သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ၊ ကာချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ တို့နဲ့ တွေ့ဖို့ ဒေါ်စုပန်ကြား


ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအပြီး လူထုနဲ့တွေ့ဆုံ (နိုဝင်ဘာ ၉၊ ၂၀၁၅)
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအပြီး လူထုနဲ့တွေ့ဆုံ (နိုဝင်ဘာ ၉၊ ၂၀၁၅)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံ ဆွေးနွေးလို တဲ့အတွက် စီစဉ်ပေးဖို့ နိုဝင်ဘာလ ၁၀ ရက်နေ့ ရက်စွဲနဲ့ သီးခြား စာတစောင်စီပေးပို့ပြီး မေတ္တာရပ်ခံထားပါတယ်။

ရွေးကောက်ပွဲကနေတဆင့် ဖော်ထုတ်ခဲ့တဲ့ လူထုဆန္ဒကို တည်ငြိမ်အေးချမ်းမှန်ကန်စွာ အကောင်အထည်ဖော်တာဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ပြည်သူပြည်သားတွေရဲ့ နှလုံးစိတ်ဝမ်းအေးချမ်းရေးအတွက် လွန်စွာမှအရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ပေးပို့တဲ့စာတွေမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားကို အခြေခံပြီး လာမယ့်သီတင်းပတ်အတွင်း အဆင်ပြေတဲ့ အချိန်မှာ လာရောက်တွေ့ဆုံနိုင်ရေး စီစဉ်ပေးပါလို့ သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယကနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ဆီကို ပေးပို့တဲ့ စာတွေမှာ ဖော်ပြထားတာပါ။

ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့စာနဲ့ပတ်သက်လို့ သမ္မတဦးသိန်းစိန်က ပြန်ကြားဖို့ တာဝန်ပေးတဲ့အတွက်ဆိုပြီး ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က NLD ကိုပေးပို့တဲ့စာထဲမှာ တွေ့ဆုံ ဆွေးနွေးရေးနဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေ ပြီးဆုံးချိန်မှာ နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။ NLD ရဲ့ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ထားတဲ့ ဝန်ကြီးဦးရဲထွဋ်ပြန်ကြားတဲ့စာထဲမှာ ဒီနေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ ရလဒ်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်နေရာအများစုနဲ့ ဦးဆောင် အနိုင်ရနေတဲ့အပေါ် ဂုဏ်ပြုပါကြောင်း ဖော်ပြထားပါတယ်။

သူရဦးရွှေမန်းကလည်း သူ့ရဲ့ တရားဝင်ဖေ့ဘုတ်စာမျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့စာ မူရင်းနဲ့အတူ သူ့ရဲ့ အကြောင်းပြန်ကြားချက်ကို ရေးထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လာမယ့်သီတင်းပတ်အတွင်း အဆင်ပြေမယ့်အချိန်မှာ အမျိုး သားသင့်မြတ်ရေးကို အခြေခံပြီ တခြားအရေးကိစ္စတွေရှိပါကလည်း ဆွေးနွေးနိုင်ဖို့ စီစဉ်ဆောင်ရွက်သွားမယ်လို့ သူရဦးရွှေမန်းက ပြောထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က တရားဝင် အကြောင်းပြန်ကြားတယ်ဆိုတာမျိုးတော့ အခုချိန်ထိ မသိရသေးပါဘူး။

XS
SM
MD
LG