သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြေ-ဥ ပြင်ရေး တပ်မတော်သားအမတ်တွေ ပါဝင်ဖို့ ဒေါ်စုတိုက်တွန်း


ပါမောက္ခ Sandra Harding (လယ်) နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ State of the Tropics အစီရင်ခံစာ ထုတ်တဲ့အခမ်းအနား တက်ရောက်လာစဉ်။ (ဂျွန် ၂၉၊ ၂၀၁၄)
ပါမောက္ခ Sandra Harding (လယ်) နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ State of the Tropics အစီရင်ခံစာ ထုတ်တဲ့အခမ်းအနား တက်ရောက်လာစဉ်။ (ဂျွန် ၂၉၊ ၂၀၁၄)

ဒီကနေ့ ရန်ကုန်မြို့မှာပြုလုပ်တဲ့ The State of the Tropics 2014 အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်သား လွှတ်တော်အမတ်တွေကို တိုက်တွန်းခဲ့ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုအတွင်း အပူပိုင်းရပ်ဝန်းဒေသရဲ့ လက်ရှိ လူမှုရေး၊ စီးပွားရေး အခြေအနေ၊ ဇီဝဖြစ်စဉ်တွေရဲ့ အားသာချက်၊ အားနည်းချက်နဲ့ အနာဂတ်မှာ ရင်ဆိုင်ရလာနိုင်တဲ့ အခြေအနေတွေကို သုတေသန ဌာန ၁၂ ခုတို့ ၃ နှစ်တာ လေ့လာခဲံတဲ့ အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ Reuters သတင်းတပုဒ်ကို အခြေခံပြီး မသိင်္ဂ ီထိုက်က ပြောပြပေးမှာပါ။

The State of the Tropics 2014 အစီရင်ခံစာ ထုတ်တဲ့ အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပတာကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ပေးခဲံတာပါ။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ကျွမ်းကျင် ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ ဆက်လက် လုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။ The State of the Tropics 2014 အစီရင်ခံစာကို ဖွင့်လှစ်အပြီး သတင်းထောက်တွေရဲ့မေးခွန်းတွေကိုလည်း ဖြေကြားခဲ့ပါတယ်။

လာမယ့်နှစ် ရွေးကောက်ပွဲမှာ မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတအဖြစ် ဝင်ရောက် အရွေးခံနိုင်မယ့် နည်းလမ်းဖြစ်လာစေနိုင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးလည်း ရိုက်တာသတင်းဌာနရဲ့မေးမြန်းမှုကို ဖြေကြားတာမှာ လွှတ်တော်တွင်းက စစ်သား လွှတ်တော်အမတ်များအနေနဲ့ အပြောင်းအလဲတွေ ဖော်ဆောင်ကြဖို့ တိုက်တွန်းခဲ့တာပါ။

ကျမတု့ိ အနေနဲ့ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ကို မပြင်ဘူးဆိုရင်တော့ အခြေခံ ဥပဒေထဲမှာ ဘယ်ဟာကို ပြောင်းလဲနိုင်တယ်၊ ဒါမှမဟုတ်လည်း ဘယ်ဟာကို မပြောင်းလဲနိုင်ဘူးဆိုတဲ့ အပေါ်မှာ စစ်တပ်က အကြွင်းမဲ့နီးပါး လုပ်ပိုင်ခွင့်အာဏာ ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါဘဲ။ နောက်ပြီး အခြေခံ ဥပဒေထဲက ဘယ်အချက်တွေကို ပြင်မလဲ မပြင်ဘူးလဲ ဆိုတာကို ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေက ဆုံးဖြတ်သင့်တယ်လို့ ကျမ ထင်ပါတယ်- လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ ကတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အရေးကြီးတဲ့ ပုဒ်မပေါင်း ၉၀ လောက်ကို ပြင်ဆင်ဖို့မှာ ရွေးကောက်ခံမဟုတ်တဲ့ စစ်သား လွှတ်တော်အမတ် ၂၅ % လွှမ်းမိုးတဲ့ လွှတ်တော်ရဲ့ ကိုယ်စားလှယ် ၇၅ % ကျော် ထောက်ခံချက်၊ ဒီလို ထောက်ခံချက် ရပြီးရင်လည်း လူထုဆန္ဒ သဘောထား ကောက်ယူပြီး မဲဆန္ဒရှင် ထက်ဝက်ကျော်တို့က သဘောတူမှ ပြင်ဆင်နိုင်မယ်ဆိုတဲ့ ပြဌာန်းချက် ဖြစ်ပါတယ်။ ဒါကြောင့် အများစုက လက်ခံထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဖြစ်မနေ ပြင်ဆင်ကြဖို့ဆိုတာမှာ ပုဒ်မ ၄၃၆ က အဓိက အတားအဆီး အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုင်စွဲပြီး ပြင်ဆင်ရေးလှုပ်ရှားမှုကို နိုင်ငံတဝန်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပုဒ်မ ၄၃၆ ကို ပြင်ဆင်ခြင်းဟာဆိုရင် စစ်တပ်က လွှတ်တော် အမတ်နေရာတွေ ရယူနေတာ အပါအဝင် နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍ၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခွင့်ကို တားဆီးထားတဲ့ ပုဒ်မ ၅၉( စ) စတဲ့ ပုဒ်မတွေကိုပါ ပြင်ဆင်ဖို့ လမ်းဖွင့်လိုက်တာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မိသားစုဝင်တဦးဦး နိုင်ငံခြားသားတွေ ဖြစ်ခဲ့ရင် သမ္မတ၊ ဒုသမ္မတ ဖြစ်ခွင့်ကို တားမြစ်ထားတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပုဒ်မ ၅၉ (စ) လုံးကို ပြင်ဆင်ရေး အဓိကမထားဘဲ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ မြဲတမ်း ဦးတည်လုပ်ဆောင်နေပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ အခြေခံဥပေဒ ပြင်ဆင်ရေးအတွက် အဓိက အတားအဆီး ဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေး ဖြစ်နိုင်ခြေအပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့ပါတယ်။

ဒီပုဒ်မ ပြင်ဆင်ရေးအတွက် ကျမအနေနဲ့ အကောင်းမြင် မျှော်လင့်နေတာမျိုးမဟုတ်ပါဘူး။ ကျမ အမြဲတမ်း စဉ်းစားတာကတော့ ကျမတို့ ကြိုးစားနေတဲ့ ဒီပန်းတိုင်ကို ရောက်ဖို့ အခက်အခဲတွေကို ဘယ်လောက် ရင်ဆိုင်လုပ်ဆောင်နိုင်မလဲဆိုတာနဲ့ ခက်ခဲပင်ပမ်းလှတဲ့ လုပ်ဆောင်စရာတွေကို ကျမတို့ လုပ်နိုင်စွမ်း ရှိနေတယ်ဆိုတာပဲလို့ - ပြောဆိုသွားပါတယ်။

အခု လက်ရှိမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ NLD နဲ့ ၈၈ မျိုးဆက်တို့ ပူးပေါင်းပြီး အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် တနိုင်ငံလုံးကနေ ထောက်ခံလက်မှတ်တွေ စုဆောင်းနေကြပါတယ်။ ရွေးကောက်ပွဲတွေကတော့ နောက်နှစ် ၂၀၁၅ မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG