သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး EU နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဒေါ်စုဆွေးနွေး


ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများနဲ့ မြန်မာ့အရေးဆွေးနွေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်။ (အောက်တိုဘာ ၂၁၊ ၂၀၁၃)
ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများနဲ့ မြန်မာ့အရေးဆွေးနွေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်။ (အောက်တိုဘာ ၂၁၊ ၂၀၁၃)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ် တစိတ်တပိုင်းအဖြစ် ဒီကနေ့မှာတော့ ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြပါတယ်။ Luxembourg နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံခြားရေးရာ အစည်းအဝေးပွဲအတွင်း မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေး လုပ်ငန်းမှာ အဓိကအခက်အခဲဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ဖို့ လိုအပ်နေတဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် နောက်ဆုံးအခြေအနေ သိရသမျှကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ နေ့လည်စားစားရင်း မြန်မာ့အရေး ဆွေးနွေးကြတာဖြစ်ပါတယ်။ တွေ့ဆုံမှုအတွင်းမှာတော့ မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေးလုပ်ငန်းမှာ ကြုံနေရတဲ့ အခက်အခဲ အတားအဆီးတွေကို ဆွေးနွေးဖို့ စီစဉ်ထားကြတာပါ။ လတ်တလော မြန်မာနိုင်ငံက အပြောင်းအလဲတွေမှာ အဓိက အဟန့်အတားတခု အဖြစ်နဲ့ကတော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ဖို့ဖြစ်တဲ့ အကြောင်းကိုလည်း ဆွေးနွေးပွဲ မတိုင်ခင်မှာပဲ သတင်းထောက်တွေကို ပြောခဲ့တာပါ။

“မြန်မာနိုင်ငံမှာ အရေးအကြီးဆုံးကိစ္စကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စပါပဲ၊ အားလုံးခံစားခွင့်ရှိတဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေနဲ့ပတ်သက်ရင် မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေနဲ့ ဆက်စပ်နေပါတယ်။ မြန်မာနိုင်ငံမှာ ပြဿနာတွေ အများကြီး ရှိနေတာပါ။ ဒါတွေကို အဆင့်လိုက် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ဒီမိုကရေစီကျင့်စဉ် မရှိမဖြစ် လိုအပ်နေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်မချင်း ဒါတွေကို မလုပ်နိုင်ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်ကိုကြိုဆိုနေတဲ့ ဥရောပသမဂ္ဂနိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲ Catherine Ashton ကလည်း မြန်မာ့ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ဥရောပသမဂ္ဂက ကူညီပံ့ပိုးသွားမှာဖြစ်တယ်လို့ သတင်းထောက်တွေကို အခုလိုပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အခုလို ဥရောပကောင်စီရဲ့ နိုင်ငံခြားရေးဌာနကို လာရောက်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ အပြောင်းအလဲတွေ လုပ်ဖို့အတွက် ကြိုးစားနေရတဲ့မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးခွင့်ရတာဟာ တကယ်ထူးခြားတဲ့အခွင့်အလမ်းတခုပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံဆက်ပြီး ပြောင်းလဲတိုးတက်လာအောင်နဲ့ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စိန်ခေါ်မှုအကြောင်းတွေကို ဆွေးနွေးချင်နေမယ်ဆိုတာကို ကျမတို့သိပါတယ်။ နောက်သီတင်းသုံးပတ်လောက်ဆိုရင် မြန်မာနဲ့ ဥရောပသမဂ္ဂတို့ကြား ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ပတ်သက်တဲ့ အစည်းအဝေးကို ကျင်းပမှာပါ။ အဲဒီမှာ မြန်မာနိုင်ငံတဝှန်း စီးပွားရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဥရောပသမဂ္ဂရဲ့ကူညီမှုဟာ အပြောနဲ့အလုပ်ညီတယ်ဆိုတာကို တွေ့ကြရမှာပါ။”

ဒီတွေ့ဆုံပွဲမှာ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်နဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဆွေးနွေးပြောဆိုဖို့ ရှိပါတယ်။ ဒါ့အပြင် နိုဝင်ဘာလ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ ရန်ကုန်နဲ့ နေပြည်တော်မှာ ကျင်းပမယ့် ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီစဉ်အတွက်လည်း တိုင်ပင်ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မတွေ့ဆုံခင်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူဇင်ဘတ်နိုင်ငံရဲ့ ဘုရင်နဲ့မိဖုရားတို့ဖိတ်ကြားချက်နဲ့ နန်းတော်မှာ တနင်္လာနေ့ မနက်ပိုင်းက သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဂျူလိုင်လကချမှတ်ခဲ့တဲ့ ဥရောပသမဂ္ဂရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ထဲ မှာတော့၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ထောက်ခံထားပါတယ်။ ဥရောပ သမဂ္ဂရဲ့အဓိကရည်မှန်းချက်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပြန်ပြီးဆက်ဆံရေးကောင်းမွန်လာဖို့၊ မြန်မာ အစိုးရကို အကူအညီပေးဖို့ ဖြစ်တယ်လို့ ဆုံးဖြတ်ချက်ထဲမှာ ဖော်ပြထားပါတယ်။

စနေနေ့က ဥရောပကော်မရှင်မှာ ကော်မရှင်ဥက္ကဋ္ဌ Jose Manuel Barroso နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီးပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာလည်း မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်မှုတွေအပေါ်မှာ ဥရောပသမဂ္ဂက အထူးသတိနဲ့ စောင့်ကြည့်နေပြီး နိုင်ငံရေးနဲ့ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေမှာ မြန်မာပြည်သူတွေအတွက် ထိထိရောက်ရောက် ဆက်ပြီး ပံ့ပိုးကူညီသွားမယ်လို့လည်း Mr. Barroso က ပြောသွားပါတယ်။
XS
SM
MD
LG