သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲ NLD ဝင်ပြိုင်မည်


လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် (၂၀၁၅) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒီကနေ့ နေပြည်တော်က NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် အစည်း အဝေးအပြီး ပါတီရဲ့ ဆုံးဖြတ်ချက်ကို အခုလိုကြေညာလိုက်တာပါ။ သမ္မတလောင်းရွေးချယ်မှု၊ ပါတီရဲ့ ဆုံးဖြတ်ချက် စတဲ့ သတင်းအသေးစိတ်ကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ကို ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကို လာမယ့်နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာပြီး နောက် ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ အတိုက်အခံနိုင်ငံရေး ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်တယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။

ဒီကနေ့နေပြည်တော်က ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပါတီရဲ့သဘောထားနဲ့ပတ်သက်လို့ အခုလိုပြောဆိုလိုက်တာပါ။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစည်းအဝေးခေါ်ပြီးတော့ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး ဆွေးနွေးခဲ့ပါတယ်။ အဲ့တော့ တိုတိုပြောရမယ်ဆိုရင်တော့ ကျမတို့ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲကို ဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲကို ဝင်ဖို့ ဆုံးဖြတ်တယ်ဆိုတာကတော့ အဓိကအားဖြင့် မပြီးသေးတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော်ဖို့ပါပဲ။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကျမတို့ တတ်နိုင်သမျှ မဲဆန္ဒနယ် အားလုံးကနေ ယှဉ်ပြိုင်မှာပါ အားလုံးသိတဲ့အတိုင်းပဲ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ဆိုလို့ရှိရင် ၁,၂၀၀ ကျော်ပါတယ်။ ၁,၂၀၀ အားလုံးမှာတော့ ကျမတို့ ဝင်ပြိုင်မှာ မဟုတ်ပါဘူး။ တချို့တလေမှာတော့ ဝင်မပြိုင်မယ့် နေရာတွေရှိနိုင်ပါတယ်။ ဒါပေမဲ့ အများစုကိုတော့ ကျမတို့ ဝင်ပြိုင်မှာဖြစ်ပါတယ်။"

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် နှင်ဆီ စံအိမ်မှာ စီအီးစီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သော အသံဖိုင် အပြည့်အစုံ - https://www.facebook.com/video.php?v=1176572359024830)

အဖွဲ့ချုပ်ရဲ့ မပြီးဆုံးသေးတဲ့ စစ်မှန်တဲ့ဒီမိုကရေစီရရှိရေး ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့ NLD အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ အခုလို ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။

“ဘာကြောင့်ရွေးကောက်ပွဲဝင်သလဲဆိုရင် NLD ထောင်ကတည်းကိုက ကျနော်တို့ စစ်မှန်တဲ့ဒီမိုကရေစီနဲ့ ပြည့်ဝတဲ့လူ့အခွင့်အရေးတွေရဖို့ ဆောင်ရွက်မယ်ဆိုပြီးတော့ ကျနော်တို့ သံန္နိဌာန်ချထားတာလေ။ ၂၀၁၂ တုန်းကလည်း ဒီလိုပဲ ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တုန်းကလည်း ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတာ ကြွေးကျော်ပြီးဝင်ခဲ့တာ။ ဒီဟာတွေကိုဆက်အကောင်အထည်ဖော်ဖို့ ရွေးကောက်ပွဲဝင်ဖို့ ကျနော်တို့ ဆုံးဖြတ်တာပါ။”

နေပြည်တော်က NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ဒီကနေ့ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအတွင်း တက်ရောက်လာတဲ့ ဗဟိုအလုပ်အမှုဆောင် (၁၅) ဦးစလုံးက တညီတညွတ်တည်း ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်လည်းဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။

“ကျနော်တို့အကုန်တက်ပါတယ်။ ဒီကနေ့ ပျက်ကွက်မရှိ ၁၅ ယောက်စလုံး အကုန်တက်တယ်။ consensus decision ပါ။”

ပါတီအောင်နိုင်ခဲ့ရင် သမ္မတလောင်းရွေးချယ်မှုမှာ ပြည်သူလက်ခံနိုင်တဲ့ သမ္မတလောင်း အရည်အချင်းနဲ့ ပြည့်မီတဲ့ သမ္မတလောင်းရွေးချယ်ဖို့ အသင့်ရှိတယ်ဆိုတာကိုလည်း NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးအပြီး နေပြည်တော်နေအိမ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တဲ့ အကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

“ကျနော်တို့အစိုးရဖွဲ့နိုင်တယ်ဆိုလို့ရှိရင် သမ္မတလောင်းဆိုတာလည်း ကျနော်တို့မှာ အစီအစဉ်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်- ဒီအတိုင်းပဲ အခုပေးနေတဲ့သတင်းစာရှင်းလင်းပွဲမှာ အဲဒီအတိုင်းပဲ၊ ကျနော်တို့ခေါင်းဆောင်ဆီမှာ အစီအစဉ်ရှိပါတယ်။ ပြည်သူလက်ခံနိုင်မယ့်သူပေါ့နော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲက သမ္မတလောင်း တင်နိုင်အောင် ကြိုးစားမှာပါ။”

NLD အနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲဆန္ဒနယ်အများစုကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပေမဲ့လို့ CRPP ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ တိုင်းရင်းသားခေါင်းဆောင်တွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေကို ခြွင်းချက်အဖြစ် ချန်ထားမှာဖြစ်တယ်လို့ သိရပါတယ်။.

