သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု အီတလီခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ ဆုံမည်


ဥရောပ ၅ နိုင်ငံကို သီတင်းနှစ်ပတ်ကြာ ခရီး ထွက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံ ရောမမြို့မှာ ရောက်ရှိနေပြီး တနင်္လာနေ့မှာတော့ ပုပ်ရဟန်းမင်း Francis နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒီကနေ့ပဲ ဗြိတိန်နိုင်ငံကနေ အီတလီနိုင်ငံကို ရောက်ရှိသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရောမမြို့မှာရှိတဲ့ သမိုင်းဝင် ကုန်သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ရှေးဟောင်းဈေးကြီးဖြစ်တဲ့ Trajan Market ကို သွားရောက်သလို ရောမဧကရာဇ်ဘုရင်တွေထဲက မင်းကောင်းမင်းမြတ် ဘုရင် ၅ ပါးထဲက တပါးလည်းဖြစ်၊ အတွေးအခေါ်ပညာရှင်လည်းဖြစ်တဲ့ Marcus Aurelius ရုပ်တုနဲ့ ပြတိုက်တွေကိုလည်း သွားရောက်တာပါ။

အီတလီနိုင်ငံရေးဝန်ကြီး Emma Bonino- ရောမမြို့ မြို့တော်ဝန် Ignazia Marino တို့အပြင် ရောမမြို့ အုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံပြီး ညစာစားပွဲ တက်ရောက်ဖို့ စီစဉ်ထားတာပါ။ တနင်္လာနေ့ မနက်ပိုင်းမှာတော့ သမ္မတ Giorgio Napolitano ဝန်ကြီးချုပ် Enrico Letta တို့အပြင် အစိုးရတာဝန်ရှိသူတွေနဲ့ တွေဆုံကြမှာပါ။

ရောမမြို့တော် ၂ ရက်ခရီးစဉ်အတွင်းမှာ ၁၉၉၄ ခုနှစ်ကတည်းက ရောမမြို့တော်ဝန် ရူတီလီက ချီးမြှင့်ခဲ့တဲ့ ရောမမြို့တော်သူဆုကို လက်ခံရယူမှာဖြစ်ပါတယ်။ ဒီဆုကို ဥရောပသမဂ္ဂက ချီးမြှင့်တဲ့ Sarakha ဆုနဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုတွေ ရအပြီးမှာ ရောမမြို့ ဂုဏ်ထူးဆောင် မြို့တော်သူဆုကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာတော့ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Piero Fassino မြို့တော်ဝန်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ တူရင်းမြို့မှာ ဂုဏ်ထူးဆောင်တူရင်းမြို့တော်သူဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။

အီတလီမြောက်ပိုင်းက ဘိုလော့ခ်နာမြို့မှာလည်း ဂုဏ်ထူးဆောင်မြို့တော်သူ ဆုကို ဗုဒ္ဓဟူးနေ့မှာ လက်ခံရယူမှာ ဖြစ်သလို အော်လာ မက်ခ်နာ တက္ကသိုလ်က ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဂုဏ်ထူးဆောင် ဒဿနိကဗေဒဘွဲ့ကို လက်ခံယူပါလိမ့်မယ်။ ဒီအခမ်းအနားတွေကို ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်ပေးမှာလည်း ဖြစ်ပါတယ်။

ကြာသပတေးနေ့ အောက်တိုဘာ ၃၁ ရက်နေ့မှာတော့ ၂၀၀၇ ခုနှစ်ထဲက ဂုဏ်ထူးဆောင်မြို့တော်သူဆု ချီးမြှင့်ထားတဲ့ ပါမာမြို့ကို သွားရောက်ပြီးတော့ ပါမာတက္ကသိုလ်က ကျောင်းသားတွေကို မိန့်ခွန်းပြောမှာပါ။

ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဥရောပခရီးစဉ်ကို နိုဝင်ဘာလ ၂ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG