သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် LA ရောက် မြန်မာများနဲ့ တွေ့ဆုံ


ဒေါ်အာင်ဆန်းစုကြည် လော့စ်အိန်ဂျလိစ်မြို့ မြန်မာမိသားစုများရဲ့မေးခွန်းများကို ဖြေကြားပေးနေစဉ်။ (အောက်တိုဘာ ၂ ရက်၊ ၂၀၁၂။)
ဒေါ်အာင်ဆန်းစုကြည် လော့စ်အိန်ဂျလိစ်မြို့ မြန်မာမိသားစုများရဲ့မေးခွန်းများကို ဖြေကြားပေးနေစဉ်။ (အောက်တိုဘာ ၂ ရက်၊ ၂၀၁၂။)
မြန်မာနိုင်ငံအခြေအနေကို သတိနဲ့ ကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ သူ့ရဲ့ အမေရိကန်ပြည်ထောင်စုခရီးစဉ်ထဲက နောက်ဆုံးမြို့ဖြစ်တဲ့ Los Angeles မြို့မှာ မြန်မာ မိသား စုတွေနဲ့ တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ခုလိုပြောလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကို Federal ပြည်ထောင်စု နိုင်ငံ အဖြစ် ဖော်ဆောင်နိုင်မယ့်အလားအလာ၊ လာဘ်ပေးလာဘ်ယူ အကျင့်ပျောက်ရေး၊ မြန်မာနိုင်ငံ အတွက် ပေးသင့်တဲ့အကူအညီတွေအကြောင်း စတဲ့ ကဏ္ဍမျိုးစုံနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါ တယ်။ Los Angeles မြို့၊ Convention Center မှာ ပြုလုပ်ခဲ့တဲ့ မြန်မာမိသားစုနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲအကြောင်း မစုမြတ်မွန်က ဆက်ပြောပြပါမယ်ရှင်။

အမေရိကန်ပြည်ထောင်စုခရီးစဉ်ရဲ့ နောက်ဆုံးခရီးဖြစ်တဲ့ Los Angeles မြို့မှာ မြန်မာမိသားစုတွေ နဲ့ တွေ့ဆုံတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ အမေရိကန်ခရီးစဉ်မှာ နွေးနွေးထွေးထွေး ကြိုဆိုကြတဲ့ အတွက် စိတ်ခွန်အားတွေဖြစ်စေခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။

“ဒီကိုလာရတာ ပထမဦးဆုံးတော့ ပြောရမယ်ဆိုရင် ကျမ ကျေနပ်ပါတယ်။ ကျေနပ်ပါတယ် ဆိုတာ က စောစောက ရှင်းပြခဲ့တဲ့အတိုင်း ဒီကိုလာတာ ရည်ရွယ်ချက်နှစ်ခုရှိတယ်။ တစ်ခုကတော့ ကျမတို့ကို ကူညီမ,စပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ကြောင်းပြောဖို့၊ အဲဒါ တချို့ကို ကိုယ်တိုင် တွေ့ပြီးတော့ ကျေးဇူးတင်ပါတယ်ဆိုတာ ပြောနိုင်ခဲ့လို့ အများကြီး အားရပါတယ်။

နောက် တခုကတော့ ကျမတို့ရဲ့ မြန်မာနိုင်ငံ အခြေအနေကို ရှင်းပြတယ်။ အဲဒီဟာလည်း အတော်အတန် အားရလောက်ပါတယ်။ တနိုင်ငံလုံးတော့ နှံ့အောင် မသွားနိုင်ဘူးပေါ့နော်။ ဒါပေမဲ့ လည်း အရေးကြီးတဲ့နေရာတွေ၊ တချို့ တက္ကသိုလ်တွေ၊ နောက်ပြီးတော့ ကျမတို့ မြန်မာနိုင်ငံသူ၊ နိုင်ငံ သား အများစု နေတဲ့ နေရာတွေ ကျမ ရောက်နိုင်ခဲ့ပါတယ်။ ကျမ ဒီလို မြန်မာနိုင်ငံက ရောက်လာ တဲ့ ပြည်သူပြည်သားတွေနဲ့ ဆွေးနွေးနိုင်တဲ့အခြေအနေကို အင်မတန်မှ အားရပါတယ်။

