သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဖွံ့ဖြိုးရေးကူညီဖို့ ဥရောပကို ဒေါ်စုပန်ကြား


မြန်မာနိုင်ငံတွင်း စီးပွားရေး ဖံ့ွဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက်အဦးတွေ တိုးတက်ကောင်းမွန်လာရေး အကူအညီပေးကြဖို့ ဥရောပနိုင်ငံတွေကို ရောက်
နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာကို ဖိတ်ခေါ်ခဲ့ပါတယ်။ တချိန်တည်းမှာတော့ EU ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေကို ထဲထဲဝင်ဝင် လေ့လာစောင့်ကြည့်ပြီး အကူအညီပေးဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက် ဝင်မလာသေးတာဟာ
မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေအပေါ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ်ချက်ကြောင့် ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ဥရောပ ပါလီမန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ
ပြောသွားပါတယ်။

ဒီအတွက် နိုင်ငံရေးအခြေအနေ တိုးတက်ကောင်းမွန်လာဖို့ လိုသလို၊ စီးပွားရေး အခြေခံအဆောက်အဦးတွေ ကောင်းမွန် တိုးတက်လာဖို့အတွက် နိုင်ငံတကာ အကူအညီတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ဖိတ်ခေါ်ခဲ့ပါတယ်။

“တကယ်တမ်းပြောရရင် အစိုးရက မျှော်လင့်ထားသလောက် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာသေးပါဘူး။ ရင်းနှီးမြှုပ်နှံဖို့ သင့် မသင့် ချိန်ဆနေသူတွေဟာ စနစ်ရဲ့ အားနည်းချက်တွေကို မြင်ကြလို့ပါ။ ဥပမာဆိုရရင် တရားဥပဒေစိုးမိုးရေး အာမခံချက် မရှိပါဘူး။ ရင်းနှီးမြှုပ်နှံဖို့အတွက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေနဲ့ ဥပဒေတွေအပေါ်မှာ သူတို့အနေနဲ့ လုံလုံလောက်လောက် ယုံကြည်မှု မရှိကြသေးပါဘူး။ နောက်ပြီးတော့ စီးပွားရေးအတွက် အခြေခံ အဆောက်အဦးတွေလည်း မရှိသေးပါဘူး။ ဒါဟာ ကျမတို့လူထုအတွက် တကယ့်ကို လိုအပ်ချက်ပါ။ ဒါကြောင့် ကျမတို့နိုင်ငံရဲ့ အခြေခံ အဆောက်အဦးတွေ တိုးတက် ကောင်းမွန်လာဖို့ အကူအညီမျိုးတွေကို ကြိုဆိုပါတယ်။”

သူ့အနေနဲ့တော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ဖြစ်စေဖို့ လိုလားတယ်လို့လည်း ပြောခဲ့ပါတယ်။ တချိန်တည်းမှာ မြန်မာပြည်သူတွေရဲ့ လိုအပ်ချက် အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ နိမ့်ပါးနေတဲ့ အခြေအနေကိုလည်း ပြောခဲ့ပြီး၊ လတ်တလော မြန်မာလူထုအတွက် အရေးအကြီးဆုံးကတော့ အလုပ်အကိုင်သစ်တွေ ဖန်တီးနိုင်ရေး ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ နိုင်ငံမှာ အလုပ်လက်မဲ့နှုန်းကလည်း အင်မတန် ကြီးပါတယ်။ အထူးသဖြင့်တော့ လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်ကြတဲ့ကိစ္စပါ။ အခုလို လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်ကြတာဟာ ပေါက်ကွဲနိုင်တဲ့ ချိန်ကိုက်ဗုံး တလုံးလိုပါပဲ။ အလုပ်မရှိတဲ့ လူငယ်တွေအဖို့ အနာဂတ်အတွက် မျှော်လင့်ချက် ကင်းမဲ့နေပါတယ်။ ဒါဟာ ပြဿနာရပ် အတော်များများကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ လိုပါတယ်။ ဒီဥရောပက လူငယ်တွေအတွက်ဆိုရင် ရေကောင်းရတယ်၊ လမ်းတွေရှိတယ်၊ လျှပ်စစ်မီးရတယ်၊ ကောင်းမွန်တဲ့ ပညာရေးစနစ်ရှိတယ်။ ကျမတို့ လူထုက ဒါတွေလိုချင်တာပါ။ သူတို့အားလုံး တညီတည်းပြောတာတခုကတော့ အရင်ဆုံး အလုပ်အကိုင် လိုချင်တာပါ။ ဒါဟာ အရေးကြီးဆုံးပါ။ အလုပ်အကိုင် ရှိခြင်းဟာ ကိုယ် ရပ်တည်နေထိုင်ဖို့တင် မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကို တန်ဖိုးထား လေးစားမှုလည်း ဖြစ်စေပါတယ်။”

နိုင်ငံရေးနဲ့ ပတ်သက်လို့ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ အရေးကြီးပြီး၊ ဒီအတွက် နိုင်ငံတကာ အနေနဲ့လည်း တတ်နိုင်သလောက် ကူညီကြဖို့ ဖိတ်ခေါ်ပါတယ်။ ငြိမ်းချမ်းမှု မရှိဘဲနဲ့ ကောင်းမွန်တဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်မလာနိုင်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

EU ဥရောပသမဂ္ဂအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို အပေါ်ယံမဟုတ်ဘဲ ထဲထဲဝင်ဝင်ကြည့်ပြီး အကူအညီ ပေးစေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့ပါတယ်။

“EU ဥရောပသမဂ္ဂအနေနဲ့ သူမှာရှိတဲ့ သြဇာ သူ့ရဲ့အာဏာတွေကို မြန်မာ့ဒီမိုကရေစီရေးအတွက် အကူအညီပေး အသုံးချစေလိုပါတယ်။ ကျမ တလျှောက်လုံး ပြောလာတာကတော့ အခြေအနေတွေကို အပေါ်ယံမဟုတ်ဘဲ ထဲထဲဝင်ဝင် ကြည့်စေချင်ပါတယ်။ အပေါ်ယံ အပြောင်းအလဲမျိုးတွေနဲ့ မလုံလောက်ပါဘူး။ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မတ်မတ် ရပ်တည်နိုင်မယ့် စစ်မှန်တဲ့ ပြောင်းလဲမှုမျိုးတွေလိုချင်ပါတယ်။”

လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီးတဲ့အကြောင်းကိုလည်း ထပ်ပြောခဲ့သလို၊ သူ့အနေနဲ့ကတော့ ဒီမိုကရေစီလမ်းကြောင်းကို ထိခိုက်စေတဲ့ ဖွဲ့စည်းပုံပါ အားနည်းချက်တွေကိုမပြင်ဘဲ၊ အပေါ်ယံ အပြောင်းအလဲ လုပ်ပြတာမျိုးတွေကိုတော့ မလိုလားဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေးပိုင်းမှာတော့ အိမ်နီးချင်း နိုင်ငံတွေကိုရော အနောက်နိုင်ငံတွေကိုပါ မိတ်ဆွေကောင်းအဖြစ် ဆက်ဆံခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အစဉ်အလာ နိုင်ငံခြားရေးမူဝါဒကို အနာဂတ်မှာလည်း ဆက်သွားလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ဟာ ၁၉၅၀ ကာလလောက်ကတည်းက တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံဟာ ဒီမိုကရေစီ တိုင်းပြည်ဖြစ်ပေမဲ့၊ ကွန်မြူနစ်တရုတ်အစိုးရကို ပထမဆုံး အသိအမှတ် ပြုခဲ့တဲ့နိုင်ငံပါ။ အဲဒီအချိန်ကတည်းက မြန်မာနိုင်ငံဟာ တကယ့်ကို တောင့်တင်းခိုင်မာတဲ့ နိုင်ငံခြားရေး မူဝါဒရှိခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အဲဒီအချိန်ကာလမှာ တရုတ်ကွန်မြူနစ်အစိုးရကို အသိအမှတ်ပြုသလိုပဲ၊ အမေရိကန် ဗြိတိန်စတဲ့ အနောက်နိုင်ငံတွေနဲ့လည်း မိတ်ဆွေကောင်း ဖြစ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံနဲ့လည်း မိတ်ဆွေနိုင်ငံ ဖြစ်ခဲ့ပါတယ်။ တချိန်တည်းမှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းကိုလည်း ထိန်းထားနိုင်ခဲ့ပါတယ်။ ဒီ မူဝါဒမျိုးကိုနဲ့ ရှေ့အနာဂတ် ဆက်သွားလိုပါတယ်။ တရုတ်နိုင်ငံအပြင် အခြားအိမ်နီးချင်းနိုင်ငံတွေနဲ့လည်း မိတ်ဆွေကောင်းဆက်ဆံရေးထားလိုပါတယ်။ ဒါ့အပြင် မြန်မာ့ဒီမိုကရေစီရေးကို အားပေးထောက်ခံတဲ့ အနောက်မိတ်ဆွေ နိုင်ငံတွေနဲ့လည်း ဆက်ဆံရေးကောင်း ထားလိုပါတယ်။”

မနေ့တုန်းကလုပ်တဲ့ အဲဒီသတင်းစာရှင်းလင်းပွဲမှာတော့ ဥရောပပါလီမန်ရဲ့ ၁၉၉၀ Sakharov ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဥရောပပါလီမန် ဥက္ကဌ Martin Schulz လည်း အတူ ပါဝင်ပေမဲ့၊ သတင်းထောက်တွေ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ဦးတည်မေးခဲ့တာမို့ ဒေါ်အောင်ဆန်းစုကြည်ကပဲ အဓိက ဖြေကြားသွားပါတယ်။

ဥရောပပါလီမန်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကို အပြည့်အ၀ ထောက်ခံခဲ့သလို၊ ဆက်ပြီး ထောက်ခံသွားမှာဖြစ်တယ်။ ဒါပေမဲ့ အခြေအနေ တိုးတက်မှုတွေကိုတော့ သတိထားပြီး စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ဥရောပပါလီမန်ဥက္ကဌ Martin Schulz က အဲဒီ သတင်းစာရှင်းလင်းပွဲမှာပဲ ပြောခဲ့ပါတယ်။
XS
SM
MD
LG