သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ရခိုင်ခရီးစဉ်အဆုံးသတ်


အစိုးရဖွဲ့နိုင်ရေး ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့အနိုင်ရဖို့ ရခိုင်ပြည်နယ်ကို စည်းရုံးရေးခရီးဆင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် (အောက်တိုဘာ ၁၇၊ ၂၀၁၅။ ဓာတ်ပုံ-စည်သူ)
အစိုးရဖွဲ့နိုင်ရေး ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့အနိုင်ရဖို့ ရခိုင်ပြည်နယ်ကို စည်းရုံးရေးခရီးဆင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် (အောက်တိုဘာ ၁၇၊ ၂၀၁၅။ ဓာတ်ပုံ-စည်သူ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်မဲဆွယ်စည်းရုံးရေးခရီးစဉ် ဒီကနေ့ ပြီးဆုံးသွားပါပြီ။ ခရီးစဉ်မတိုင်မီက စိုးရိမ်မှုတွေ ရှိခဲ့တဲ့ ဆန္ဒပြကန့်ကွက်မှုတွေနဲ့ကြုံတွေ့ရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ရခိုင်ပြည် သုံးမြို့၊ သုံးရက်ကြာခရီးစဉ်မှာ ဗွီအိုအေဝိုင်းတော်သားကိုစည်သူက တောက်လျှောက်လိုက်ပါပြီး သတင်းရယူခဲ့ပါတယ်။ ခရီးစဉ်နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီးတော့ ရှားဖောင်က ဆက်သွယ်မေးမြန်းတဲ့အခါ ကိုစည်သူက အခုလို စတင်ပြောပြပါတယ်။

ကိုစည်သူ ။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒီနေ့က ဒေါ်အောင်ဆန်းစုကြည်က ဂွမြို့မှာ လူထုမဲဆွယ်ပွဲတစ်ခု လုပ်တယ်ဗျ။ အဲဒီမှာ လူမျိုးရေး၊ ဘာသာရေးတွေကို နိုင်ငံရေးနဲ့မဲဆွယ်တဲ့နေရာမှာသုံးနေတာဟာ အခြေခံဥပဒေနဲ့ မညီဘူး၊ ဒါဟာ အဖွဲ့အစည်းတစ်ခုကနေပြီးတော့ စနစ်တကျ ဝါဒဖြန့်ချီပြီးတော့လုပ်နေတယ်၊ ဒါကြောင့် သူက ဒီအဖွဲ့အစည်းကို စုံစမ်းဖော်ထုတ်ပြီးတော့ အရေးယူပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းတယ်ဆိုတာမျိုး ထည့်ပြောတယ်။ အဲဒါပြီးတော့ လူငယ်ကိစ္စတွေပြောပါတယ်။ လူငယ်တွေ မူးယစ်ဆေးဝါးမသုံးစွဲကြဖို့ပြောပါတယ်။ နောက်တော့ ထုံးစံအတိုင်း NLD ကိုမဖြစ်မနေ မဲပေးနိုင်ကြဖို့အတွက် သူက နှိုးဆော်တယ်။ အဲဒါတွေကို ဂွမြို့မှာ ပြောသွားပါတယ်ဗျ။

ရှားဖောင် ။ ။ ….ဆိုတော့ ဒီခရီးစဉ်မတိုင်ခင်မှာပေါ့နော်- ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်မတိုင်ခင်မှာ ရခိုင်ခရီးစဉ်ဖြစ်တဲ့အတွက် သတင်းတွေထွက်တာပေါ့နော်- လုံခြုံရေးအရ စိုးရိမ်စရာတွေရှိတယ်၊ သူ့ကို ဆန္ဒပြမယ့်လူတွေ၊ ကန့်ကွက်မှုတွေ ပြုလုပ်မယ်လို့ကြားရတာပေါ့နော်။ …ဆိုတော့ - သူအခု တကယ်လည်း သွားရော အဲလိုမျိုးလုပ်တာတွေ ရှိလား။

ကိုစည်သူ ။ ။ ဟုတ်တယ်ဗျ။ ဒေါ်အောင်ဆန်းစုကြည်မလာခင်ကတော့ ရခိုင်ဒေသမှာ သူ့ကိုဆန့်ကျင်တယ်ဆိုတဲ့ လူမျိုးတွေရှိတဲ့အတွက် လုံခြုံရေးအရကော တော်တော်လေးစိုးရိမ်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် တကယ်တန်းရခိုင်ပြည်နယ်ကိုရောက်တဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်လာတဲ့အပေါ်မှာ ကန့်ကွက်တာမျိုး၊ ဆန္ဒပြတာမျိုး၊ တခုခုကို ဖော်ထုတ်တာမျိုး လုံးဝမရှိခဲ့ပါဘူးဗျ။ ပြဿနာတစုံတရာလည်း မရှိခဲ့ပါဘူးခင်ဗျ။

ရှားဖောင် ။ ။ …ဆိုတော့ သူ့ရဲ့ရခိုင်ခရီးစဉ်က အဓိက လုံခြုံရေးအရ ဘယ်သူတွေက တာဝန်ယူပေးခဲ့တာ ရှိလဲရှင့်။

ကိုစည်သူ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူငယ်အဖွဲ့တွေကနေပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အစစအရာရာ တာဝန်ယူခဲ့တာပါဗျ။ သံတွဲခရိုင် NLD ဥက္ကဋ္ဌကိုမေးတဲ့အခါမှာ လူငယ်လုံခြုံရေးအင်အား ၇၀၀ လောက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရခိုင်ခရီးစဉ်မှာ လုံခြုံရေးပေးဖို့ စီစဉ်ထားတာမျိုးပါဗျ။

