သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် Willy Brandt ဆု လက်ခံရယူ


ဒေါ်အောင်ဆန်းစုကြည် Willy Brandt ဆုကို လက်ခံရယူ။
ဒေါ်အောင်ဆန်းစုကြည် Willy Brandt ဆုကို လက်ခံရယူ။
ဂျာမနီနိုင်ငံမှာရောက်ရှိနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သောကြာနေ့မှာတော့ ဂျာမနီနိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင် ဆုတခုဖြစ်တဲ့ နိုင်ငံတကာ Willy Brandt ဆုကို လက်ခံရယူခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်ခဲ့တဲ့ အတွက် ပေးအပ်တဲ့ ဒီဆုပေးပွဲ အခမ်းအနားမှာ လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပြုပြင်သင့်တဲ့ အချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က အလေးပေး ပြောဆိုသွားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက ဆက်ပြောပြပေးပါ။

ဂျာမနီနိုင်ငံကို ၄ ရက်ကြာခရီးရောက်ရှိနေတဲ့ NLD ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ သောကြာနေ့က ဂျာမနီနိုင်ငံ ကနေ ပေးအပ်တဲ့ ၂၀၁၄ ခုနှစ်အတွက် နိုင်ငံတကာ Willy Brandt ဆုကို လက်ခံရယူရင်း - လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပြုပြင်ဖို့ လိုအပ်နေတဲ့ ကိစ္စတွေကို အခုလို အဓိကထား ပြောဆိုသွားခဲ့ပါတယ်။

"မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မထွန်းကားသေးပါဘူး။ ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ အခွင့်အရေးတော့ ရနေပါပြီ။ ဒါပေမဲ့လည်း အခုထိတော့ မတည်ထောင်ရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျမတို့မှာ အခွင့်အရေး ရနေပြီ။ ရွေးချယ်ခွင့်လည်း ရှိနေပြီဖြစ်တဲ့အတွက် ဒီအချိန်က ကျမတို့အတွက် အရမ်းကို အကဲဆတ်ပြီး ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့အတွက် အရမ်းကို အန္တရာယ်များတဲ့ ကာလတခုဖြစ်ပါတယ်။ ပြီးတော့လည်း စစ်အစိုးရက ရေးဆွဲ ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာကြည့်မယ်ဆိုရင် ဒီမိုကရေစီနဲ့ မကိုက်ညီဘူး - စစ်တပ်ကိုလည်း အထူး အခွင့်အရေး ပေးထားတယ် ဆိုတာ သတိထားမိကြပါလိမ့်မယ်။ ဒီနေ့ဒီအချိန် ကျမတို့ ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်ချက်ကတော့ - လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စံနှုန်းတွေ အပြည့်အဝရှိတဲ့ နိုင်ငံ တခုဖြစ်လာအောင် ဆိုရင် ဒီဖွဲ့စည်းပုံကို ပြင်ဆင်မှ ရမယ်ဆိုတာပဲ ဖြစ်ပါတယ်။"

ဆုပေးပွဲအခမ်းအနားကိုတော့ ဘာလင်မြို့က SPD ပါတီ ရုံးချုပ်ရှိရာ Willy Brandt House မှာ ကျင်းပခဲ့ပြီး - ပါလီမန်အမတ်တွေ၊ သံတမန်တွေ၊ SPD ပါတီရဲ့ခေါင်းဆောင် လက်ရှိ ဂျာမနီ ဒုဝန်ကြီးချုပ်လည်း တက်ရောက်ခဲ့သလို၊ ဂျာမနီရောက် မြန်မာမိသားစုတွေလည်း တော်တော်များများ တက်ရောက်ခဲ့ကြတာပါ။

ဆုရွေးချယ်ရေးအဖွဲ့ကတော့ ၂၀၁၄ ခုနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည် ကို ရွေးချယ်ခဲ့တဲ့ဟာ စစ်အာဏာရှင် အစိုးရလက်အောက်ကနေ လွတ်မြောက်ရေး နဲ့ လူ့အခွင့်အရေး အပြည့်အဝရှိတဲ့ ဒီမိုကရေစီ နိုင်ငံ တခု ဖြစ်လာအောင် သူ့ရဲ့ ကြိုးပမ်းမှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဆုနာမည် ကိုတော့ ကွယ်လွန်သူ အနောက် ဂျာမနီ ဝန်ကြီးချုပ်ဟောင်း Willy Brandt ကို ဂုဏ်ပြု ပြီး ပေးထားတာပါ။ ဒီဆုပေးပွဲ အခမ်းအနားမှာ Willy Brandt ဆု ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌမစ္စတာ အေးဂွန်ဘား က - သူတို့အဖွဲ့ရဲ့ စည်းမျဉ်းနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့တဲ့အကြောင်း - ဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဂျာမနီရောက် မြန်မာ့အရေး လှုပ်ရှားသူ ကိုအောင်သူ က ပြောပြပါတယ်။

"ဒီမိုကရေစီရေးကို တိုက်ပွဲဝင်တဲ့သူတွေ၊ အကြမ်းမဖက်တဲ့ နည်းနဲ့ တိုက်ပွဲဝင်တဲ့ သူတွေ၊ အာဏာရှင်ကို တော်လှန်တဲ့သူတွေအတွက်ကို အဓိက ထား ရွေးချယ်တဲ့ ပွဲဖြစ်ပါတယ်။ အဲ့ဒီ့မှာ ထူးခြားတာက Willy Brandt ကိုယ်တိုင်က နိုဘယ်လ် ဆုရှင် တစ်ယောက်ပါ။ အဲ့တော့ နိုဘယ်လ်ဆုရှင် တစ်ယောက်ရဲ့ ဆုပေးတဲ့ အခမ်းအနားမှာ ရွေးချယ်ရေး ဥက္ကဋ္ဌ တစ်ယောက် အနေနဲ့ ထိုက်တန်တဲ့ နိုဘယ်လ် ဆုရှင် တစ်ယောက်ကို ထပ်ပေးရတဲ့ဟာကတော့ သုံးဆုမြောက် သမိုင်းမှာ အထူးခြားဆုံး ဆုပေးပွဲလို့ သူက အဲ့သလို ညွှန်းသွားတယ်ဗျ။"

ဆုပေးပွဲ အခမ်းအနား တက်ရောက်ခဲ့တဲ့ မြန်မာ့အရေးလှုပ်ရှားသူ ကိုအောင်သူ ကတော့ - ကမ္ဘာက လေးစားရတဲ့ မြန်မာ့ခေါင်းဆောင်တယောက်ကို အခုလိုမျိုး ဂျာမနီနိုင်ငံရဲ့ အမြင့်ဆုံးသော ဂုဏ်ထူးဆောင် ဆုတခု ပေးအပ်တဲ့ အပေါ် မြန်မာလူမျိုး တယောက်အနေနဲ့ ဂုဏ်ယူမိတဲ့အကြောင်း အခုလို ပြောပါတယ်။

"ဒီကနေ့ ကျနော်တို့ ခေါင်းဆောင်တစ်ယောက်၊ ကျနော်တို့လေးစားတဲ့ လူထုခေါင်းဆောင် တစ်ယောက်က ဂျာမနီကို ရောက်လာပြီးတော့ ဂျာမန် ပါလီမန်ကြီးမှာ စကားပြောတယ်။ ဒီနေ့အခမ်းအနားမျိုးမှာ အမြင့်ဆုံးဆုကို လက်ခံပြီးတော့ ပြောတဲ့အခါကျတော့ ကျျနော်တို့ မြန်မာတွေအနေနဲ့ ဒီမိုကရေစီကို ကြိုးစားနေကြတဲ့ လူတွေအတွက်ကတော့ ငါတို့ ဒီမိုကရေစီ သားတွေရဲ့ နောက်မှာ ထောက်ခံသူတွေ ရှိတဲ့ဆိုတဲ့ဟာကို အတွင်းက ကျနော်တို့ရဲ့ ရဲဘော်တွေကို ပြနိုင်တာပေါ့နော်။ အဲ့ဒီ့ပီတိက ကျနော်တို့ ဘယ်လိုမှ ဖော်ပြလို့မရပါဘူး။"

မြန်မာနိုင်ငံရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တယောက်ဖြစ် တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီအခမ်းအနား မတိုင်ခင်မှာ ဂျာမန် လွှတ်တော်ဥက္ကဋ္ဌရဲ့ ဖိတ်ကြားမှုနဲ့ ဂျာမန်ပါလီမန်ကိုသွားရောက်ခဲ့ပြီး ပါလီမန်အမတ်တွေနဲ့ တွေ့ဆုံခဲ့သလို၊ အဲ့ဒီမှာ မိန့်ခွန်းလည်း ပြောကြားခဲ့ပါတယ်။ မနေ့ကတော့ ဂျာမနီသမ္မတ Joachim Gauck နဲ့ သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့သလို၊ ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့လည်း တွေ့ဆုံခဲ့ပြီး - မြန်မာနိုင်ငံရဲ့ အနာဂတ်ရေးရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဧပြီလ ၁၂ ရက်နေ့မှာတော့ German Press က တာဝန်ယူတဲ့ သတင်းစာ ရှင်းလင်းပွဲ တခု ဒေါ်အောင်ဆန်းစုကြည် ပြုလုပ်ဖို့ရှိပြီး၊ ၁၃ ရက်နေ့မှာတော့ Free University of Berlin မှာ ဂျာမနီရောက် မြန်မာ မိသားစုတွေ နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ဧပြီလ ၁၄ ရက်နေ့ မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ၄ ရက်ကြာ ဂျာမနီခရီးစဉ်ကို အဆုံးသတ်ပြီး ပြင်သစ်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်
XS
SM
MD
LG