္စနဲ့ စစ်ဘက်ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ပတ်သက်မှုရှိတယ်ဆိုပြီး အခု အရေးယူခံရတဲ့ ကုမ္ပဏီတွေကတော့ Asia Metal Company Ltd.၊ စိုးမင်းထိုက် Co. Ltd. နဲ့ Excellence Mineral Manufacturing Co. Ltd. တို့ဖြစ်ပါတယ်။

မြောက်ကိုရီးယား အယောက် ၃၀ လောက် အလုပ်လုပ်နေတဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံဝန်းထဲမှာ Asia Metal ကုမ္ပဏီဟာ ၂၀၁၂ ဒီဇင်ဘာအထိ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ခဲ့သလို၊ ဆောက်လုပ်ရေးပစ္စည်းတွေ ထောက်ပံ့ခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အင်္ဂါနေ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ Asia Metal Company Limited ရဲ့ အထွေထွေမန်နေဂျာ ဦးထိန်လင်းကတော့ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ စစ်တပ်က ကန်ထရိုက်တွေ ခေါ်ခဲ့တာကြောင့် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေသာ လုပ်ကိုင်ပေးခဲ့ဖူးပါတယ်လို့ ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်တို့က ဆောက်လုပ်ရေးလုပ်တော့လေ သူတို့ ကန်ထရိုက်ခေါ်တော့ ကျနော်တို့ ဝင်လုပ်ခဲ့တယ်။ ဝင်လုပ်ခဲ့တဲ့အချိန်မှာ -- အဆောက်အဦးပဲဆောက်တော့ ကျန်တဲ့ဟာကျတော့ ကျနော်တို့လည်း ဂဃနဏ မသိဘူးပေါ့။ ကျနော်တို့ GE နဲ့ ကန်ထရိုက်ခေါ်တဲ့အချိန်မှာ Free Fracture Installation ဝင်လုပ်ပေးခဲ့တယ်။ ၂၀၀၈ ကနေ ၂၀၁၀ လောက်အထိပေါ့နော်။ အဲ့ဒါတော့ လုပ်ပေးခဲ့ဖူးတယ်။ အဲ့ဒီကနေမှ အခုပေါ့နော် ကျနော်တို့လည်း သေသေချာချာ ဂဃနဏ မသိဘူး။ နောက်ဆုံး ဒီ လွဲမှားမှု၊ လွဲမှားမှုလို့ပဲ ထင်ပါတယ်။ အထင်လွဲမှုပေါ့နော်။”

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးမြို့ဘက်မှာ တပ်နယ်မြေအတွင်း ဂိုဒေါင် ဆောက်ပေးတာနဲ့ လမ်းဖောက်လုပ်ရေးစတဲ့ ဆောက်လုပ်ရေးကိုသာ လုပ်ကိုင်ပေးခဲ့တာဖြစ်ပြီး တခြားစစ်ဘက်ဆိုင်ရာ ဘယ်လိုကိစ္စမျိုးမှာမှ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ဦးထိန်လင်းကပြောပါတယ်။

မြောက်ကိုရီးယားတွေ လာရောက်လုပ်ကိုင်နေတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံအတွက် ဆောက်လုပ်ရေး လုပ်ကိုင်ပေးခဲ့တယ်ဆိုတဲ့ အမေရိကန်ရဲ့ ပြောဆိုချက်အပေါ် မြောက်ကိုရီးယားနဲ့ Asia Metal ကုမ္ပဏီကြား ဘယ်လိုဆက်စပ်မှုမျိုးမှ မရှိခဲ့ဘူးလို့ သူက ငြင်းချက်ထုတ်ပါတယ်။