ဒီလို မေးခွန်းတွေ ယူရတယ်ဆိုတာလည်း အချိန်အကန့်အသတ်ကြောင့် မို့လို့ပေါ့နော်။ တကယ်ဆိုလို့ ရှိရင်တော့ အုပ်စုတွေနဲ့ ဆွေးနွေးရတာကိုတောင်မှ ကျမက ပိုသဘောကျပါတယ်။”

Los Angeles မြို့အနီးတဝိုက်မြို့တွေက မြန်မာလူမျိုးတွေတင်မက ကနေဒါနိုင်ငံက မြန်မာလူမျိုး တချို့ပါ လာခဲ့ကြတဲ့ပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က မေးခွန်းမျိုးစုံကို ဖြေသွားခဲ့ပါတယ်။ မြန် မာနိုင်ငံလက်ရှိအခြေအနေတွေနဲ့ ပတ်သက်တဲ့မေးခွန်းတွေကို ဖြေတဲ့အခါမှာ သတိနဲ့ သုံးသပ်ဖို့ လိုအပ်တယ်လို့ ဖြေသွားတာကို တွေ့ရပါတယ်။

“ကျမတို့ နောက်လုပ်ဖို့တွေ အများကြီး ကျန်ပါသေးတယ်။ မြန်မာနိုင်ငံကို ကြည့်တဲ့အခါကျလို့ ရှိရင် စေ့စေ့ကြည့်ပါ။ သိပ်ပြီးတော့ အကောင်း မြင်၊ အယုံမလွယ်ပါနဲ့။ အဆိုးမြင်ဖို့လည်း ပြောနေတာ မဟုတ်ဘူး။ ဒါပေမဲ့ သတိနဲ့ကြည့်ပါ။ သတိဆိုတာ လွန်ကဲတယ်လို့ မရှိဘူးလို့ တရားတော်မှာ ပါတဲ့အတိုင်း ဒီအချိန်မှာ မြန်မာနိုင်ငံကို လေ့လာသုံးသပ်တဲ့အခါမှာ သတိဆိုတာ ဘယ်တော့မှ ဘယ်လိုမှ လွန်ကဲနိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ ခေါင်းထဲမှာ ထားစေချင်ပါတယ်။”

လက်ရှိ မြန်မာနိုင်ငံမှာ ပြောင်းလဲဖို့လိုအပ်နေသေးတဲ့ ကိစ္စတွေ အများကြီးရှိနေသေးတယ်ဆိုတာကို သတိထားကြဖို့ လိုတယ်ဆိုတာကိုလည်း ခုလို ဥပမာပေးပြောသွားခဲ့ပါတယ်။

“ကျမတို့နိုင်ငံမှာ ဖြစ်နေတဲ့ ကိစ္စတွေကို အမြဲပဲလေ့လာနေတဲ့ ပုဂ္ဂိုလ်တွေ သိမှာကတော့ ဆန္ဒပြဖို့ဆိုလို့ ရှိရင်လည်း အခုအချိန်မှာ လွယ်ကူသေးတာ မဟုတ်ပါဘူး။ ဥပဒေအရ ဆန္ဒပြနိုင်ခွင့်ရှိတယ်ဆိုပေမဲ့ ခွင့်ပြုချက်ရမှ ဆန္ဒပြပိုင်ခွင့် ရှိပါတယ်။ ဒါဟာ ကျမက ဆန္ဒပြတာတွေကို အထူး အားပေးချင်တဲ့စိတ် နဲ့ ပြောတာမဟုတ်ပါဘူး။ ဒီမိုကရေစီအခွင့်အရေးတစ်ခုနဲ့ ပတ်သက်လို့တောင်မှ ကျမတို့ အခြေအနေ ဟာ ဒီမိုကရေစီရရှိပြီးသား လူ့အသိုင်းအဝိုင်းတွေနဲ့ မတူဘူးဆိုတာကို ရှင်းပြချင်လို့ ပြောတာ ဖြစ်ပါ တယ်။”

