သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ၊ ကာချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌ ဒေါ်စုနဲ့တွေ့မည်


 ဒေါ်အောင်ဆန်းစုကြည်၊ ဦးအေးမောင်၊ ဦးခင်ရီ နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဒေါ်အောင်ဆန်းစုကြည်၊ ဦးအေးမောင်၊ ဦးခင်ရီ နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားကို အခြေခံပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ သမ္မတ နဲ့ လွှတ်တော် နာယကတို့နဲ့ တွေ့ဆုံဆွေးနွေးခွင့်ပြုဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်ကြားချက်ကို အားလုံးတို့က လက်ခံလိုက်ပြီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေ အရ အများစု အနိုင်ရနေတဲ့ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ပွဲ ရလဒ်တွေ အပြီးသတ် ကြေညာပြီးချိန်မှာ တွေ့ဆုံဖို့ လက်ရှိ အစိုးရနဲ့ တပ်မတော်၊ လွှတ်တော် အကြီးအကဲတို့ သဘောတူလိုက်တာကြောင့် မကြာခင်မှာ နိုင်ငံရေး ထိပ်သီးတွေရဲ့ ဆွေးနွေးပွဲ ပေါ်ပေါက်လာဖို့လည်း ရှိနေပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

လက်ရှိ ရွေးကောက်ပွဲ ရလဒ်တွေ အရ အများစု အနိုင်ရနေတဲ့ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ဆုံဆွေးနွေးကြဖို့ ကမ်းလှမ်းချက်ကို ကာကွယ်ရေးဦးစီးချုပ်က လက်ခံလိုက်ပါတယ်။

အခု ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အခုထွက်ပေါ်လာတဲ့ ရလဒ်တွေမှာ အများစု အနိုင်ရနေတဲ့ အပေါ် ဂုဏ်ပြုပါတယ်လို့ ပြောဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းတွေ အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ရေး ညှိနှိုင်းဆောင်ရွက်မယ်လို့ ဒီညပိုင်းမှာ ကြေညာချက်ထုတ်ပြီး ပြန်ကြားလိုကတာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ပြည်သူတွေ စိတ်ချမ်းသာဖို့ အတွက် အခု ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ လူထု ဆန္ဒ ရလဒ်တွေကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်ရေး အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ လွှတ်တော် နာယက သူရဦးရွှေမန်းတို့ထံကို စာရေးသားခဲ့တာပါ။ အစိုးရ အဖွဲ့ အကြီးအကဲ သမ္မတ ဦးသိန်းစိန်ကတော့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ကနေ တဆင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကို ပြန်ကြားခဲ့တာမှာတော့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေ အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေး ညှိနှိုင်းဆောင်ရွက်မယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အများစု အနိုင်ရနေတဲ့ အပေါ် ဂုဏ်ပြုပါကြောင်း၊ လက်ရှိ အစိုးရက အာဏာလွှဲပြောင်းရေးကို အေးအေးချမ်းချမ်း ဖြစ်စေဖို့ ဆောင်ရွက်သွားမယ်လို့ ကတိပေးခဲ့သလို ရွေးကောက်ပွဲလွန် ကာလ တည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ကြေညာချက်ထုတ်ခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ပြောခွင့်ရ ဦးဝင်းထိန်ကတော့ အစိုးရ အဖွဲ့ရဲ့ ပြန်ကြားချက်ပေါ်မှာ အခုလို ပြောပါတယ်။

“သူတို့စာထဲမှာတော့ အချက် ၅ ချက်ပါတာပေါ့။ စာကို လက်ခံရရှိကြောင်းရယ်၊ နောက်ပြီးတော့ ရွေးကောက်ပွဲမှာ အောင်နိုင်မှု ရတဲ့ အတွက် ချီးကျူး ဂုဏ်ပြုကြောင်းရယ်၊ နောက်ပြီးတော့မှ အကူးအပြောင်းကာလကို ချောမွေ့စွာ ဖြစ်စေချင်တဲ့ ဆန္ဒရှိတယ်ဆိုတာရယ်၊ နောက်တခုက ဒီလို အပြောင်းအလဲ ကာလတွေနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မယ် ဆိုတာရယ်၊နံပတ် ၄ အချက်ကတော့ တွေ့ဆုံဆွေးနွေးမယ့် ကိစ္စကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းဆောင်တာတွေ ပြီးမှ လုပ်ချင်တဲ့ သဘောပါတဲ့ အဖြေပေါ့။ အဲလိုပြောတဲ့အခါကျတော့ သဘောထားကတော့ အထိုက်အလျောက် ပြေပြစ်တယ်ပေါ့။

မေး။ ။ အစိုးရ မဖွဲ့နိုင်ခင် အာဏာအလွှဲအပြောင်း ကာလ နိုင်ငံတည်ငြိမ်ရေး ပေါ်မှာ ပါတီဘက်က စိုးရိမ်ချက်များရှိနေပါသလား။

ဖြေ။ ။ အာဏာလွှဲပြောင်းရေးကိုမစိုးရိမ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ၁၉၉၀ ခုနှစ် ပြည်တွင်း အခြေအနေက အခု အခြေအနေနဲ့ မတူတော့ဘူး ။ ပြည်သူလူထုက အရမ်းကို နိုးကြားနေပြီ။ နိုင်ငံရေးနိုးကြားနေပြီ။ နောက် နိုင်ငံတကာ အနေအထားကလည်း ၁၉၉၀ နဲ့ အရမ်းကွာတာ။ သို့သော်လည်းပဲ ဒီရွေးကောက်ပွဲ နိုင်တဲ့အတွက်ကြောင့် မို့လို့ ဒီမလိုတဲ့ လူတွေကနေပြီး ပြဿနာရှာနိုင်တဲ့ အနေအထားလေးက ဒါလေးတွေကို သတိထားပြီးတော့ ရှောင်ရှားနိုင်အောင်၊ ကာကွယ်နိုင်အောင် ကြီးတဲ့အမှှုငယ်အောင် အဲဒီသဘောလေးတွေနဲ့ သိရှိဖို့အတွက် နှိုးဆော်နေတာပါ။”

လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းကတော့ ရှေ့ သတင်းပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ဆောင်ရွက်သွားမယ်လို့ ပြန်ကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတဲ့ အခါမှာတော့ အမျိုးသား သင့်မြတ်ရေးကို အခြေခံပြီး အခြားအရေးကိစ္စများရှိပါကလည်း ဆွေးနွေးနိုင်ဖို့ စီစဉ်မယ်လို့လည်း လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး ထိပ်သီး လေးပွင့်ဆိုင် တွေ့ဆုံဖို့ အဆိုပြုမထားသလို အခု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတ ဦးသိန်းစိန်၊ လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းတို့ကလည်း သီးခြားစီ အကြောင်းပြန် ကြေညာချက်ထုတ်ပြန်ခဲ့တာကြောင့် ခေါင်းဆောင် တဦးချင်းစီနဲ့ တွေ့ဆုံမယ့် အလားအလာ ရှိနေပါတယ်။ ဒီကနေ့ လက်ရှိ အစိုးရနဲ့ တပ်မတော် ခေါင်းဆောင်တို့ရဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကို အကြောင်းပြန်ကြတဲ့ အထဲမှာ နိုဝင်ဘာလ ၈ ရက်နေ့က တက်တက်ကြွကြွ မဲပေးခဲ့ကြတဲ့ ပြည်သူလူထုနဲ့ တပ်မတော်သား မိသားစုတွေ မဲပေးခဲ့ကြတဲ့ အပေါ်မှာလည်း ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်ရှင်။

XS
SM
MD
LG