ရှားဖောင် ။ ။ သူ့ရဲ့ခရီးစဉ်တလျှောက်မှာရော တခြား သူ့နောက်ကနေလိုက်ပြီး သိသိသာသာ လိုက်ကြည့်တာတွေ၊ လိုက်ပြီးတော့ လုံခြုံရေးချထားတာတွေရော အဲလိုမျိုး ပုံစံတွေရော တွေ့ရလားရှင့်။

ကိုစည်သူ ။ ။ အာဏာပိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ရဲတို့၊ တခြား အရံမီးသတ်တို့လိုဟာတွေကနေပြီးတော့ လူထုဟောပြောပွဲလုပ်တဲ့ကွင်းလိုနေရာမျိုးတွေမှာတော့ လူစုလူဝေးတွေဖြစ်နေတာမို့လို့ လာပြီးတော့ လုံခြုံရေး ယူတာမျိုးတွေတော့ ရှိပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းနောက်ကနေ လိုက်ပြီးတော့ ရဲကားတွေ တစ်စီး၊ ဒါမှမဟုတ်ရင် နှစ်စီး၊ သုံးစီး အဲလိုဟာတွေတော့ နောက်ကနေလိုက်ပြီးတော့ လုံခြုံရေး ယူတာမျိုးတွေ ရှိပါတယ်ဗျ။ ဒါပေမယ့် အာဏာပိုင်အနေနဲ့ လုံခြုံရေးသိသိသာသာ ရဲအင်အားအများကြီးနဲ့လာပြီး လုံခြုံရေးယူတာမျိုးတော့ ဒီ ခရီးစဉ်တလျှောက်လုံးမှာ လုံးဝ မရှိခဲ့ပါဘူးဗျ။

ရှားဖောင် ။ ။ ရခိုင်လူထုအနေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးပွဲကို စိတ်ဝင်တစားနဲ့လာရောက်နားထောင်တာတွေ ရှိလားရှင့်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲစည်းရုံးရေးကို လာရောက်နားထောင်ကြတဲ့ ရခိုင်ဒေသခံပြည်သူများ။ (အောက်တိုဘာ ၁၇၊ ၂၀၁၅/ ဓာတ်ပုံ-စည်သူ)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲစည်းရုံးရေးကို လာရောက်နားထောင်ကြတဲ့ ရခိုင်ဒေသခံပြည်သူများ။ (အောက်တိုဘာ ၁၇၊ ၂၀၁၅/ ဓာတ်ပုံ-စည်သူ)

ကိုစည်သူ ။ ။ ဟုတ်ကဲ့ခင်ဗျ။ ရခိုင်လူထုအနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးပွဲတွေကို မျှော်မှန်းထားတာထက် ပိုပြီးတော့ လာတယ်လို့ပဲ ပြောလို့ရတယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ရောက်မလာခင်မှာ ရခိုင်လူထုက မကျေနပ်တာတွေ ဆန္ဒထုတ်ဖော်မှုတွေတောင်မှ ရှိခဲ့တယ်လို့ ကျနော်တို့ကမျှော်မှန်းထားတာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပွဲကို လူထုက အများကြီးလာလိမ့်မယ်လို့ မထင်ထားဘူးဗျ။ ဒါပေမယ့် တကယ်တန်းကျတော့ ရခိုင်လူထုက ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတာတွေ တွေ့ရတယ်။ လူထုဟောပြောပွဲတွေမှာလည်း သောင်းနဲ့ချီ၊ သိန်းနဲ့ချီ လာတာမျိုးတွေ့ရတယ်ဗျ။ ပြီးတော့ လမ်းခုလတ်ရွာတွေ မြို့ငယ်လေးတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းလာတာကို ထွက်ပြီးကြိုတဲ့အချိန်မှာလည်း လူတွေက တော်တော်လေး လှိုက်လှိုက်လှဲလှဲနဲ့ လူတွေလည်း အများကြီးထွက်ပြီး ကြိုဆိုကြတာတွေ့ရတာဖြစ်တဲ့အတွက် ရခိုင်လူထုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံအားပေးတာတွေ မလျော့သေးဘူးဆိုတဲ့သဘောမျိုးတော့ တွေ့ခဲ့ရတယ်ဗျ။

ရှားဖောင် ။ ။ ဟုတ်ကဲ့၊ …ဆိုတော့ ထင်ထားတာထက်ကို ရခိုင်လူထုက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်၊ ကြိုဆိုတယ်ဆိုတဲ့သဘောတော့ရှိတာပေါ့နော်၊ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ဆိုလု့ိရှိရင် ဘယ်ကို ဆက်သွားဖို့ရှိလဲရှင့်။

ကိုစည်သူ ။ ။ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်၊ ဂွမြို့ကနေပြီးတော့ လူထုဟောပြောပွဲပြီးသွားတာနဲ့ တပြိုင်တည်း ဧရာဝတီတိုင်းဘက်ကို ခရီးဆက်ပါတယ်ဗျ။ ဧရာဝတီတိုင်းကို ရောက်ရောက်ချင်း ငသိုင်းချောင်းကိုဝင်တယ်၊ ငသိုင်းချောင်းပြင်ပမှာ လူထုဟောပြောပွဲလုပ်တယ်။ အဲဒီကနေ ရေကြည်ကိုဆက်သွားပြီးတော့ လူထုဟောပြောပွဲလုပ်ပါတယ်ဗျ။ အဲဒီကနေ လမ်းခုလတ်မှာ ကျုံပျော်ကိုဝင်တယ်။ ကျုံပျော်မှာလည်း လူထုဟောပြောပွဲလုပ်တယ်။ အဲဒီကနေမှ အခုတော့ ရန်ကုန်ကိုပြန်ဖို့ ခရီးဆက်နေပါပြီဗျ။

XS
SM
MD
LG