သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နဲ့ ဒေါ်စု တွေ့ဆုံ ဆွေးနွေး


ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပါတယ်။ လွှတ်တော်အဆောက်အဦးက တံခါးပိတ်တွေ့ဆုံရာမှာ ရွေးကောက်ပွဲလွန် လွှတ်တော်ရေး ရာကိစ္စတွေ အသွင် ကူးပြောင်းရေး လုပ်ငန်းတွေ ပါဝင်တယ်လို့ ဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် လွှတ်တော်သစ်မှာ ပြန်ပါ မလာတော့မဲ့ သူရဦးရွှေမန်းနဲ့ တွေ့ဆုံမှုက ဘာတွေမျှော်လင့်လို့ ရနိုင်မလဲ ဆိုတဲ့အပေါ် အကဲခတ်တွေရဲ့ အမြင်တွေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခ က စုစည်းတင်ပြထားပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ ဒီနေ့မနက်ပိုင်းက နှစ်နာရီနီးပါး ကြာမြင့်အောင် တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ဒီတွေ့ဆုံမှုအပေါ် ပူးတွဲ ထုတ်ပြန်ချက် မှာတော့ ထူးထူးခြားခြားနဲ့ အသေးစိတ် ရေးသားဖော်ပြခြင်းမရှိပါဘူး။ ဒီ တွေ့ဆုံမှုနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်ရုံးက တာဝန်ရှိသူတဦးက ခုလိုပြောပါတယ်။

"ဟိုဘက်က ဒေါ်စုဘက်က ဦးဝင်းမြင့်ပါပါတယ်။ နောက် ဒေါက်တာဇော်မြင့်မောင် ပါပါတယ်။ ဒီဘက်က သူရဦးရွှေမန်းရယ်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ရယ်၊ နောက်ပြီးတော့ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်က ဦးတီခွန်မြတ်ရယ်၊ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးရယ်ပါ ခင်ဗျ။"

ဒီလိုတွေ့ဆုံမှုတွေနဲ့ပတ်သတ်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ခုလို သုံးသပ်ပါတယ်။

"သူတို့ဟာကိုကြည့်လိုက်တော့ ပုံမှန်သဘောလာက်ပါပဲ ကျန် တာတော့ ထွေထွေ ထူးထူး မတွေ့ရဘူးပေါ့နော်။ စာထဲမှာ ပါတာ ဘာညာက။ သူ့ကိုအရင်တွေ့လိုက်လို့ ဟိုလူတွေနဲ့တွေ့ဖို့ အခက်အခဲဖြစ်သွားလိမ့်မယ် အဲ့လိုတော့ မထင်ပါဘူးခင်ဗျ။ သူက တပြိုင်နက်တည်း ပြောထားတယ်။ ပြောပြီးတော့မှ အရင်တွေ့သင့်တဲ့သူနဲ့တွေ့တာပါ ဒီသဘောပါပဲ။ ဦးရွှေမန်းနဲ့တွေ့တာလည်း တကယ်တော့ ဘာမှ မျှော်လင့်စရာလည်း မရှိပါဘူး။ ဦးရွှေမန်းက သူ့အနေနဲ့ ဘာမှ လုပ်ပိုင်ခွင့်လည်း မရှိတော့ဘူးလေ။ သူက လောလောဆယ် လွှတ်တော်ဥက္ကဋ္ဌပေါ့။ အဲ့တော့ လွှတ်တော်သက်တမ်း ကုန်တာနဲ့ သူက အမတ်တောင် မဖြစ်တော့ဘူး ဆိုတဲ့အခါကျတော့ နောက် ပါတီကလည်း ဘယ်လိုခေါ်မလဲ အရေးယူထားတဲ့ အနေအထား လည်း ဖြစ်တယ် ဆိုတဲ့အခါကျတော့ ဘာမှ သူ့ဆီက မျှော်လင့်လို့မရဘူးလေ သဘာဝကျပါတယ် အဲ့လိုပဲမြင်တယ်လေ ။"

နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းကလည်း ခုလိုသုံးသပ်ပါတယ်။

" ဒီတွေ့ဆုံမှုကတော့ ရွေးကောက်ပွဲ အလွန်မှာ မဖြစ်မနေ လုပ်ရမယ့် အရေးပါတဲ့ တွေ့ဆုံမှုတွေထဲက တခုလို့ သုံးသပ်လို့ရတယ်။ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်ကို ကြည့်မယ်ဆိုရင်တော့ ယေဘူယျ သဘောဆန် လွန်းတာတွေ များပြီးတော့ အသွင်ကူးပြောင်းရေးကာလကို ဘယ်လိုပုံစံနဲ့ ကျော်ဖြတ်မယ်ဆိုတာကို တိတိကျကျ ဖော်ပြထားတာ မတွေ့ရဘူး။ သတင်းထုတ်ပြန်ချက်မှာ ပြည်သူလူထုကြားမှာ ရှိနေတဲ့ စိုးရိမ်ပူပင်မှု တွေကို လျော့ချနိုင်လောက်အောင် အားကောင်းတာ မတွေ့ရဘူး။ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်က ယေဘူယျ ဆန်လွန်းပေမဲ့လို့ တွေ့ဆုံဆွေးနွေးမှု အတွင်းမှာ ပိုမိုလေးနက်ပြီးတော့ ပိုမိုအသေးစိတ်ကျတဲ့ အသွင်ကူးပြောင်းရေးကာလနဲ့ ဆက်စပ်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ နားလည်မှုတွေ ကို ရရှိကောင်း ရရှိနိုင်မယ်လို့ ကျနော်က မျှော်လင့်ပါတယ်။"

တွေ့ဆုံဆွေေးနွးအပြီး ထုတ်ပြန်ထားချက်ထဲမှာ လွှတ်တော်များ ဖွဲ့စည်းရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှု့ ရန်၊ရွေးကောက်ပွဲမှ ရရှိလာသော ပြည်သူ့ဆန္ဒကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ အကောင်အထည်ဖော်ရန်၊ ဒုတိယအကြိမ်လွှတ်တော်များကို ဥပဒေနှင့်အညီ ခေါ်ယူဖွဲ့စည်းနိုင်ရန် စတာတွေ ကို ဆွေးနွေး ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။

လက်ရှိမှာ ဒီတွေ့ဆုံမှုနဲ့ပတ်သတ်ပြီး နှစ်ဖက်စလုံးက တိကျတဲ့ ထုတ်ပြန်မှုတွေ မလုပ်ထားပါဘူး။ ဒီြ့ပင်တက်ရောက်ခဲ့တဲ့ သူတွေကို ဆက်သွယ်မေးမြန်းတာမှာ လည်း အသေးစိတ်ကို ထုတ်ဖော်ပြောဆိုဖို့ ကို ငြင်းဆို ထားပါတယ်။

ရွေးကောက်ပွဲအနိုင်ရ အန်အယ်ဒီ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တို့ကို တွေ့ဆုံလိုကြောင်း သီးခြားစီ စာပေးပို့ခဲ့တဲ့အပေါ်မှာ၊ အခု တွေ့ဆုံမှု ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရဲ့ တရားဝင် တုန့်ပြန်တွေ့ ဆုံမှုဖြစ် ပါတယ်။ ဒီမတိုင်ခင်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း တို့နှစ်ဦး ဟာ ရွေးကောက်ပွဲအပြီးမှာ အနည်းဆုံး နှစ်ကြိမ် သီးသန့် တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။

ဒီကနေ့နှောင်းပိုင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်မှာပဲ ဗြိတိန်၊ ဂျာမနီ နဲ့ ရုရှားအပါအဝင် နိုင်ငံတကာ သံရုံးတွေက သံတမန်တွေနဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေနဲ့ တွေ့ဆုံရာ မှာတော့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖြစ်တယ်လို့လည်း NLD က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG