သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပွင့်လင်းမြင်သာတဲ့ အစိုးရဖြစ်ရေး ဒေါ်အောင်ဆန်းစုကြည် ကတိပေး


ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ- NLD)
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ- NLD)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ပြည်သူတွေ နှစ်ပေါင်းများစွာရင်ဆိုင်နေရတဲ့ ဆင်းရဲမွဲတေမှုကနေ ချက်ချင်းလွတ်မြောက်ဖို့ အာမမခံနိုင်ပေမယ့် ပွင့်လင်းမြင်သာတဲ့ အစိုးရတရပ်ဖြစ်ရေးကိုတော့ အာမခံနိုင်တယ်လို့ ကချင်ပြည်နယ်ကို စည်းရုံးရေးရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဆင်းရဲမွဲတေမှု လွတ်မြောက်ဖို့ အစိုးရတရပ်အနေနဲ့ စီမံကိန်းတွေမှာ အဂတိ လိုက်စားမှုကင်းရှင်းပြီး ပွင့်လင်းမြင်သာဖို့၊ နောက် ပညာရေး အဆင့်အတန်းကို မြှင့်တင်ဖို့ အရေးကြီးတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ ကချင်ပြည်နယ် စည်းရုံးရေး ခရီးစဉ် အတွင်းမှာတော့ ငြိမ်းချမ်းရေး ၊ မြစ်ဆုံ စီမံကိန်းတို့ အပေါ် ထောက်ခံသူတွေရဲ့ မေးခွန်းတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အခု လာမယ့် လွှတ်တော် ရွေးကောက်ပွဲတွေမှာ အမတ်နေရာ အများစုအနိုင်ရပြီး အစိုးရ ဖွဲ့လာနိုင်ခဲ့ရင် လည်း ပြည်သူတွေ နှစ်ပေါင်းများစွာခံစားနေကြရတဲ့ ဆင်းရဲမွဲတေမှုကို ချက်ချင်းလက်ငင်း ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးလို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ကချင်ပြည်နယ် ဗန်းမော်မြို့က ထောင်နဲ့ချီတဲ့ ထောက်ခံသူတွေကို ပြောဆိုခဲ့ပါတယ်။

“ပြည်သူကနေပြီးတော့ ထိန်းချုပ်နိုင်တဲ့၊ ထိန်းချုပ်ထားနိုင်မယ့် အစိုးရက လုပ်ပေးနိုင်မှာပါ။ ပြောလို့ရတာက ပြည်သူတွေအတွက် အလုပ်မလုပ်ဘူးဆိုရင် အဲဒီအစိုးရက လွယ်လွယ်ကူကူနဲ့ ဖြုတ်ချလို့ရပါတယ်။ အဲဒါကတော့ ရွေးကောက်ပွဲမျိုးပေါ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၅ နှစ်ပေးလိုက်တဲ့သဘော။ ၅ နှစ်တော့ပြည့်ပြီ။ ဒီ ၅ နှစ်အတွင်းမှာ ကျနော်တို့ ဘဝတွေပြောင်းလဲဖို့အတွက် ဘာတွေလုပ်ပေးသလဲ ကြည့်ကြစို့ဆိုပြီး ကြည့်တဲ့သဘောပေါ့။ ဒီ ၅ နှစ်အတွင်းမှာ လုံလောက်တဲ့ ပြည်သူတွေကျေနပ်နိုင်လောက်တဲ့ တိုးတက်မှုမရှိဘူးဆိုရင် နောက်ရွေးကောက်ပွဲမှာ၊၅ နှစ်စာလုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေကနေပြီးတော့ အဖွဲ့ချုပ်အစိုးရကို ဖြုတ်ချရုံပဲ။ ပြည်သူကမလိုလားလို့ရှိရင် တွယ်ကပ်နေမယ့်အစိုးရမဟုတ်ပါဘူးလို့ ကျမက ပြောချင်ပါတယ်။”

ကချင်ပြည်နယ်တွင်းက စစ်ရှောင် ဒုက္ခသည်တွေအရေးနဲ့ သစ်တောသယံဇာတ ထုတ်ယူတဲ့အခြေအနေတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းကို နိုင်ငံခြားသားတွေ အများအပြားဝင်ရောက်လာမှုမှာ ဒေါ်အောင်ဆန်းစုကြည်မှာတာဝန်ရှိပါသလားဆိုတဲ့ ထောက်ခံသူတစ်ဦးရဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားသွားပါတယ်။

“အရှင်ဘုရား၊ တပြည့်တော်မသာ ဒီလောက်တောင်မှ သြဇာတွေ အင်အားတွေကြီးနေရင် ဒီနိုင်ငံ ဒီလို မဆင်းရဲနိုင်ပါဘူးလို့ပြောချင်ပါတယ်။ အဲဒီလို ကိစ္စမျိုးလုပ်နိုင်တဲ့ အင်အားနဲ့ သြဇာလည်း တပြည့်တော်မမှာလည်း လုံးဝ မရှိပါဘူး။ ရှိလည်းမရှိခဲ့ပါဘူး။ အဲဒီလိုသြဇာရှင်တွေနဲ့ အဲဒီလိုပုံစံနဲ့ မသုံးပါဘူးလို့ တပြည့်တော်မ ရဲရဲကြီး ကတိပေးပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်အတွင်းမှာတော့ ကချင်ပြည်သူအများစုက ငြိမ်းချမ်းရေးနဲ့ အရင် စစ်အစိုးရလက်ထက် တရုတ်တို့နဲ့ သဘောတူထားတဲ့ ဧရာဝတီ မြစ်ဆုံရေကာတာ တည်ဆောက်ရေးလုပ်ငန်းတို့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒတွေအပေါ် မေးခွန်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ NLD ရဲ့ မြစ်ကြီးနား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအင်ထုံးခါးနော်ဆန် က အခုလို ပြောပါတယ်။

“အကယ်၍များ NLD အစိုးရဖြစ်လာရင် ငြိမ်းချမ်းရေးကိစ္စနဲ့ ဘယ်လိုဆောင်ရွက်ပေးမလဲ ဆိုတဲ့ဟာ မေးခွန်းမေးကြပါတယ်။ နောက်ပြီး မြစ်ဆုံ ရေကာတာနဲ့ ပက်သက်ပြီးမှ ဘယ်လိုလုပ်မလဲဆိုတာရော မေးကြပါတယ်။ အခုလောလောဆယ် ဒီဘက်ပိုင်း ဘာသာရေးကိစ္စနဲ့ ပက်သက်ပြီးမှ ဘာစိုးရိမ်စိတ်တော့မရှိပါဘူး။ ဥပမာ ဗုဒ္ဓဘာသာတွေကလည်း ဒီခရစ်ယာန်တွေနဲ့ ဘာဖြစ်တယ်။ ညာဖြစ်တယ်ဆိုတာ ဘယ်သူမှလည်း ဘာမှ မပြောသလို ခရစ်ယာန်တွေ ဘက်ကလည်း ဗုဒ္ဓဘာသာအပေါ်မှာ ဘယ်လိုမှ မမြင်ကြပါဘူး။ ဘာသာရေးအရတော့ မြစ်ကြီးနားအတိုင်းအတာကတော့ ကျနော်တို့ဘာမှ မဖြစ်ပါဘူး။”

NLD အနိုင်ရပြီး အစိုးရဖွဲ့နိုင်တဲ့အခါ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို အဓိကထားဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြား ခဲ့ပေမယ့် ဘယ်လိုပုံစံမျိုး ဆောင်ရွက်သွားမလဲဆိုတာကိုတော့ မဖြေကြားခဲ့ပါဘူး။ ကချင်ပြည်သူတွေကြား အကြီးအကျယ် စိုးရိမ်နေကြတဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်းအရေးကိုလည်း အရင်စစ်အစိုးရနဲ့ တရုတ်တို့ကြား မြစ်ဆုံရေကာတာအရေး ဘယ်လို စာချုပ် ချုပ်ဆိုထားလဲ ဆိုတာကိုသိရှိ မထားတာကြောင့် ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ရှေ့ဆက် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကို မသိရှိသေးကြောင်းနဲ့ အစိုးရဖွဲ့နိုင်ခဲ့ရင်တော့ စစ်အစိုးရနဲ့ တရုတ်တို့ကြား မြစ်ဆုံရေကာတာ စီမံကိန်းကို ဘယ်လို သဘောတူဆောင်ရွက်ထားသလဲ ဆိုတာကို ပြည်သူကို အရင်ဆုံးတင်ပြသွားမှာ ဖြစ်တယ်လို့သာ ပြောဆိုခဲ့ပါတယ်။ အရင် စစ်အစိုးရလက်ထက်တုန်းက တရုတ်နဲ့ သဘောတူစာချုပ် ချုပ်ဆိုထားတဲ့ မြစ်ဆုံရေကာတာအရေး ဆန့်ကျင်ကန့်ကွက်မှုတွေ ကြုံခဲ့ရပြီးနောက်မှာတော့ အခု လက်ရှိ သမ္မတဦးသိန်းစိန်က မြစ်ဆုံရေကာတာ တည်ဆောက်ရေးလုပ်ငန်းကို သူ့သမ္မတသက်တမ်းမှာ ခေတ္တဆိုင်းငံ့ ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နဲ့ မြန်မာ စစ်အစိုးရအာဏာပိုင်တို့ကြားမှာ ဘယ်လိုပုံစံမျိုး သဘောတူထားလဲ ဆိုတာကိုတော့ အများပြည်သူကို တင်ပြထားတာမျိုး မရှိသေးပါဘူးရှင်။

XS
SM
MD
LG