သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားတွေနဲ့ ဒေါ်စုဆွေးနွေး


 ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသားကိုယ်စားလှယ်များတွေ့ဆုံ (Photo-NLD Chairperson)
ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသားကိုယ်စားလှယ်များတွေ့ဆုံ (Photo-NLD Chairperson)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်မယ့် နောက်တက်လာမယ့် အစိုးရကျရင် ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အပါအဝင် တိုင်းပြည်ရဲ့ တရားဥပဒေ စိုးမိုးရေးတို့ကို တိုင်းရင်းသားတွေနဲ့အတူ လက်တွဲလုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီကနေ့ နေပြည်တော်စည်ပင်ရိပ်သာဝင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တစ်နာရီကျော်ကြာတွေ့ဆုံပြီး လက်တလော တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ တိုက်ပွဲတွေ အပါအဝင် တိုင်းရင်းသား ဒေသတွေရဲ့ လိုအပ်ချက်တွေကို အဓိကထား ဆွေးနွေးသွားခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာရှိတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တို့ကို ဖိတ်ခေါ်ပြီး နေပြည်တော် စည်ပင်ရိပ်သာဝင်းမှာ ဒီကနေ့ညနေပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။ နောက်တက်လာမယ့် အစိုးရသစ် လက်ထက်ကျရင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ တိုင်းရင်းသားများ တန်းတူညီမျှပါဝင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ထောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အဓိကထား တိုက်တွန်းပြောဆိုသွားခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဇော်မြင့်မောင်က အခုလို ပြောပါတယ်။

“အဓိကတွေ့တာကတော့ တိုင်းရင်းသားတွေနဲ့ cooperative ဖြစ်ချင်တယ်။ ပူးပေါင်းဆောင်ရွက် ချင်တယ်။ National reconciliation နဲ့ နောက်ပြီးတော့ federalism ပေါ့နော် အဓိကထားပြီး ပြောတာပါပဲ။ federal state ပေါ့ တို့ထူထောင်မယ်ဆိုတာ အဲဒါကို တိုင်းရင်းသားတွေလည်း သဘောကျပါတယ်။ ကျန်တာကတော့ သူတို့ ပြည်နယ်တွေရဲ့ issue တွေပြောတာပေါ့။ ပညာရေး၊ ကျန်းမာရေး နိမ့်ကျတာတွေ တောင်ပေါ်မှာ ဖြစ်တာတွေကို မေ့မထားဖို့ပေါ့။ အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ရဲ့ မူဝါဒပေါ့- federal စစ်မှန်တဲ့ federal စနစ်ကို ထူထောင် မယ်ဆိုတာ သူက တရားဝင်ပေါ့နော်၊ အရင်တုန်းကတည်းက ရှိပြီးသားပဲလေ။ နောက်ပြီး တိုင်းရင်းသားတွေဘက်ကတော့ federal နဲ့ peace ကိုလုပ်ပေးပါပေါ့-ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။ အဓိကတော့federalism ကိုပြောသွားပါတယ်။”

တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ တအောင်း ပလောင် အမျိုးသားပါတီကတော့ ဒီရက်ပိုင်း ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ အတွက် နောက်အစိုးရသစ် လက်ထက်မှာ ငြိမ်းချမ်းရေးကို အဓိကထား လုပ်ဆောင်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ ဒီပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမိုင်းဝင်းထူးက ပြောပါတယ်။

“အဓိကတော့ ကျနော်တို့ ဒေသမှာဖြစ်နေတဲ့ ဒီလက်နက်ကိုင် ပဋိပက္ခတွေပေါ့၊ ငြိမ်းချမ်းရေးကိစ္စရယ် ၊ ကျနော်တို့တောင်ပေါ်ဒေသမှာ ရှိတဲ့ တောင်ပေါ်သားတွေ ကိုလည်း ဖွံ့ဖြိုးရေးကိစ္စတွေ လုပ်တဲ့အခါမှာ မေ့မထားဖို့ ဆိုပြီးတော့ ဆွေးနွေး တာတွေ ရှိပါတယ်။”

NLD အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားတွေနဲ့ အတူလက်တွဲ လုပ်ဆောင် သွားပြီး တိုင်းရင်းသားတွေဘက်ကလည်း ပြည်ထောင်စုအတွက် အဓိကထား လုပ်ေဆောင်သွားဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။ ရခိုင် အမျိုးသား ပါတီရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ မထုမေ ကတော့ တိုင်းရင်းသားများ တန်းတူညီမျှရရှိဖို့ ဖယ်ဒရယ် ပြည်ထောင်စု တည်ထောင်ဖို့ လုပ်ဆောင်သွားမယ့်အကြောင်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

“ပြည်ထေင်စုကိုသွားတဲ့အခါမှာ တိုင်းရင်းသားအားလုံးရပိုင်ခွင့်ဖြစ်တဲ့ ကျမတို့ ဒီ တန်းတူညီမျှရေးကို သွားတဲ့အခါမှာ ဖွဲ့စည်းပုံကိုယ်တိုင်ကနေပြီးတော့ federal ဖွဲ့စည်းပုံ ဖြစ်မှသာလျှင် တရားဥပဒေအရ ကျမတို့ တိုင်းရင်းသားများကို ကာကွယ်ပေးနိုင်မှာဖြစ်တယ်လို့ ဒါကြောင့်မို့လို့ အခုတက်လာကြတဲ့ တိုင်းရင်းသားကိုယ်စားလှယ်များအပါအဝင် NLD လွှတ်တော်အမတ်တွေလည်း တိုင်းရင်းသားများ လိုလားတဲ့ federal constitution တခုပေါ်ပေါက်လာဖို့အတွက် တိုက်တွန်းချက်ပါတယ်။”

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်တွင်း ဝင်ခဲ့ပြီးတဲ့နောက် NLD ပါတီဟာ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အခုလိုမျိုး တွေ့ဆုံတာ မျိုးတွေ ရှိပေမယ့်လို့ ဒုတိယအကြိမ်လွှတ်တော် စတဲ့အချိန်မှာတော့ ဒါဟာ ပထမဆုံးအကြိမ် တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတာလည်း ဖြစ်ပါ တယ်။ ဒီတစ်ခေါက် လွှတ်တော်သက်တမ်းမှာ NLD ပါတီက အများစု အနိုင်ရထား တာကြောင့် အခုလိုမျိုးတွေ့ဆုံမှုဟာ အကောင်းဘက်ကို ဦးတည်တဲ့ အပြောင်း အလဲမျိုး ဖြစ်လာနိုင်တယ်လို့ ဦးမိုင်းဝင်းထူးက ပြောပါတယ်။

“ကျနော်ထင်ပါတယ်၊ ဒါက positive change ဘက်ကို အများကြီး ဦးတည် သွားစေနိုင်တယ်လို့ ယုံကြည်ပါတယ်။ ဥပမာ- ထားပါတော့ ကျနော်တို့က သူတို့အပေါ်မှာ ယုံကြည်မှုတွေ ပိုပိုပြီးတော့ ရှိလာမယ်။ သူတို့ဖွဲ့စည်းလာမယ့် အစိုးရအသစ်မှာ ကျနော်တို့ တိုင်းရင်းသားပါတီတွေ အနေနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို ပူးပေါင်းလုပ်ဆောင်လာနိုင်မယ်ဆိုတဲ့ ကဏ္ဍတွေကို ပိုပြီးတော့မှ အားပေးလာအောင်လို့ပေါ့နော်။”

ဒီကနေ့ စည်ပင်ရိပ်သာဝန်းထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွေဟာ တိုင်းရင်းသား ကိုယ်စားလှယ် ၃၀၀ နီးပါးနဲ့ တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ လက်တလော လွှတ်တော် ၂ ရပ်ကနေ တင်မြှောက် မယ့် ဒုသမ္မတ ၂ ဦးအတွက် သတင်းတွေ အမျိုးမျိုးထွက်နေပေမယ့်လို့ ဒီကနေ့မှာ ဒီကိစ္စ နဲ့ပတ်သက်လို့ို ဆွေးနွေးခဲ့ခြင်း မရှိဘူးလို့ကိုယ်စားလှယ်တွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG