သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ကိုယ်စားလှယ်တွေ အဂတိ ကင်းရှင်းဖို့ ဒေါ်စု သတိပေး


ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါတီအနိုင်ရ ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံ။ သတင်းဓာတ်ပုံ- မေခ (ဗွီအိုအေမြန်မာပိုင်း)
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါတီအနိုင်ရ ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံ။ သတင်းဓာတ်ပုံ- မေခ (ဗွီအိုအေမြန်မာပိုင်း)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ အဂတိလိုက်စားမှု ကင်းရှင်းဖို့၊ ပါတီတွင်း စည်းကမ်းတွေကို တင်းကျပ်သွားမှာ ဖြစ်တဲ့အကြောင်း သတိပေးလိုက်ပါတယ်။ အစိုးရသစ်ကို ဦးဆောင်ဖို့ ရှိနေတဲ့ NLD ပါတီရဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ လူထုနဲ့ တသားတည်း ရပ်တည်ဖို့လည်း တိုက်တွန်းခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခ က ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်အဖြစ် NLD အနိုင်ရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ အဂတိလိုက်စားမှုတွေ ကင်းရှင်းစေဖို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်တာပါ။

ပါတီဝင်တွေအနေနဲ့ ပါတီကိုတင်ပြထားတဲ့ ပိုင်ဆိုင်မှုကို တရားဝင်ကြေညာ ထားတဲ့ ကြေညာချက် ထပ် ကျော်လွန်ပြီး ပိုင်ဆိုင်မှု ရှိမရှိ သက်တမ်း ၅နှစ်အတွင်း ကိုယ်စားလှယ် စိစစ်ရေး ကော်မတီအဖွဲ့က စောင့်ကြည့်စစ်ဆေးနေမှာဖြစ်ကြောင်း၊ ထပ်တိုး လာတယ် ဆိုရင် ပါတီစည်းကမ်းအတိုင်း အရေးယူမယ့်အပြင် တည်ဆဲ အဂတိ လိုက်စားမှု ဥပဒေအရပါ အရေးယူသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ တာ ဖြစ်ပါတယ်။

ဦးတင်ဦး မိန့်ခွန်းပြော
ဦးတင်ဦး မိန့်ခွန်းပြော

ပါတီနာယက ဦးတင်ဦး ကတော့ လျော့ရဲနေတဲ့ စည်းကမ်းတွေကို တင်းတင်း ကျပ်ကျပ် ကိုင်တွယ်ဖို့ စီစဉ်နေတဲ့ အကြောင်း ရန်ကုန်မြို့ တော်ဝင်နှင်းဆီက အခန်းအနားမှာ ပြောကြားခဲ့တာပါ။

"အခုဒီနောက်ပိုင်းမှာ စည်းကမ်းထိန်းသိမ်းရေးနဲ့ပတ်သက်တာ အားလုံး ကိုတော့ဖြင့်ရင် တင်းတင်းကျပ်ကျပ် တိတိကျကျ သေသေချာချာ ထိန်းသိမ်းပြီးတော့ စောင့်ရှောက်သွားမှသာလျင် ခိုင်ခိုင်မြဲမြဲနဲ့ ဆက်လုပ်နိုင်မှာဖြစ်တဲ့အတွက် လျော့ရဲနေတဲ့စည်းကမ်းကို ကျနော်တို့ ပြန်လည်ပြီးတော့ကာ အဖွဲ့ချုပ်ရဲ့ ခိုင်မြဲရေးအတွက် ရည်စူးပြီးတော့ကာ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာကိုလည်းပဲ ဒီနေရာမှာ ကျနော်ပြောချင်ပါတယ်။"

အဂတိ လိုက်စားမှုတွေနဲ့ ပတ်သက်လို့ သည်းခံမှာ မဟုတ်တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြင်းပြင်းထန်ထန် သတိပေးခဲ့တယ်လို့လည်း ဒဂုံမြို့နယ် ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ အရွေးခံရသူ ဒေါက်တာ သက်သက်ခိုင် ကပြောပါတယ်။

"ငွေရေးကြေးရေး ပြဿနာတွေ သတိထားဖို့လိုတယ်။ တခါတလေ ကျရင် ငွေရေးကြေးရေး ပြဿနာတွေ ငွေရေးကြေးရေး မလုံလောက်တာတွေ အဲ့တာတွေကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်းပြီးတော့မှ မှားလို့ရှိရင်တော့ အမှားကို အမှန်လုပ်ပေးလို့မရဘူး။ အကူအညီလိုရင် တောင်းပိုင်ခွင့်ရှိတယ်။ ကြိုးစားပြီးတော့ ကူညီမယ်။ အဲ့ မှားလို့ရှိရင်တော့ အမှားကို အမှန်လုပ်လို့မရဘူး။ တကယ်လို့ အမှားဖြစ်သွားပြီးရင်တော့ ဥပဒေအရပဲ အရေးယူမယ်။ ဥပဒေအရ အရေးယူ လို့ ထောင်တွေ ဘာတွေ ကျသွားလို့ရှိရင်တော့ အဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်တဲ့ အတွက်ကို ရဲဘော်ရဲဘက်စိတ်ဓာတ်နဲ့ ထောင်ဝင်စာတော့ လာတွေ့မယ် လို့ ပြောပြီးတော့မှ နိဂုံးချုပ်သွားပါတယ်ရှင်။"

အဂတိလိုက်စားမှု ကင်းရှင်းဖို့ အတွက်သာမက ပါတီတွင်းမှာ စွမ်းဆောင် ရည် မြင့်တက် လာအောင် ဆောင်ရွက်ဖို့၊ ပါတီတွင်းမှာရော လူထုနဲ့ပါ ဆက်ဆံရာမှာ အဆင်ပြေချောမွေ့စေဖို့ စတာတွေကို လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းမှာကြားခဲ့တယ်လို့လည်း ဒေါက်တာ သက်သက်ခိုင် ကပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ဒါကိုလည်း စာမေးပွဲစစ်သလိုစစ်မယ်။ နောက် ဒီအဖွဲ့ချုပ်က ထုတ်ထားတဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းကိုလည်း သိရမယ်ပေါ့နော်။ ပြည်သူ လူထုနဲ့ဆက်ဆံရေး ဒါကိုလည်းပြောတယ်။ ဒါကိုလည်း ပြေလည် ရမယ်။ နောက်တခုက ကျတော့ ကိုယ့်ပါတီတွင်း သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ်တွေ အချင်းချင်းရဲ့ ဆက်ဆံရေးလည်း ကောင်းမွန်ရမယ်။ အဖွဲ့ချုပ် အတွင်းမှာ အစုအဖွဲ့တွေ ဖွဲ့ပြီးတဲ့အခါကျတော့ ဆရာမွေး တပည့်မွေး ဂိုဏ်းဂဏတွေ ဖွဲ့တာ ဒါမျိုးကို လုံးဝ လက်သင့်မခံဘူး။ အဲ့တာပြောပါတယ်။"

NLD ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အဖြစ်နဲ့ ရရှိမယ့် လစာငွေကိုလည်း ပါတီနဲ့ လူထုအတွက် ရည်ရွယ်ပြီး အသုံးပြုဖို့လည်း စီစဉ်ထားတယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။

လတ်တလော လွှတ်တော် ကိုယ်စားလှယ် တဦးအနေနဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်း ပါတီရန်ပုံငွေ အဖြစ် ထည့်ဝင်နေသလို၊ ဒီတကြိမ်ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့လည်း အချိုးကျ ထည့်ဝင်ကြရမှာ ဖြစ်တယ် လို့ ပြော ပါတယ်။

"ပြည်ထောင်စုအဆင့်ဆိုတာက လွှတ်တော်ကိုပြောတာ။ ပြည်ထောင်စုအဆင့် လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် လက်ရှိလည်း ဆရာတို့အနေနဲ့ချီးမြင့်ငွေ ဆယ်သိန်း ခံစားခွင့်ရတယ်။ နှစ်သိန်းခွဲက လစဉ် လစဉ် ပါတီရံပုံငွေအနေနဲ့ ပြန်ပြီးတော့ လှူရတယ်။ အခုက လူပိုများလာပြီ။ ဒီပုံစံအတိုင်းပဲ ဆက်ကျင့်သုံးမယ် ဆိုတာကို ပြောတာ။ တိုင်းဒေသကြီးလွှတ်တော်က ကျတော့ နည်းနည်း နည်းတယ်။ အတိအကျတော့ မသိဘူး။ တစ်သိန်းခွဲလား တစ်သိန်းလား မသိဘူး။ လက်ရှိကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေရှိတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးဆို သူတို့ရဲ့ ချီးမြင့်ငွေက သိန်းနှစ်ဆယ်ဖြစ်သွားပြီ။ ပို ဖြတ်မယ်။ ဒါကိုပြောတာ။ ချီးမြင့်ငွေ များတာနဲ့အမျှ တိုးတိုး သွားမယ်။"

ဒီကနေ့ မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း နဲ့ မွန်ပြည်နယ်က ရွေးကောက်ပွဲအောင်နိုင် တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့တွေ့ဆုံခဲ့ပြီး နေ့လည်ပိုင်းမှာတော့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နဲ့ ကယားပြည် နယ်က ရွေးကောက်ပွဲ အောင်နိုင် တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့တွေ့ဆုံခဲ့ပါတယ်။

လာမယ့် ဒီဇင်ဘာ ၅ မှာလည်းမန္တလေး၊ စစ်ကိုင်း၊ကယား၊ချင်း၊ မကွေး၊ရှမ်း၊ နာဂ၊ဓနု၊ အင်းသားပလောင် စတဲ့နေရာက ရွေးကောက်ပွဲအောင်နိုင်တဲ့ လွှတ်တော် ကိုယ်စား လှယ်တွေ နဲ့ ပျဉ်းမနားမြို့မှာ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

XS
SM
MD
LG