မြန်မာနိုင်ငံအပြောင်းအလဲအတွက် လက်ရှိသမ္မတ ဦးသိန်းစိန်အပေါ် ဘယ်လောက်အထိ စိတ်ချ လက်ချ လက်တွဲနိုင်မလဲဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ခုလိုဖြေပါတယ်။

“ကျမကတော့ ဘယ်သူ တစ်ဦးတစ်ယောက်နဲ့ လက်တွဲပြီးတော့ လုပ်ဆောင်မယ်လို့ စိတ်ထဲမှာ ဒီလို မထားပါဘူး။ နိုင်ငံအတွက် အကျိုးပြုနိုင်မယ်ဆိုလို့ ရှိလို့ရှိရင် ကျမတို့ဟာ အားလုံးနဲ့အတူ လက်တွဲ လုပ်ဆောင်ရမှာပါ။ အရေးအကြီးဆုံးကတော့ တပ်မတော်နဲ့ အတူ လက်တွဲပြီး လုပ်ဆောင်ရမယ်။ ဒါက ကျမတို့ အမြဲပဲပြောနေတဲ့ ကိစ္စပါ။ ပြီးတော့ တပ်မတော်ဟာ ကျမတို့ပြည်သူတွေနဲ့ တသားတည်း ဖြစ် သွားပြီးတော့ ပြည်သူတွေရဲ့ဆန္ဒဟာလည်း တပ်မတော်ရဲ့ဆန္ဒပဲ၊ တပ်မတော်ရဲ့ဆန္ဒဟာလည်း ပြည် သူတွေရဲ့ဆန္ဒပါပဲဆိုတဲ့ အခြေအနေ ရောက်သွားမှသာလျှင် ကျမတို့မြန်မာနိုင်ငံရဲ့တိုးတက်မှုဟာ စိတ်ချရပြီလို့ ယူဆရမှာပါ။

အဲဒီတော့ အရေးကြီးတာက လူကို စိတ်ချနိုင်ဖို့ မဟုတ်ပါဘူး။ အခြေအနေကို စိတ်ချနိုင်ဖို့ပါ။ ကျမတို့ တိုးတက်ရေးအခြေအနေကို စိတ်ချရအောင်လို့ လုပ်သွားရမှာဖြစ်ပါတယ်။”

ဒီတွေ့ဆုံပွဲမှာပဲ Federal စနစ်ဆိုတာဟာ ပြည်ထောင်စုပြိုကွဲစေတဲ့ စနစ်မဟုတ်ဘူးဆိုတာကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က အမေရိကန်ပြည်ထောင်စုနဲ့ ဥပမာပေးပြောကြား သွားခဲ့ပါတယ်။ နောက်တခါ မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူစံနစ် ပပျောက်နိုင်မယ့် အလားအလာရှိသေးလားဆိုတဲ့အပေါ် သူ့အမြင်ကို မေးတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်က-

“လာဘ်ပေးလာဘ်ယူကိစ္စက အင်မတန်မှ ခဲယဉ်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါ ကျမ ပွင့်ပွင့်လင်း လင်းပြောတာနော်။ လူ့အဖွဲ့အစည်း တခုမှာ လာဘ်ပေးလာဘ်ယူဟာ အကျင့်တစ်ခုဖြစ်သွားပြီဆိုရင် ဒီဟာကို ဖြတ်ပစ်လိုက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဥပမာဆိုလို့ရှိရင် အဓိက ဝန်ထမ်းတွေက စတာပေါ့။

ဝန်ထမ်းတွေက လာဘ်ပေးလာဘ်ယူလုပ်နေတဲ့အခါကျတော့ သူတို့တွေက တချို့က ဘယ်လိုပြောလဲ ဆိုတော့ ဝန်ထမ်းတွေ လစာနည်းလို့၊ လခတိုးပေးလိုက်လို့ရှိရင် ဒီလာဘ်ပေးလာဘ်ယူမှုတွေက ရပ်သွားမှာပဲလို့ ထင်ကြပါတယ်။ ဒီလောက် မလွယ်ပါဘူး။ အရင်တုန်းက ကျမတို့မြန်မာနိုင်ငံမှာ ဝန်ထမ်းတွေက လာဘ်ပေးလာဘ်ယူ မလုပ်ပါဘူး။ အဲဒီတုန်းကလည်း ဝန်ထမ်းလခဆိုတာဟာ ဝန်ထမ်းတယောက်ကို သိက္ခာရှိရှိနဲ့ နေနိုင်လောက်အောင် ရှိပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဝန်ထမ်းလခဟာ ဝန်ထမ်းတွေကို သိက္ခာရှိရှိနဲ့ နေပိုင်ခွင့်မပေးလောက်ဘူးဆိုတော့ လာဘ်ပေး လာဘ်ယူက အကျင့်ကြီးတခု ဖြစ်လာတယ်။ အကျင့်ကြီးတခုဖြစ်လာတဲ့အခါကျတော့ ဝန်ထမ်းတွေက ဝန်ထမ်းအဆင့်မနေတော့ဘဲနဲ့ တခါတည်း သန်းကြွယ်သူဌေးကြီးအဆင့်တွေ နေကြတော့တာပဲ။

အဲဒီလို နေနေတဲ့ ဝန်ထမ်းတွေကို တော်ရုံတန်ရုံ ဝန်ထမ်းတွေ နေနိုင်တဲ့ နေသင့်တဲ့ အဆင့်အတန်း ကို ပြန်နေဆိုလို့ နေခိုင်းရတာ မလွယ်ဘူး။ ဒါ ကျမ လက်တွေ့ကျကျပြောတာ။ အဲဒီတော့ တဘက် ကနေ လခတွေ တိုးပေးရမယ်၊ မှန်တယ်။ အခွင့်အရေးတွေ တိုးပေးရမယ်၊ မှန်တယ်။ တဘက်ကနေလည်း ဥပဒေအရ အရေးယူရမယ်။ လာဘ်ပေးလာဘ်ယူလုပ်တဲ့ဝန်ထမ်းတွေကို အရေးယူဖို့လိုတယ်။ ဒီတော့ အရေးယူရုံနဲ့ ဒီကိစ္စ ပြီးသွားမလားဆိုတော့လည်း အဲဒါလည်း မလုံလောက်သေးဘူး။ စိတ်ဓာတ်ရေးရာအရလည်း ကျမတို့ အများကြီး ကြိုးစားရမယ်။

အဲဒီတော့ ကျမတို့က အဲဒီလက်နက်သုံးခုလုံး သုံးရမယ်။ ပထမတော့ သက်ဆိုင်ရာဆီကို လခ လုံလုံလောက်လောက် ပေးရမယ်။ ဒုတိယအားဖြင့် လာဘ်ပေးလာဘ်ယူလုပ်လို့ရှိရင် တရားဥပဒေအရ အရေးယူရမယ်။ တတိယအားဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ပြုပြင်ရမယ်။ ပြုပြင်ရမယ်ဆိုရင် ဒါက ပညာရေးနဲ့လည်း ဆိုင်တာပေါ့။ ကျောင်းမှာကတည်းကစပြီးတော့ ပြုပြင်းယူရမယ်။”

အမေရိကန်ရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲတိုင်းမှာ မေးကြတဲ့ မေးခွန်းတခုကတော့ မြန်မာနိုင်ငံကို ဘယ်လို ကူညီလို့ရနိုင်မလဲဆိုတဲ့ မေးခွန်းပါ။

