သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်အရေး ပြဿနာ တစ်ခုနှစ်ခုပဲ ကွက်မကြည့်ကြဖို့ ဒေါ်စုပန်ကြား


ဂျာမနီဝန်ကြီးချုပ် Angela Merkel(ယာ)၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ တွေ့ဆုံစဉ်။ (ဧပြီ ၁၀၊ ၂၀၁၄)
ဂျာမနီဝန်ကြီးချုပ် Angela Merkel(ယာ)၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ တွေ့ဆုံစဉ်။ (ဧပြီ ၁၀၊ ၂၀၁၄)
မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံတွင်း ပြဿနာတစ်ခု နှစ်ခုအရေးကိုပဲ ကွက်ပြီး ဇောင်းပေးနေမယ့်အစား တနိုင်ငံလုံး အတိုင်းအတာနဲ့ ဦးစားပေး ကြည့်ကြဖို့ နိုင်ငံတကာ သတင်းမီဒီယာတွေကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။ ဂျာမနီနိုင်ငံကို ၄ ရက်ကြာခရီး သွားရောက်နေစဉ် စနေနေ့က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စနေနေ့မှာ ဘာလင်မြို့တော်ဝန် Klaus Wowereit ကေ တွ့ဆုံပြီး အရှေ့နဲ့ အနောက်ဂျာမနီ ပြန်လည်ပေါင်းစည်းရေး အထိမ်းအမှတ် တည်ဆောက်ထားတဲ့ ဘရန်ဒင်းဘာ့ဂ် (Brandenburg) မုခ်ဦးကို လိုက်လံပြသခဲ့ပါတယ်။

ဘာလင်မြို့ဟာ ဖွံ့ဖြိုးတိုးတက်ရေးမှာတင်မကဘဲ အခုလို အရှေ့အနောက် ပြန်လည်ပေါင်းစည်းနိုင်တဲ့ နိုင်ငံရေးအရ ညှိနှိုင်းမှုတွေမှာပါ အောင်မြင်တဲ့မြို့ အဖြစ် ကြာသပတေးနေ့ ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။ အခုစနေနေ့ သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲမှာတော့ ဂျာမနီခေါင်းဆောင်တွေနဲ့ နားလည်မှုရယူနိုင်တာဟာ ဖြတ်သန်းလာရတဲ့ အခြေနေချင်း တူညီတာကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ဂျာမနီ သမ္မတကရော၊ ဝန်ကြီးချုပ်ကပါ ကျမကို ကောင်းကောင်း သဘောပေါက်နားလည်တယ်လို့ တကယ့်ကို ခံစားရပါတယ်။ အာဏာရှင် လက်အောက် ကနေ ဒီမိုကရေစီထွန်းကားလာဘို့ ဘယ်လိုရုန်းကန်ရတယ်၊ ဘယ့်လောက်ခက်ခဲတယ်ဆိုတာကို အာဏာရှင်လက်အောက်မှာ နေထိုင်လာရတဲ့ သူကမှ ကိုယ်ချင်းစာနိုင်တာမို့ ဒါဟာ သိပ်အရေးကြီးသလို တကယ့်အခြေနေမှန်ကိုလည်း သူတို့ နားလည်ကြတာပါ။”

မြန်မာနိုင်ငံရဲ့ အခြေနေကိုနားလည်ပြီး အကူညီပေးဖို့ကမ်းလှမ်းခဲ့တဲ့ ဂျာမနီနိုင်ငံချီးမြှင့်တဲ့ Willy Brandt Award လူ့အခွင့်အရေးဆုကို သောကြာနေ့ လက်ခံယူချိန်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီတကယ် မထွန်းကားသေးတာကို သဘောပေါက်ကြဖို့ သတိပေးခဲ့သလို လူ့အခွင့်ရေးချိုးဖေါက်မှု ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့လိုအပ်တာကို ပြောကြားခဲ့ပါတယ်။ အခုတော့ ဂျာမနီနိုင်ငံမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် အတွင်း မြန်မာနိုင်ငံ ပြန်လည်ညီညွတ်ရေးအတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ကြဖို့ လိုအပ်နေပါတယ်လို့ သတင်းထောက်တွေကို ပြောကြားလိုက်ပြီး ပြဿနာ တခု- နှစ်ခုထဲကို ကွက်မကြည့်ကြဖို့ပါ ပန်ကြားလိုက်တာပါ။

“ကျမတို့နိုင်ငံ လူမှုအသိုင်းအဝိုင်းထဲက လူနေမှုအဆင့်အတန်း အတော်များများမှာ ပုံစံမျိုးစုံနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရဖို့ လိုအပ်နေတာပါ။ ဘယ်အဖွဲ့က လိုနေတယ်၊ ဘယ် တိုင်းရင်းသား ဒါမှမဟုတ် ဘယ်လူမှုအသိုင်းအဝိုင်းက လိုနေတယ်လို့ ခွဲပြီး ကျမ မပြောပါဘူး။ ဘာလို့လဲဆိုတော့ ငြိမ်းချမ်းရေးရဖို့ပဲ ဦးတည်ပြီး တိုင်းရင်းသား အဖွဲ့အစည်း အများစုက ကြိုးပမ်းနေကြတာမို့ပါ။ ဒီလိုလုပ်ဆောင်နေချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းကနေ ပြဿနာတခု -နှစ်ခုထဲကို ကွက်ပြီး ဇောင်းပေးနေတာတွေ့ရတော့ ကျမ တကယ်ပဲ စိတ်အနှောက်အယှက်ဖြစ်မိပါတယ်။ တကယ်ဆို မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ကြဖို့ လိုနေတာပါ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့မနက်ပိုင်းမှာ Free University of Berlin မှာ ဂျာမနီရောက် မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဧပြီလ ၁၄ ရက်နေ့မှာတော့ ပြင်သစ်နိုင်ငံ ပါရီမြို့ကို ခရီးဆက်မှာဖြစ်ပြီး ပြင်သစ်သမ္မတနဲ့ တွေ့ဆုံမှာဖြစ်သလို ပြင်သစ် လွှတ်တော်ကိုလည်း သွားရောက် လေ့လာမှာဖြစ်ပါတယ်။
XS
SM
MD
LG