သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနှင့် ပြင်သစ်သွားမည်


ဂျာမနီသမ္မတရဲ့ဖိတ်ကြားချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် ဂျာမနီနိုင်ငံ ဘာလင်ခရီးစဉ် စတင်တော့မှာဖြစ်ပါတယ်။ သမ္မတ၊ ဝန်ကြီးချုပ် အပါအဝင် အစိုးရပိုင်း ထိပ်တန်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့ရှိသလို လွှတ်တော်ကိုလည်း သွားလေ့လာမှာဖြစ်ပြီး “Willy Brandt Prize” လက်ခံရယူမှာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံခရီးစဉ်ပြီးရင်တော့ ပြင်သစ်နိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပနှစ်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို ဖေဖော်ဝါရီလတုန်းက ရောက်လာခဲ့တဲ့ ဂျာမနီသမ္မတက သူနဲ့တွေ့ဆုံစဉ်မှာ ဖိတ်ကြားခဲ့တဲ့အတွက် သူ့ရဲ့ ဖိတ်ကြားချက်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီနိုင်ငံခရီးစဉ်ဟာ ဧပြီလ ၉ ရက်နေ့မှာ စတင်တော့မှာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံကိုပါ ခရီးဆက်ဖို့ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပနှစ်နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လိုက်ပါမှာဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဂျာမနီနိုင်ငံ သမ္မတရဲ့ဖိတ်ကြားချက်အရ ဂျာမနီနိုင်ငံကို သွားရောက်ဖို့ အစီအစဉ်ရှိပါတယ်။ ဂျာမနီနဲ့ပြင်သစ်ကို နှစ်နိုင်ငံ သွားရောက်မှာဖြစ်ပါတယ်။ ဧပရယ်လ ၉ ရက်နေ့မှာ မြန်မာနိုင်ငံက စတင်ထွက်ခွာမှာ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာ ဂျာမနီနိုင်ငံ သမ္မတနဲ့ တွေ့ဆုံမှာ ဖြစ်တဲ့အပြင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တွေ့ဆုံတာတွေ၊ လွှတ်တော်ဥက္ကဋ္ဌနဲ့တွေ့ဆုံပြီး လွှတ်တော်ကို သွားရောက်လေ့လာဖို့ အစီအစဉ်တွေ ရှိပါတယ်။ ဂျာမနီမှာ “Willy Brandt Prize” ကို လက်ခံရယူမှာဖြစ်ပြီး ဧပရယ်လ ၁၄ ရက်နေ့မှာ ပြင်သစ်နိုင်ငံကို စတင် ခရီးထွက်ခွာပါမယ်။ ပြင်သစ်နိုင်ငံမှာ ဆိုလို့ရှိရင်လည်း ပြင်သစ်သမ္မတနဲ့ တွေ့ဆုံတာတွေ၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တွေ့ဆုံတာတွေ၊ လွှတ်တော်ကို သွားရောက်လေ့လာဖို့တွေ၊ အဲဒီ အစီအစဉ်တွေ ရှိပါတယ်။”