“ကျနော်တို့နဲ့ မြောက်ကိုရီးယားနဲ့လည်း ဘာမှမလုပ်ဘူး။ ကျနော်တို့က Local ပဲ။ GE ကနေ အဆောက်အဦးဆောက်ခိုင်းတယ်။ ဆောက်ခိုင်းတဲ့အချိန်မှာ ကျနော်တို့ကလည်း Construction လုပ်တဲ့အတွက် ဒါ ကျနော်တို့လုပ်ပေးနိုင်တယ်။ ဒါ ကျနော်တို့လုပ်နိုင်တဲ့ဟာပေါ့နော်။ ကျနော်တို့က နဂိုကတည်းက Construction လုပ်တဲ့အတွက် ဒါ ဆောက်ခိုင်းလို့ ကျနော်တို့ ဆောက်တယ်။ ဒီလောက်ပါပဲအမ။ ပတ်သက်မှုတော့ ဘာမှမရှိဘူး။ ကျနော်တို့က Construction လုပ်တာအမရယ်၊ အလုပ်လုပ်လို့ရမယ်၊ အဆင်ပြေမယ့်ဟာဆို ကျနော်တို့ လုပ်လိုက်တယ်။ ဒီအခြားဆက်ဆံမှုကျတော့ ကျနော်တို့လည်း အဲ့လောက် ဘယ်လိုပြောရမလဲ ဒီဟာ ဘာလုပ်တယ်ဆိုတာလည်း တကယ် မသိခဲ့ဘူးပေါ့နော်။ ကျနော်တို့အသိက စီးပွားရေးလောက်ပဲသိတာ။ စီးပွားရေးဆိုတာ ကျနော်တို့ဆီမှာ သူတို့ကို အဆောက်အဦးဆောက်ပေးတယ်။ ကျနော်တို့ ပိုက်ဆံရတယ်။ ကျနော်တို့ဆောက်တာကလည်း ဂိုဒေါင်ပဲ အမရယ်။ ဥပမာ ဒီရန်ကုန်စက်မှုဇုန်မှာဆောက်တဲ့ ဂိုဒေါင်ပုံစံမျိုးတွေပဲ။ ပြီးရင် သူတို့ တပ်ထဲမှာ ကျနော်တို့ လမ်းခင်းပေးတယ်။”

သူတို့လုပ်ကိုင်ခဲ့တဲ့ ဆောက်လုပ်ရေးနဲ့ပတ်သက်ပြီး အခုလိုမျိုး အမေရိကန်အစိုးရက ဒဏ်ခတ် အရေးယူရတဲ့အထိ ဖြစ်သွားလိမ့်မယ်လို့ မထင်ထားတဲ့အကြောင်းလည်း ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးထိန်လင်းက ပြောပါတယ်။

“ကျနော်တို့ကိုယ်တိုင်လည်း အံ့အားသင့်တာပေါ့နော်။ ကျနော်တို့လည်း ရိုးရိုးရှင်းရှင်းလုပ်တော့ အဲ့လောက် မတွေးမိဘူးပေါ့နော်။ ကျနော်တို့လည်း ဒီလုပ်ငန်းလုပ်တယ်။ ဒီအဆောက်အဦးဆောက်ခိုင်းတယ်။ ကျနော်တို့ကလည်း ဒါ ကျနော်တို့ စီးပွားရေးဖြစ်နေတဲ့အတွက် ကျနော်တို့ ဆောက်တယ်။ ဒါလောက်ပါပဲ။ ဘယ်လိုပြောမလဲ ဒီ အထင်လွဲမှားမှုပုံစံမျိုးနဲ့ပဲ ကျနော်တို့ ဒီလိုပဲ အခုလက်ရှိတော့ ယူဆတာပေါ့။ ကျနော်တို့ဘက်ကလည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ ရှုပ်ထားတာ ဘာမှမရှိဘူး။”

မြောက်ကိုရီးယားဆီကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူမှုမှာ ပါဝင်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ လုပ်ငန်းတွေကို ဆက်လက် ပစ်မှတ်ထား အရေးယူနေတာဖြစ်ပြီး မြန်မာအစိုးရကို အရေးယူတာ မဟုတ်ဘူးလို့ အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ အင်္ဂါနေ့ထုတ် ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အခုလိုမျိုး အမေရိကန်အစိုးရက ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုစာရင်းထဲမှာ ထပ်ပြီးတော့ တိုးလိုက်တာနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
XS
SM
MD
LG