သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဒီမိုကရေစီရေးကြိုးပမ်းမှု ပုပ်ရဟန်းမင်းကြီးထောက်ခံ


ပုပ်ရဟန်းမင်းကြီး Francis ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗာတီကန်ကျောင်းတော်မှာ သွားရောက်တွေ့ဆုံစဉ်။ (အောက်တိုဘာ ၂၈၊ ၂၀၁၃)
ပုပ်ရဟန်းမင်းကြီး Francis ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗာတီကန်ကျောင်းတော်မှာ သွားရောက်တွေ့ဆုံစဉ်။ (အောက်တိုဘာ ၂၈၊ ၂၀၁၃)
အီတလီနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ တနင်္လာနေ့တုန်းကတော့ ဗာတီကန် ဘုရားကျောင်းတော်မှာ ပုပ်ရဟန်းမင်းကြီး Francis ကို သွားရောက် တွေ့ဆုံခဲ့ ပါတယ်။ အမုန်းတရားတွေ၊ အကြောက်တရားတွေဟာ လူသားတို့ရဲ့တန်ဖိုးနဲ့ နေထိုင်မှုဘဝတွေကို ယုတ်ကျစေတယ် ဆိုတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ပြောဆိုချက် ဟာ သူနဲ့ တသဘောတည်း ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်းဖြစ်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုတွေဟာ အကြောက်တရား လွန်ကဲ မှုကြောင့် ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အီတလီနိုင်ငံ ခရီးစဉ်အတွင်း မနေ့ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်း စုကြည် ပြောဆိုခဲ့တာတွေကို ကိုသားညွန့်ဦးက အနှစ်ချုပ် တင်ဆက်ပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်မှုတွေအပေါ် ကမ္ဘာ့ရိုမန်ကတ်သလစ် ဘာသာဝင်တို့ရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး Francis က စာနာ ထောက်ခံမှုပေးခဲ့တယ်လို့ ဗာတီကန် ပြန်ကြားရေးဌာန ညွန်ကြားရေးမှူး ဘုန်းတော်ကြီး Federico Lombardi က ပုပ်ရဟန်းမင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံအပြီးမှာ သတင်းထုတ်ပြန်ပါတယ်။ ပုပ်ရဟန်းမင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြားမှာ အလွန့်ကို ညီမျှတဲ့ သဘောထားရှိတယ်လို့ Father Federico Lombardi က ပြောပါတယ်။

သူတို့နှစ်ဦး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြတဲ့အထဲမှာ ဘာသာတရား အချင်းချင်းကြား ဆွေးနွေးတာတွေ၊ အပြန်အလှန်ဆက်စပ် တွေ့ဆုံကြဖို့ ကိစ္စတွေလည်း ပါဝင်ပါတယ်။ ဒီနောက်ပိုင်း ရောမမြို့မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာတော့ မနေ့က မနက်ပိုင်း ပုပ်ရဟန်မင်းကြီးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ သူနဲ့ တ သဘောတည်း ရှိခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောပါတယ်။

“ဒီကနေ့မနက် ပုပ်ရဟန်းမင်းကြီး မိန့်သွားတဲ့အချက်ကို ကျမ သိပ်ကို သဘောတူ ပါတယ်။ အမုန်းတရားနဲ့ အကြောက်တရားလို လူ့စိတ်ခံစားချက်တွေဟာ ဘဝမှာ စိတ်ဆင်းရဲမှုကို ဖြစ်စေတယ်ဆိုတဲ့ အချက်ပါ။ လူ့ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေတာ ဖြစ်ပါတယ်။ မေတ္တာနဲ့နားလည်သည်းခံမှုလို အပြုသဘော ဆောင်တဲ့ စိတ်ခံစားချက်တွေအပေါ် ကျမတို့ တည်ဆောက်ယူဖို့ လိုအပ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီး ဖန်တီးနိုင်ရေးအတွက် ကျမတို့ အတူတကွ လက်တွဲဆောင်ရွက်လိုတဲ့ စိတ်ဆန္ဒနဲ့ သံန္နိဌာန်ခိုင်မာမှု ရှိဖို့ လိုအပ်ပါတယ်။”

သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ အခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံတွင်း ဖြစ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အခြေခံ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက်တွေ မေးမြန်းခဲ့ကြ ပါတယ်။ အကြမ်းဖက်မှု အမုန်းတရားတွေနဲ့ပတ်သက်လို့ သူ့အနေနဲ့ ရှုတ်ချပေမယ့်လို့ အကြောက်တရား လွန်ကဲပြီးဖြစ်ကြတာကြောင့် လူတွေကိုတော့ သူ အပြစ် မပြောလိုဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားပါတယ်။

“အကြမ်းဖက်မှုနဲ့ အမုန်းတရားမှန်သမျှကို ကျမ ပြစ်တင်ရှုတ်ချပါတယ်။ ဒီနေရာမှာ ကျမအနေနဲ့ ရှင်းရှင်း ပြောလိုတာက မြန်မာနိုင်ငံမှာ အခု ဖြစ်ပျက်နေတာတွေဟာ အကြောက်တရားကြောင့်မို့လို့ လူတွေကို ကျမ ပြစ်တင်ရှုတ်ချခြင်း မပြုလိုပါဘူး။ လူ့အဖွဲ့အစည်းတွေမှာ တဘက်နဲ့တဘက် ကြောက်နေကြတာဖြစ်ပြီး ဒီအကြောက်တရားကတဆင့် လူတိုင်းဟာ ပြစ်တင် ရှုတ်ချမှုအပေါ်မှာ ဝိုင်းအာရုံစိုက်နေကြမယ်ဆိုရင် ဒီအကြောက်တရားဟာ ပျောက်သွားမှာ မဟုတ်ပါဘူး။

"ကျမတို့ ဖန်တီးပေးရမယ့်အခြေအနေကတော့ လူတွေဟာ တစ်ဦးနဲ့တစ်ဦး စကားပြောကြရမယ်။ ကိုယ့်လုံခြုံရေးအတွက် ကိုယ် စိတ်ချရမယ့်အခြေအနေ ရှိကြရဖို့ ဖြစ်ပါတယ်။ လူတိုင်းက အမုန်းတရားပွားဖို့ ကြိုးစားနေကြမယ်၊ အကြောက်တရားကြောင့် ဝိုင်း ပြစ်တင် ရှုတ်ချကြမယ်ဆိုရင် ကျမတို့အားလုံး အတွက် အခြေအနေဟာ ဘယ်လိုမှ ကောင်းလာမှာမဟုတ်ပါဘူး။ ကျမအနေနဲ့ ဘယ်သူ့ကိုမှ ပြစ်တင်ရှုတ်ချခြင်း မပြုလိုပါဘူးလို့ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်လုပ်ရပ်အားလုံးကိုတော့ ပြစ်တင်ရှုတ်ချတယ်ဆိုတာ ကျမ ရှင်းရှင်းပဲ ပြောခဲ့ပါတယ်။

"မုန်းတီးမှု အားလုံးကို ကျမ ရှုတ်ချပါတယ်။ ကျမတို့နိုင်ငံအတွင်း နေထိုင်လျက် ရှိကြတဲ့ လူတွေ၊ လူမျိုးတွေကြား စိတ်ဝမ်းကွဲစေတဲ့ လုပ်ရပ်အားလုံးကိုလည်း ကျမ ပြစ်တင်ရှုတ်ချပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ မြန်မာနိုင်ငံတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခြေအနေတွေကိုလည်း အဓိကထား ရှင်းလင်းသွားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီတိုင်းပြည် ဖြစ်လာဖို့ဆိုရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို မဖြစ်မနေ ဆောင်ရွက်သွားရမယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောခဲ့ပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘူးဆိုရင် ဒီမိုကရေစီအခွင့်အရေးရဖို့ ဘယ်လိုမှ အာမခံချက်တွေ ရရှိမှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံကို မပြင်ဘူးဆိုရင် စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးမှာ အခွင့်ထူးခံအဆင့်မှာ ဆက်ရှိနေမှာ ဖြစ်တဲ့ အတွက် နိုင်ငံ့ရဲ့တခြားကဏ္ဍတွေမှာလည်း အလားတူ အခွင့်ထူးခံနေရာမှာ ဆက်ရှိနေမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ နိုင်ငံရေးလောကမှာသာမက စီးပွားရေးမှာရော၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးမှာရော စစ်တပ်က ဆက်ပြီးတော့ နေရာယူသွားမယ့် သဘောဖြစ်ပါတယ်။”

လက်ရှိ ဖွဲ့စည်းပုံမှာ သားသမီး နိုင်ငံခြားသားဖြစ်သူတွေ သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရှိတာကြောင့် ဒီ ဖွဲ့စည်းပုံအတိုင်းသာဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ အဖြစ် ဝင်ရွေးခံဖို့ မဖြစ်နိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီ ဖွဲ့စည်းပုံအတွင်းမှာ သူ့ကို တမင်တကာ အခုလို ကန့်သတ်ထားတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံပြင်ရေးကိစ္စဟာ သူ သမ္မတ ဝင်ရွေးခံနိုင်ရဖို့ထက် တကယ့် ဒီမိုကရေစီကျတဲ့ ဖွဲ့စည်းပုံတရပ် ဖြစ်လာဖို့ ရည်စူးတာပါလို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ကျမအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ရတာက ကျမမိသားစုကို အကြောင်းပြပြီး ကျမသမ္မတ မဖြစ်ရလေအောင် ရေးဆွဲထားတဲ့အတွက်ကြောင့် မဟုတ်ပါဘူး။ ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေမဆို လူတစ်ဦး တစ်ယောက်ကို ရည်ရွယ်ပြီး ရေးဆွဲထားတယ်ဆိုရင် မသင့်လျော်ဘူးဆိုတဲ့ အချက်ကြောင့်ပါပဲ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ အဲဒီအပိုဒ်ဟာ ကျမကိုဦးတည်ပြီး ရေးဆွဲထားတယ် ဆိုတာကတော့ တကယ့်ကို ရှင်းပါတယ်။ ဘယ်ဖွဲ့စည်းပုံမဆို အထူးသဖြင့် ဒီမိုကရေစီ နည်းကျတဲ့ဖွဲ့စည်းပုံဆိုရင် ဒီလိုနည်းနဲ့ ရေးဆွဲဖို့ မသင့်ပါဘူး။ ဒီအချက်ကြောင့် ကျမတို့က အဲဒီအပိုဒ်ကို ကန့်ကွက်ကြတာ ဖြစ်ပါတယ်။ ကျမနဲ့ပဲ ပတ်သက်နေလို့ မဟုတ်ပါဘူး။ အခြေခံအားဖြင့် ဒီမိုကရေစီနည်းမကျတဲ့ အနေအထားကြောင့် ကန့်ကွက်ရတာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့တုန်းကတော့ သတင်းစာရှင်းလင်းပွဲကို အီတလီ နိုင်ငံခြားရေးဝန်ကြီး Emma Bonino နဲ့အတူ ပြုလုပ်ခဲ့တာဖြစ်ပြီး အီတလီ ဝန်ကြီးချုပ် Enrico Letta သမ္မတ Giogio Napolitano တို့နဲ့ လည်း မနေ့က သီးသန့် တွေ့ဆုံခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီရေးအတွက် အီတလီ အနေနဲ့ အင်တိုက်အားတိုက် ကူညီဆောင်ရွက်သွားပါမယ်လို့ အီတလီ ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို ကတိပြု ပြောဆိုခဲ့ပါတယ်။ မနေ့ညပိုင်းမှာတော့ အီတလီလွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လည်း တွေ့ခဲ့ပါတယ်။
XS
SM
MD
LG