သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ်စတင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညနေမှာ တရုတ်နိုင်ငံကို ရောက်ရှိသွားပါပြီ။ ဒီခရီးစဉ်မှာ ဘာတွေ ဆွေးနွေးမယ်ဆိုတာ ထုတ်ပြန်ထားတာမရှိပေမဲ့ တရုတ်-မြန်မာ နယ်စပ်အရေး အပါအဝင် လက်ပံတောင်းတောင်စီမံကိန်းနဲ့ မြစ်ဆုံစီမံကိန်းအရေးတွေကို ဆွေးနွေးဖွယ်ရှိနိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို ဇွန်လ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ သွားရောက်ဖို့ ရှိနေခဲ့တာပါ။ ဒီကနေ့ မနက်မှာတော့ ဒီခရီးစဉ်အတွက် ရန်ကုန်မြို့က ထွက်ခွာဖြစ်ကြောင်း NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောပါတယ်။

“မနက် ၆ နာရီ ၁၅ က ထွက်သွားပါတယ်။ ၆ နာရီ ၁၅ က ဘန်ကောက်၊ ဘန်ကောက်ကနေ ကူမင်း၊ ကူမင်းကတဆင့် ဘေဂျင်းပေါ့။ ဒီကသံအမတ်ကြီးနဲ့ ၄ ယောက်လောက် လိုက်ပို့ပါတယ်။ အဲဒီခရီးကို လိုက်ပါသွားတဲ့ သူတွေကတော့ သူ့ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်၊ နောက် လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်ဖြစ်တဲ့ ကိုဖြိုးမင်းသိန်းနဲ့ ကိုဖြိုးဇေယျာသော်တို့ ပါသွားပါတယ်။”

၄ ရက်ကြာခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပေမဲ့ အဓိကဆွေးနွေးမယ့် အချက်တွေကိုတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။ တရုတ်နိုင်ငံမှာနေထိုင်ပြီး တရုတ်-မြန်မာဆက်ဆံရေးအပေါ် လေ့လာနေသူတဦးဖြစ်တဲ့ ဒေါ်လှကျော်ဇော ကတော့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ်မီဒီယာတွေရဲ့ သုံးသပ်ဝေဖန်နေမှုကို အခုလို ပြောပါတယ်။

“အစောပိုင်းက ဒေါ်အောင်ဆန်းစုကြည် က နိုဘယ်လ်ဆုရှင် ဖြစ်တဲ့အတွက် အနောက်တိုင်းကို လိုလားသူအဖြစ် သဘောထားကြတာ များတာပေါ့နော်။ ဒါပေမဲ့လို့ အခုနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်နဲ့ ပတ်သက်လို့ ပြောတာဆိုတာတွေကို ကြည့်ပြီးတော့ တရုတ်ပြည်အပေါ်မှာ ရန်မလိုတဲ့ နိုင်ငံရေးသမားလို့ သဘောထားတာပေါ့။ အဲဒီအတွက် တရုတ်လူမျိုးတွေက သဘောကျတဲ့ သဘောရှိတယ်။ နောက်တခုကလည်း အစောပိုင်းက နယ်စပ်မှာ ဗုံးတွေဘာတွေကျပြီးတော့ လူတွေဘာတွေ သေတဲ့ကိစ္စမှာ တရုတ်အစိုးရက သိပ်ပြီးတော့ ပြင်းပြင်းထန်ထန် မပြောဘူး ဆိုပြီးတော့၊ သူတို့ကို မကာကွယ်ဘူး ဆိုပြီးတော့ ဖြစ်နေတာ။ အဲဒီတော့ အခုအချိန်မှာတော့ တရုတ်ပြည်က ခေါင်းဆောင်တွေက သံခင်းတမန်ခင်းကို ပျော့ပျော့ပြောင်းပြောင်း အသုံးချပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်လိုက်တဲ့အတွက် တရုတ်ပြည်သူလူထုကလည်း သူတို့ခေါင်းဆောင်တွေကို သဘောကျနေတယ်။ ဒေါ်အောင်ဆန်းစုကြည် လာလို့ရှိရင်တော့ မြန်မာပြည်သူလူထုက တရုတ်ပြည်အပေါ် ဆန့်ကျင်တဲ့ လေသံတွေဘာတွေ လျော့သွားနိုင်တယ်လို့လည်း တွက်တယ်ထင်တယ်။ အဲဒီလိုအရေးအသားတွေ တွေ့ရပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ကတဆင့် လူထုအချင်းချင်းကြား ဆက်ဆံရေးကို ပိုမိုလုပ်ဆောင်ဖို့၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ပိုမိုလုပ်ဆောင်ဖို့ တိုက်တွန်းထားတာတွေ ဘာတွေကို တွေ့ရပါတယ်။”