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဂျာမနီဝန်ကြီးချုပ်ဟောင်း Willy Brandt ကို ဂုဏ်ပြုပေးအပ်တဲ့ Willy Brandt ဆုကို လက်ခံယူဖို့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် ဂျာမနီနိုင်ငံခရီးစဉ်အတွင်းမှာ ဂျာမနီအစိုးရပိုင်းက သမ္မတ Joachim Gauk ၊ ဝန်ကြီးချုပ် Dr. Angela Merkel အပါအဝင် အကြီးအကဲတွေ၊ လွှတ်တော်ဥက္ကဋ္ဌ Dr. Norbert Lammert နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ဒီလိုမျိုး ဂျာမနီ အကြီးအကဲတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးကြမယ့်အပေါ် ဂျာမနီနိုင်ငံ မြန်မာ့အရေးလှုပ်ရှားသူ ဦးနွယ်အောင်က ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ မြန်မာ့ဒီမိုကရေစီရေး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မယ့် အလားအလာကောင်းတွေ ပေါ်ထွန်းလာစေမှာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဒီအကြိမ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဂျာမနီမှာလာပြီးတော့ ဂျာမနီမှာရှိနေတဲ့ ဝန်ကြီးချုပ်တွေကော၊ သမ္မတတွေကော၊ တခြားဝန်ကြီးတွေကောနဲ့ တွေ့တယ်ဆိုတာကတော့ ပထမဆုံးအကြိမ်တွေ့တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ဂျာမနီမှာ ရှိနေတဲ့ မြန်မာတွေအနေနဲ့ကတော့ အလွန်ပဲ ဝမ်းသာပြီးတော့ အလွန်လည်းပဲ ဂုဏ်ယူပါတယ်။ တကယ့်ကို development ပေါ့လေ၊ ဂျာမန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ ချစ်ကြည်ရေးဖြစ်တဲ့အပြင် ကူးသန်းရောင်းဝယ်ရေးကအစ အကုန်လုံး လျောလျောရှူရှူ အဆင်ပြေ တိုးတက်မယ်လို့တော့ ယူဆပါတယ်ခင်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာမိသားစုနဲ့ ဧပြီလ ၁၃ရက်နေ့ မနက်ပိုင်းမှာ Freie University မှာ တွေ့ဆုံဖို့ရှိတဲ့အကြောင်းကိုလည်း ဦးနွယ်အောင်ကပြောပြပါတယ်။

“ဧပြီလ ၉ ရက်နေ့မှာ နိုင်ငံတော် ဧည့်သည်တော်အနေနဲ့ ဂျာမနီကို လာမှာပေါ့။ သမ္မတ Gauk က (၁၀) ရက်နေ့မှာ သူ့ရဲ့နန်းတော်မှာ ဒေါ်စု နဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေကို ဧည့်ခံမယ်။ နောက်တခါ ဘာလင်တင်မကဘူးပေါ့လေ ဂျာမနီမှာရှိနေတဲ့ မြန်မာအသိုင်းအဝိုင်းရော၊ ဥရောပမှာ တခြားနိုင်ငံတွေမှာ ရှိနေတဲ့ မြန်မာအသိုင်းအဝိုင်းရော၊ သူတို့နဲ့ ဒေါ်စုတို့အဖွဲ့နဲ့ ၁၃ ရက်နေ့တွေ့မယ်။ မနက် ဆယ်နာရီမှာ စမယ်။ တွေ့မယ့်နေရာကတော့ Freie University မှာလုပ်ဖြစ်မယ်။ အဲဒီအပြင် ဒေါ်စုကတော့ ဂျာမနီရဲ့အဓိပတိ ချဲန်ဆယ်လာ မစ္စက် မာကဲလ်တို့၊ ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးတို့၊ နောက် တခြား Federal Ministry က ဝန်ကြီးတွေနဲ့ နောက်ပြီးတော့ Federal Parliament က ဥက္ကဋ္ဌနဲ့ MPs တွေနဲ့ စသဖြင့်ပေါ့လေ၊ ထိပ်တန်းက နိုင်ငံရေးသမားကြီးတွေနဲ့ တွေ့ဆုံပြီးတော့ ဆွေးနွေးကြမယ်၊ ပြောကြမယ်ဆိုတာကိုတော့ သိထားပါတယ်ခင်ဗျ။”

ဧပြီလ ၁၄ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို ခရီးဆက်မှာဖြစ်ပါတယ်။ ပါရီမြို့မှာတော့ သမ္မတ Francois Hollande နဲ့ တွေ့ဆုံဖို့ရှိသလို အစိုးရပိုင်းအကြီးအကဲတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ ဒီ့နောက်မှာတော့ ပြင်သစ်စစ်တက္ကသိုလ်နဲ့ ပြင်သစ်လွှတ်တော်ကိုလည်း သွားရောက်လေ့လာမှာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံခရီးစဉ်ကို ဧပြီလ ၁၆ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပြီး မြန်မာနိုင်ငံကို ဧပြီလ ၁၇ ရက်နေ့မှာ ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။
XS
SM
MD
LG