“ကျနော်တို့ နေရာအများစုမှာ ဝင်ပြိုင်ပါမယ်။ မပြိုင်နိုင်တဲ့နေရာတချို့ရှိနိုင်ပါတယ်။ အဲဒါကလည်း ဆယ်ဂဏန်းလောက်ပဲရှိမှာပါ။ ကိုယ်စားလှယ်ဆိုလို့ရှိရင် တိုင်းနဲ့ပြည်နယ်ရယ်၊ ပြည်သူ့လွှတ်တော်ရယ်၊ အမျိုးသားလွှတ်တော်ရယ်ပေါင်းရင် နေရာက (၁,၂၀၀) လောက်ရှိပါတယ်။ ကျနော်တို့ တော်တော်များများဝင်ပြိုင်မှာပါ။ တကယ်လို့ မပြိုင်နိုင်ဘူးဆိုရင်တောင် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေနဲ့ ပြည်နယ်တချို့ပေါ့- ဆယ်ဂဏန်းလောက်ပဲရှိမှာပါ။ ကျန်တဲ့နေရာတွေ ကျနော်တို့အကုန်လုံးဝင်မှာပါ။”

၂၀၁၅ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမယ့်ကိုယ်စားလှယ်လောင်းတွေကို အမျိုးသမီး၊ လူငယ်နဲ့ တိုင်းရင်းသားတွေကို ဦးစားပေးရွေးချယ်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

“ပြည်သူကို ကိုယ်စားပြုနိုင်တဲ့၊ ကိုယ်စားလှယ်လောင်းအရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ရမှာပေါ့ဗျာ၊ နော။ အဓိက-ကတော့ ဒီမိုကရေစီအပေါ်မှာ နှစ်သက်ယုံကြည်ပြီးတော့၊ သက်ဝင်ယုံကြည်ပြီးတော့ ပြည်သူကို အကျိုးပြုနိုင်တဲ့ အရည်အချင်းပြည့်တဲ့ကိုယ်စားလှယ်လောင်းတွေ ကျနော်တို့ရွေးရမှာကလည်း challenging တခု၊ အဲဒီအလုပ်လည်း လုပ်နေမှာပါ။”

အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲ မကျင်းပခင်အချိန်အထိ မဲဆန္ဒရှင်စာရင်းလွဲချော်မှားယွင်းမှုတွေနဲ့ပတ်သက်ပြီးလည်း ဆက်လက်ပြီး ပြည်သူ့တွေရဲ့ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးကြစေရေး အင်တိုက်အားတိုက်ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့တတွေ စည်းရုံးရေးတွေ လုပ်ရတော့မှာပေါ့ဗျာ။ campaign ပြီးပေမယ့်။ အခုလောလောဆယ်က ကျနော်တို့ ဘာနဲ့အလုပ်များနေလဲဆိုတော့ မဲစာရင်းက နေရာတော်တော်များများတိုင်းမှာ စိစစ်လိုက်တယ်ဆိုလို့ရှိရင် မှားနေတာပေါ့နော်၊ သူက criteria (၈) ခုရှိတာပေါ့ဗျာ။ တခုမဟုတ်တခု မှားနေတာပေါ့။ အဲဒီဟာတွေစစ်တာ အဓိက-ကတော့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ လုပ်နေရတာခင်ဗျ။ ဒီလုပ်ငန်းကြီးကလည်း မပြီးနိုင်ဘူး။ တချက်ပဲရှိတယ်။ ကျနော်တို့ ရုံး အီးစီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့တခုတော့ ထိုးရမှာပေါ့နော်။ ဥပမာ - မှတ်ပုံတင် နံပါတ်ရှိတယ်။ မှတ်ပုံတင်ရှိတယ်၊ နောက်ပြီးကျတော့ မဲစာရင်းထဲမှာပါတယ်၊ အဲဒီလိုဆိုလို့ရှိရင် ဒီလူတွေအကုန်လုံးဟာ မဲပေးပိုင်ခွင့်ရတယ်ဆိုတဲ့ဟာမျိုးတခုကို လုပ်ပေးရင်တော့ ရလိမ့်မယ်။ ရွှေ့ပြောင်းအလုပ်သမားတွေဆိုလို့ရှိရင်လည်း ဒီနေရာမှာ ၆ လ နေတာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ထောက်ခံတယ်ဆိုလို့ရှိရင် မဲပေးခွင့်ပေးရမယ်။ ကျန်တဲ့ဟာတွေ ကြည့်နေလို့ မရတော့ဘူး။ ကျနော်တို့က အခု ဒီဟာတွေအပေါ်မှာပဲ ကြောင့်ကျမှုရှိတာပဲဗျာ။ အဲဒီတော့ ဒီမဲစာရင်းတခုကိုကြည့်ပြီးတော့ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလားဆိုရင်တော့ အဲဒီဟာ ပြောရင်တော့ သိပ်ပြီးတော့ တရားမျှတတယ် မထင်သေးဘူးပေါ့။”

ရွေးကောက်ပွဲပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးမှုလုပ်ငန်းစဉ်တွေကိုလည်း NLD ရဲ့ဗဟိုအလုပ်အမှုဆောင်လမ်းညွှန်ချက်နဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောလိုက်ပါတယ်ရှင်။

XS
SM
MD
LG