“ကျမ တစ်ခုတော့ အကြံပြုချင်ပါတယ်။ ကိုယ်သန်ရာ ဘက်တစ်ခုကို ရွေးလိုက်ပါ။ ဥပမာဆိုလို့ရှိရင် ပညာရေးဘက်မှာသန်သလား၊ ကျန်းမာရေးဘက်မှာသန်သလား၊ ဒါမှမဟုတ် အဲဒီဘက်ကို အားပေး ချင်သလား၊ ကြီးပွားရေးဘက်မှာ အားပေးချင်သလား၊ လူငယ်တွေ ဖွံ့ဖြိုးရေးအတွက် အားပေးချင် သလား။ တခုခု ကိုယ်သန်ရာ၊ ကိုယ်စေတနာရှိရာ ကဏ္ဍတခုကို စဉ်းစားလိုက်ပါ။ စဉ်းစားပြီးတော့မှ အဲဒီ ကဏ္ဍမှာ ထိထိရောက်ရောက်ဖြစ်အောင် ကူညီမယ်ဆိုပြီး အဲဒီကဏ္ဍနဲ့ ဆက်နွယ်နေတဲ့ သူတွေနဲ့ ဆက်သွယ်ကြည့်ပါ။

ဆက်သွယ်တဲ့အခါကျရင် တယောက်တည်းကို မဆက်သွယ်ပါနဲ့။ တစ်ယောက်တည်း ပြောနေတာနဲ့ပဲ မပြီးနေပါနဲ့။ သုံးလေးယောက် ဆက်သွယ်ပါ။ သူတို့ပြောတာတွေ နားထောင်ပါ။ အကောင်းဆုံး အဖြေကိုရှာပါ။ အားလုံး အားလုံး၊ လူတိုင်းလူတိုင်းဟာ တယောက်ချင်း တယောက်ချင်း ဘယ်လိုလုပ် အကောင်းဆုံး ကူညီနိုင်မလဲဆိုပြီးတော့ စဉ်းစားပြီးတော့ ရုန်းကန်ရမယ့် အချိန်ကိုတော့ စဉ်းစားကြပါ၊ ကြိုးစားကြပါ၊ ရုန်းကန်ကြပါ။ နောက်ပြီးတော့ စောစောကပြောသလို ပေးဖို့ ကမ်းဖို့လည်း မတွန့်တိုကြပါ နဲ့လို့ ပြောပါရစေ။”

အင်္ဂါနေ့က Los Angeles မှာလုပ်ခဲ့တဲ့ ပွဲမှာ ပရိတ်သတ် သုံးထောင်နီပါးလာကြတယ်လို့ ပွဲစီစဉ်သူတွေ က VOA ကို ပြောပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့ကတည်းက အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေ တဲ့ ဒေါ်အောင် ဆန်းစုကြည်ဟာ သီတင်းနှစ် ပတ်ကျော် ကြာတဲ့ ခရီးစဉ်အတွင်း ဝါရှင်တန် D.C၊ နယူးယောက်၊ ဖို့ဝိန်း၊ ကဲန်တာကီ၊ ဆန်ဖရန်စ္စကိုနဲ့ လော့စ်အိန်ဂျလိစ်မြို့တွေမှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ Los Angeles မြို့ဟာ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် အတွင်း နောက်ဆုံးသွားတဲ့ နောက် ဆုံးမြို့ ဖြစ်ပါတယ်။ အမေရိကန်လွှတ်တော်ကပေးတဲ့ Congressional Gold Medal ရွှေတံဆိပ်ဆု၊ Atlantic ကောင်စီကပေးတဲ့ ကမ္ဘာ့နိုင်ငံသားဆု၊ Asia Society အဖဲ့ွကပေးတဲ့ Global Vision ဆု၊ San Francisco တက္ကသိုလ်ကပေးတဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့တွေကို အမေရိကန်ခရီးစဉ် အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်ခံယူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အောက်တိုဘာလ သုံးရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်မယ်လို့ သိရပါတယ်ရှင်။
XS
SM
MD
LG