တရုတ်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒီခရီးစဉ်အတွင်းမှာ လတ်တလော တင်းမာမှုရှိနေတဲ့ နယ်စပ်ဒေသအရေးကို တရုတ်နိုင်ငံဘက်က ဆွေးနွေးဖွယ်ရှိတယ်လို့လည်း ဒေါ်လှကျော်ဇောက သုံးသပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့တော့ ဒေသခံပြည်သူတွေလက်မခံ မြန်မာပြည်က တရုတ်စီမံကိန်းတွေအရေးကို ဆွေးနွေးဖွယ်ရှိတယ်လို့လည်း ဆက်ပြောပါတယ်။

“လက်ပံတောင်းတောင် ကိစ္စမျိုးတွေကတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ တရုတ်အစိုးရ အနေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားဖို့၊ အစိုးရချင်း ဆက်ဆံပြီးတော့ပဲ လက်သိပ်ထိုးပြီးတော့ မလုပ်ဖို့၊ ဒီလိုကိစ္စမျိုးတွေ။ သူလက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်တဲ့ သူ့ရဲ့အစီရင်ခံစာမှာလည်း ဒါမျိုးတွေ ရေးထားတာ ရှိတာပဲ။ အဲဒီတော့ ပိုမိုပြီးတော့ စီးပွားရေးလုပ်ငန်းတွေ မြင်သာထင်သာရှိဖို့၊ ပြည်သူလူထု အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားဖို့၊ ဒါတွေကတော့ ပြောကောင်း ပြောနိုင်ပါတယ်။”

မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့တော့ တရုတ်အစိုးရရဲ့ လုပ်ဟန်အတိုင်း သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ၊ လူထုအတွက် အကျိုးရှိစေမယ့်၊ နောက်လူထုက လက်ခံလာစေမယ့် နည်းလမ်းနဲ့ ဆောင်ရွက်နိုင်ရေးအတွက် တရုတ်အစိုးရဘက်က တင်ပြနိုင်ဖွယ် ရှိတယ်လို့လည်း သုံးသပ်ပါတယ်။ HRW ခေါ် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောဆိုထားတဲ့ ထိန်းသိမ်းခံ တရုတ်ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် Liu Xiaobo (လူရှောင်ဘို) အရေး အပါအဝင် လူ့အခွင့်အရေး ကိစ္စရပ်တွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဆွေးနွေးဖြစ်ရင်တောင် သတင်းထုတ်ပြန်ဖွယ် မရှိနိုင်ဘူးလို့လည်း ဒေါ်လှကျော်ဇော က ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ နှစ်ဘက်လုံးအတွက် အကျိုးရှိစေတဲ့ ခရီးဖြစ်နိုင်ကြောင်းလည်း သုံးသပ်ပါတယ်။

“တရုတ်ပြည်အနေနဲ့က ဘာတွေ အကျိုးအမြတ်တွေ ရနိုင်သလဲဆိုတော့ တရုတ်ပြည်အပေါ်မှာ မြန်မာပြည်သူတွေ ခံစားနေရတဲ့ မကျေမလည်ဖြစ်တဲ့ အချက်တွေက တစုံတရာ ပြေလည်သွားနိုင်တယ်လို့ တွက်ပါတယ်။ ထို့အတူပဲ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ တချို့လူတွေက အင်မတန် အနောက်တိုင်းယိမ်းတဲ့ နိုင်ငံရေးသမားလို့ မြင်တာကနေ၊ သူဟာ အနောက်တိုင်းကို လိုလားတဲ့ နိုင်ငံရေးသမားသက်သက် မဟုတ်ဘူး၊ သူ့အနေနဲ့ မြန်မာပြည်အရေးကို ဘက်စုံတွက်ချက် စဉ်းစားနိုင်တဲ့ အမျိုးသားအဆင့် နိုင်ငံရေးခေါင်းဆောင်တယောက် ဖြစ်တယ်ဆိုတာကိုလည်း ပြသနိုင်မှာ ဖြစ်တာပဲဆိုတော့ ဒါက ၂ ဘက်စလုံးအတွက် အကျိုးရှိပါတယ်။”

တရုတ်ကွန်မြူနစ်ပါတီဟာ အရင်က မြန်မာနိုင်ငံက နိုင်ငံရေးပါတီခေါင်းဆောင်တွေကို ဖိတ်ကြားတာရှိခဲ့သလို ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ပြည်ထောင်စု လွှတ်တော်နာယကကိုလည်း ဖိတ်ကြားခဲ့ပါတယ်။ ဒီခရီးစဉ်မှာ သူရ ဦးရွှေမန်းဟာ တရုတ်သမ္မတနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ နယ်စပ်ဒေသ ငြိမ်းချမ်းရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG