သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ၊ တပ်ချုပ်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဒီဇင်ဘာလ (၂) ရက်နေ့မှာ သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

အစိုးရသစ်တာဝန်လွှဲပြောင်းပေးရေး ချောမွေ့စေဖို့၊ နိုင်ငံတည်ငြိမ်အေးချမ်းဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်သွားကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။ နေပြည်တော်မှာ တွေ့ဆုံကြတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ တွေ့ဆုံပွဲအကြောင်း နေပြည်တော်ကို ရောက်နေတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုစည်သူက ပြောပြပေးမှာပါ။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကြောင့် သမ္မတဦးသိန်းစိန် ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ ဒီကနေ့ နေပြည်တော်မှာ သီးခြားစီတွေ့ဆုံခဲ့တာပါ။

ဒီကနေ့ ဒီဇင်ဘာလ (၂)ရက်နေ့မနက် (၉)နာရီ အချိန်ကစလို့ (၄၅) မိနစ်ကြာ သမ္မတအိမ်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံခဲ့တာပါ။ သတင်းမီဒီယာတွေ ဝင်ရောက်ခွင့်မရှိတာမို့ တွေ့ဆုံပွဲအပြီးမှာ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဆွေးနွေးခဲ့တာတွေကို တွေ့ဆုံပွဲအပြီးမှာ အခုလို ပြောကြားခဲ့ပါတယ်။

“ပထမဆုံး အဓိကထားပြီးတော့ ဆွေးနွေးတာက နောင်ပေါ်ပေါက်လာမယ့် အစိုးရကို အေးချမ်း ငြင်သာ ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင်ဖို့ ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ မရှိစေဖို့ ၊ နှစ်ဘက် ပူးပေါင်းဆောင်ရွက် မယ့်ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းပဲ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ အရင်တုန်းက အစဉ်အလာမရှိခဲ့သေးတဲ့ နိုင်ငံတော်အကြီးအကဲ တာဝန်တွေကို စနစ်တကျ လွှဲပြောင်းပေးတဲ့ အစဉ်အလာကောင်းတခုကို ထူထောင်ဖို့အတွက် ဆိုပြီးတော့မှ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။”

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ရာမှာ အစိုးရသစ်တာဝန် လွှဲပြောင်းပေးတဲ့အခါ အေးချမ်းငြင်သာ ချောမွေ့စေရေးအတွက် အသွင်ကူးပြောင်းဆိုင်ရာအဖွဲ့တွေ ဖွဲ့စည်းသွားမယ် ဆိုတဲ့အကြောင်း နှစ်ဖက်သဘောတူတယ်လို့လည်း သမ္မတရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

နေ့လည် (၂)နာရီမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင်ခန်းမမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ (၁)နာရီကျော်ကြာ သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။ မတွေ့ဆုံမီနဲ့ တွေ့ဆုံအပြီးမှာ သတင်းမီဒီယာတွေနဲ့ မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးခဲ့ပေမယ့် တွေ့ဆုံပွဲအကြောင်းတစ်စုံတစ်ရာ မှတ်ချက်ပေးပြောဆိုတာမရှိပါဘူး။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်။

ဒါပေမယ့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အခုတွေ့ဆုံမှုဟာ ပြည်သူ့ဆန္ဒကို အလေးထားပြီး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ စည်းလုံးညီညွတ်ရေး နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားဖို့ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အခုတွေ့ဆုံမှုတွေဟာ ထင်ထားတာထက်ပိုပြီးတော့ အောင်မြင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၉)ရက်နေ့မှာ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ သီးသန့်တွေ့ဆုံခဲ့ပါသေးတယ်။

ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရရှိခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဦးသိန်းစိန်၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံဖို့ တောင်းဆိုခဲ့တာကြောင့် အခုလိုတွေ့ဆုံပွဲတွေ ဆက်တိုက်ဖြစ်လာတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG